မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

စိတ်ဝေဒနာအကြောင်း သိကောင်းစရာ

စိတ်ဝေဒနာအကြောင်း သိကောင်းစရာ

စိတ်ကြွစိတ်ကျရောဂါ၊ ကြောက်စိတ်မွှန် ရောဂါ ရှိပြီလို့ သိလိုက်ရတဲ့ ကလော်ဒီယာက “ကျွန်မ မွန်းကျပ်သလို ခံစားရတယ်။ ဒီစိတ်ပိုင်းဆိုင်ရာရောဂါကြောင့် ရှက်ကြောက်တဲ့စိတ်က မခံမရပ်နိုင်အောင် ဖိစီးလွန်းတယ်” လို့ ပြောတယ်။

“ကျွန်တော် ဒီအခြေအနေကို လက်ခံနိုင်ဖို့ အချိန်အများကြီးယူခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော့်အမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးနိုင်တယ်ဆိုတာ ကျွန်တော် သိလာပြီ” လို့ ကလော်ဒီယာရဲ့ ခင်ပွန်းဖြစ်သူ မာ့ခ်က ပြောတယ်။

ကိုယ်တိုင် ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူတစ်ယောက်မှာ စိတ် ရောဂါရှိနေတယ်လို့ သိလိုက်ရရင် ဘယ်လိုခံစားရမလဲ။ ဝမ်းသာ စရာက စိတ်ပိုင်းဆိုင်ရာ ရောဂါကို ကုသနိုင်ပါတယ်။ ဒီစိတ်ဝေဒနာအကြောင်း ပိုပြီးနားလည်သဘောပေါက်နိုင်မယ့် သိသင့်သိထိုက်တဲ့ အချက်အလက်တချို့ကို သုံးသပ်ကြည့်ရအောင်။ *

စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အဓိကအချက်အလက်များ

“ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့သူတွေဟာ စိတ်ဝေဒနာခံစားနေရပြီး မိသားစုဝင်တွေလည်း သောကရောက်ကြရတယ်။ လူလေးယောက်မှာ တစ်ယောက်ဟာ သူတို့ဘဝရဲ့တစ်ချိန်ချိန်မှာ စိတ်ဝေဒနာ ခံစားကြရတယ်။ စိတ်ကျရောဂါဟာ လူတွေရဲ့စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ အဓိကရောဂါတွေထဲကတစ်ခုဖြစ်တယ်။ စိတ်ကစဉ့်ကလျားရောဂါ၊ စိတ်ကြွ စိတ်ကျရောဂါဟာ အပြင်းထန်ဆုံးထဲမှာပါတယ်။ . . . စိတ်ဝေဒနာခံစားနေရတဲ့သူ အများကြီးရှိပေမဲ့ အဲဒီရောဂါကို ဖုံးဖိထားဆဲ၊ လျစ်လျူရှုခံရဆဲ၊ ခွဲခြားဆက်ဆံခံရဆဲ ဖြစ်တယ်။”—ကမ္ဘာ့ကျန်းမာရေးအဖွဲ့။

စိတ်ဝေဒနာ ခံစားနေရသူများစွာဟာ ကုသခံရမှာကို ရှက်ကြောက်ကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားတယ်။

စိတ်ရောဂါအများစုက ကုသလို့ရပေမဲ့ လွန်ခဲ့တဲ့နှစ်တုန်းက အမေရိကန်နိုင်ငံမှာ လူကြီး ၆၀ ရာခိုင်နှုန်းနီးပါး၊ အသက် ၈ နှစ်ကနေ ၁၅ နှစ်ကြား လူငယ် ၅၀ ရာခိုင်နှုန်းလောက်ဟာ ကုသမှုမခံယူခဲ့ကြဘူးလို့ စိတ်ကျန်းမာရေးအဖွဲ့တစ်ခုရဲ့ မှတ်တမ်းတွေအရ သိရတယ်။

သိထားစရာ စိတ်ဝေဒနာ

စိတ်ရောဂါဆိုတာ ဘာလဲ။ စိတ်ရောဂါဆိုတာကို ပညာရှင်တွေက လူတစ်ယောက်ရဲ့ တွေးခေါ်ပုံ၊ ခံစားချက်၊ အပြုအမူတွေမှာ ပုံမှန်မဟုတ်တော့တာဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ကြပါတယ်။ အဲဒီရောဂါကြောင့် တခြားသူတွေနဲ့ ကောင်းစွာပြုမူပြောဆိုနိုင်စွမ်း မရှိတော့ဘူး၊ ပုံမှန်လုပ်နေတဲ့အလုပ်တွေကို မလုပ်နိုင်တော့ဘူး။

စိတ်ရောဂါဟာ လူတစ်ယောက်ရဲ့ ချွတ်ယွင်းချက်၊ အပြစ်အနာအဆာကြောင့်ဖြစ်တာ မဟုတ်ပါဘူး

ရောဂါလက္ခဏာပြင်းထန်တာက မတူညီနိုင်ဘူး၊ လူတစ်ယောက်ရဲ့ ခံစားနေရတဲ့ရောဂါ၊ အခြေအနေပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ အသက်အရွယ်၊ ကျားမ,မရွေး၊ လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ပညာနောက်ခံဘယ်လောက်ရှိရှိ ဒီရောဂါဖြစ်နိုင်ခြေရှိပါတယ်။ စိတ်ရောဂါဟာ လူတစ်ယောက်ရဲ့ ချွတ်ယွင်းချက်၊ အပြစ်အနာအဆာကြောင့်ဖြစ်တာ မဟုတ်ပါဘူး။ ဘယ်သူမဆို သင့်တော်တဲ့ ကုသမှုခံယူပြီး အောင်မြင်၊ ပျော်ရွှင် သာယာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။

စိတ်ဝေဒနာကို ကုသခြင်း

စိတ်ကျန်းမာရေးဆရာဝန်တွေက စိတ်ရောဂါအမျိုးမျိုးကို ကောင်းကောင်းကုသပေးနိုင်ပါတယ်။ အရေးကြီးတဲ့ ပထမ အဆင့်က အတွေ့အကြုံရှိ၊ ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး သူ့ရဲ့ အကြံဉာဏ်ကို ရယူခြင်းဖြစ်ပါတယ်။

ဒါပေမဲ့ စိတ်ဝေဒနာရှင်တွေဟာ သင့်တော်တဲ့ဆေးဝါး ကုသမှု ခံယူမှသာ ဆရာဝန်ပေးတဲ့ အကြံဉာဏ်ကနေ အကျိုးရရှိနိုင်မှာပါ။ ဒါကြောင့် ကိုယ့်ရဲ့အခြေအနေအကြောင်း တခြားသူတွေကို ပြောပြနိုင်အောင် ကြိုးစားဖို့လိုတယ်။ ကုသမှုထဲမှာ ဒီရောဂါအကြောင်းကို နားလည်ပြီး ကုသပေးနိုင်တဲ့၊ လက်မလျှော့ဘဲဆက်ပြီးကုသဖို့ အားပေးနိုင်တဲ့ ဆရာဝန်ကို ဖြစ်ကြောင်းကုန်စင် ပြောပြခြင်းလည်း ပါဝင်တယ်။ ဒီလိုဆွေးနွေးတိုင်ပင်တဲ့အခါ အားပေးထောက်မပေးနိုင်တဲ့ မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်း တစ်ယောက်ယောက်ကို ခေါ်သွားနိုင်ပါတယ်။

လူများစွာက ကိုယ့်ရဲ့အခြေအနေမှန်ကို ကောင်းကောင်း နားလည်သဘောပေါက်ပြီးနောက်၊ စိတ်ကျန်းမာရေးဆရာဝန်ရဲ့ ညွှန်းထားတဲ့ကုသမှုအတိုင်း ခံယူပြီးနောက်မှ အဲဒီရောဂါနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဘယ်လို နေရမလဲဆိုတာ သိလာကြတယ်။ “ကျွန်တော့်မိန်းမမှာ စိတ်ရောဂါရှိမှန်း မသိခင်တုန်းက အဲဒီရောဂါအကြောင်း မသိသလောက်ပဲ။ အခုတော့ ကြုံလာတဲ့အခြေအနေနဲ့အညီ အလိုက်သင့် ဖြေရှင်းသွားရမယ်ဆိုတာ သိလာခဲ့ကြပြီ။ အချိန်ကြာလာတာနဲ့အမျှ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ ယုံကြည်စိတ်ချရတဲ့ ဆရာဝန်တွေ ကူညီပေးတာကနေ ကျွန်တော်တို့ အများကြီးအကျိုးရခဲ့တယ်” ဆိုပြီး မာ့ခ်က ပြောတယ်။

အရေးကြီးတဲ့ ပထမအဆင့်က အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး သူ့ရဲ့ အကြံဉာဏ်ကို ရယူခြင်းဖြစ်ပါတယ်

ကလော်ဒီယာကလည်း ဒီလိုပြောပြတယ်– “အစပိုင်းမှာတော့ ငါ့ဘဝတော့ ဆုံးပါပြီလို့ ခံစားရတယ်။ ကျန်းမာရေးအခြေအနေကြောင့် ကျွန်မတို့နှစ်ယောက်စလုံးကို အခက်တွေ့စေတာမျိုးရှိပေမဲ့ မဖြေရှင်းနိုင်ဘူးလို့ထင်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တယ်ဆိုတာ သိလာတယ်။ ကျွန်မကိုကုသပေးတဲ့ဆရာဝန်တွေ၊ တခြားသူတွေရဲ့ အကူအညီအပြင် ကြုံလာတဲ့အခြေအနေနဲ့အညီ အလိုက်သင့်ဖြေရှင်းလိုက်တာကြောင့် ကျွန်မရဲ့ကျန်းမာရေးပြဿနာကို အောင်မြင်စွာရင်ဆိုင်နိုင်တယ်။”

ဘုရားတရားကိုးကွယ်ဆည်းကပ်နေဖို့ အရေးကြီး

ဘုရားတရားကိုးကွယ်ဆည်းကပ်ခြင်းက ရောဂါပျောက်ကင်းစေနိုင်တယ်လို့တော့ သမ္မာကျမ်းစာမှာ မဖော်ပြထားပါဘူး။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းရှိ မိသားစုဝင် အတော်များများကတော့ သမ္မာကျမ်းစာကနေ နှစ်သိမ့်မှုနဲ့ ခွန်အားကို ရရှိခံစားနေကြပါတယ်။ ဥပမာ၊ မေတ္တာရှိတဲ့ ဖန်ဆင်းရှင်က “ကျိုးပဲ့သောစိတ်ရှိသောသူတို့” နဲ့ “နှလုံးကြေကွဲသောသူတို့” ကို နှစ်သိမ့်အားပေးဖို့ လိုလိုလားလားရှိကြောင်း သမ္မာကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။—ဆာလံ ၃၄:၁၈

သမ္မာကျမ်းစာဟာ ဆေးကျမ်းမဟုတ်ပေမဲ့ ဝမ်းနည်း ကြေကွဲနေတဲ့ စိတ်ခံစားချက်နဲ့ စိတ်သောကရောက်စေတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် လက်တွေ့ကျတဲ့ လမ်းညွှန်ချက်တွေပါတဲ့ စာအုပ်ဖြစ်တယ်။ ကမ္ဘာမြေကြီးပေါ်မှာ ရောဂါဝေဒနာတွေ ခံစားကြရတော့မှာမဟုတ်ဘဲ အသက်ရှင်နေထိုင်ရတော့မယ်ဆိုတဲ့ အနာဂတ်မျှော်လင့်ချက်ကိုလည်း သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ ‘အဲဒီအချိန်မှာ မျက်မမြင်တွေရဲ့မျက်စိက မြင်လိမ့်မယ်။ နားမကြားသူတွေရဲ့နားက ကြားလိမ့်မယ်။ အဲဒီအချိန်မှာ ခြေဆွံ့သူက သမင်လို ခုန်ပေါက်လိမ့်မယ်။ ဆွံ့အသူရဲ့လျှာ ကလည်း ရွှင်လန်းစွာသီချင်းဆိုလိမ့်မယ်’ လို့ ဘုရားသခင် ကတိပေးထားပါတယ်။—ဟေရှာယ ၃၅:၅၊ ၆ကဘ။

^ စာပိုဒ်၊ 5 တစ်သမတ်တည်းဖြစ်စေဖို့ ဒီဆောင်းပါးမှာ “စိတ်ဝေဒနာ” ဆိုတဲ့အသုံးအနှုန်းကို သုံးထားပေမဲ့ အပြုအမူပိုင်း၊ ကာယပိုင်းပါအကျုံးဝင်တဲ့ စိတ်ပိုင်း ဆိုင်ရာရောဂါအားလုံး ပါဝင်ပါတယ်။

^ စာပိုဒ်၊ 32 နိုးလော့!က ကုထုံးတစ်ခုခုကို ထောက်ခံခြင်းမျိုးမရှိပါ။ ဒါပေမဲ့ ခရစ်ယာန်တွေရွေးချယ်တဲ့ကုထုံးက သမ္မာကျမ်းစာ လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီသင့်ပါတယ်။

^ စာပိုဒ်၊ 40 မေ ၂၀၁၄ နိုးလော့! မှာပါတဲ့ “စိတ်ဖိစီးမှု—ဖြေရှင်းနိုင်တဲ့ နည်းလမ်းများ” ဆောင်းပါးကိုလည်း ကြည့်ပါ။