မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

လူတွေနဲ့ ဘယ်လို သင့်မြတ်အောင် နေမလဲ

လူတွေနဲ့ ဘယ်လို သင့်မြတ်အောင် နေမလဲ

ကိုညွန့်ဝေနဲ့ ကိုသက်ဦးတို့ဟာ ခင်မင်ရင်းနှီးတဲ့ အိမ်နီးချင်းကောင်းတွေပါ။ တစ်ညတော့ ကိုသက်ဦးအိမ်မှာ သန်းခေါင်ကျော်အထိ သူငယ်ချင်း တွေနဲ့ ဆူဆူညံညံ စားသောက်ကြတယ်။ * ကိုညွန့်ဝေက အဲဒီလိုဆူညံလို့ အပြစ်တင်စကားပြောလိုက်တယ်။ ဒါနဲ့ ကိုသက်ဦး ဒေါသထွက်သွားတယ်။ အပြန်အလှန်စကားများကြပြီးနောက် တစ်ယောက်နဲ့ တစ်ယောက် ရှောင်ဖယ်ရှောင်ဖယ် လုပ်ကြတယ်။

ကိုညွန့်ဝေနဲ့ ကိုသက်ဦးတို့ရဲ့ ပြဿနာဟာ မထူးဆန်းပါ ဘူး။ အချင်းချင်း စကားများပြီဆိုရင် နှစ်ယောက်စလုံး ဒေါသထွက်ကြစမြဲပါ။ ဘယ်သူကမှ ကိုယ်မှားတယ်လို့ မပြောချင်ကြဘူး။ အချင်းချင်း ခပ်တန်းတန်းပဲ နေကြတော့တယ်။

ဒီလိုအဖြစ်မျိုး သင် ကြုံဖူးသလား။ ဒီလိုဖြစ်ရတာကို ဘယ်သူမှ မကြိုက်ကြဘူး။ လူတိုင်းက သင့်သင့်မြတ်မြတ် နေချင်ကြတယ်။ တစ်ခါတလေ ကတောက်ကဆတ်ဖြစ်ရင် ဘာလုပ်မလဲ။ ဒီလိုကတောက်ကဆတ်ဖြစ်တာကို ပုံကြီးမချဲ့ဘဲ ပြေလည်အောင် လုပ်လို့ ရမလား။

ကိုညွန့်ဝေနဲ့ ကိုသက်ဦးတို့ရဲ့ ပြဿနာကို သုံးသပ်ကြည့်ရအောင်။ သူတို့ ဖြေရှင်းပုံမှားသွားတဲ့အတွက် ခင်မင်မှု ပျက်သွားတယ်။ (၁) ကိုသက်ဦးက နားလည်မှု မရှိဘူး၊ (၂) ကိုညွန့်ဝေပြောတဲ့စကားက ကိုသက်ဦးကို စိတ်ဆိုးသွားစေတယ်၊ (၃) နှစ်ယောက်စလုံး ဒေါသပေါက်ကွဲတယ်၊ (၄) နှစ်ယောက်စလုံး အလျှော့မပေးဘူး။

ကြာလာတော့ သူတို့ ပြန်သင့်မြတ်သွားတယ်။ နှစ်ယောက်စလုံး အချင်းချင်း စိတ်ဝမ်းမကွဲတော့ဘဲ ကျေအေးလိုက်ကြတယ်။ ဘာကြောင့် ကျေအေးကြတာလဲ။ တစ်ယောက်ကိုတစ်ယောက် စိတ်ဆိုးခဲ့ကြပေမဲ့ မိတ်ဆွေအတော်များများကို အရင်ကထက် ပိုခင်မင်လာစေတဲ့ လက်တွေ့ကျလမ်းညွှန်ချက်တွေကို သူတို့ လိုက်လျှောက်နိုင်ခဲ့ကြလို့ ဖြစ်တယ်။

အဲဒီလက်တွေ့ကျလမ်းညွှန်ချက်တွေကို သမ္မာကျမ်းစာထဲမှာ တွေ့ရတယ်။ ကျမ်းစာဟာ ကမ္ဘာပေါ်မှာ အများဆုံး ထုတ်ဝေရတဲ့ စာအုပ်ဖြစ်တယ်။ သင့်မြတ်စေပြီး စိတ်နာစရာတွေကို မေ့ပျောက်ပေးနိုင်မယ့် အရည်အသွေးတွေကို မွေးမြူဖို့ ကျမ်းစာမှာ တိုက်တွန်းထားတယ်။ အဲဒီအရည်အသွေးတွေကတော့ ဝေဖန်ပိုင်းခြားတတ်မှု၊ ချစ်ခင်ကြင်နာမှုနဲ့ စိတ်ရှည်သည်းခံမှုတို့ဖြစ်တယ်။—သုတ္တံ ၁၄:၂၉; ၁ ကောရိန္သု ၁၃:၄၊ ၅

ကျမ်းစာက လူတွေရဲ့ဘဝကို တိုးတက်ကောင်းမွန်စေတယ်ဆိုတာ ကိုညွန့်ဝေနဲ့ ကိုသက်ဦးတို့က သက်သေထူတယ်။ သူတို့လိုပဲ တခြားဥပမာပြစရာတွေ အများကြီး ရှိသေးတယ်။ တချို့ဆိုရင် အမြစ်တွယ်နေတဲ့ အကျင့်ဆိုးတွေရှိတာတောင် ပြောင်းလဲလာခဲ့ကြတယ်။ ဩစတြေးလျ တိုက်က ရောဘတ်ဆိုရင် အရမ်းဒေါသကြီးတဲ့သူ ဖြစ်ခဲ့တယ်။ အရှေ့တီမောက နယ်လ်ဆင်ဆိုရင် ဟိုးအရင်ကတည်းက သူ မုန်းခဲ့တဲ့ လူတစ်ယောက်ရှိတယ်။ အခု သူတို့ နှစ်ယောက်ဟာ သိပ်ခင်မင်တဲ့သူငယ်ချင်းတွေ ဖြစ်လာကြပြီ။ ရောဘတ်နဲ့ နယ်လ်ဆင်ကို သမ္မာကျမ်းစာက ဘယ်လို ပြောင်းလဲပေးခဲ့သလဲဆိုတာ သိရအောင် နိုးလော့! က သူတို့ကို လူတွေ့မေးမြန်းခဲ့တယ်။

လူတွေ့မေးမြန်းခန်း ၁

ရောဘတ်၊ ခင်ဗျားရဲ့အကြောင်း နည်းနည်းလောက် ပြောပြပါဦး။

ကျွန်တော့်မိသားစုက တော်တော်ဆိုးတယ်။ အဖေဆိုရင် ဒေါသတကြီးနဲ့ ကျွန်တော့်ကို သွေးထွက်သံယိုဖြစ်တဲ့အထိ၊ သတိမေ့တဲ့အထိ ခဏခဏရိုက်တယ်။ ဒီတော့ ကျွန်တော်လည်း ဒေါသကြီးပြီး ခက်ထန်ကြမ်းတမ်းလာတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ ကလေးထောင် နှစ်နှစ်ကျခဲ့ရတယ်။ နောက်ပိုင်း၊ တခြားသူကို ရက်ရက်စက်စက်ထိုးနှက်ခဲ့လို့ ထောင်ထဲမှာ ကျွန်တော် တိုက်ပိတ်ခံ ခဲ့ရတယ်။ ထောင်ကလွတ်လာတော့ ဘဝအသစ်ပြန်စဖို့ ဩစတြေးလျကို ပြောင်းလာခဲ့တယ်။

ရောဘတ်က ဒေါသကြီးပြီး ကြမ်းတမ်းခက်ထန်တယ်၊ ထောင်ကျဖူးသူဖြစ်တယ်

ဒီကို ရောက်လို့ ပြောင်းလဲလာ တာလား။

ဩစတြေးလျကို ပြောင်းရွှေ့လာတာထက် သမ္မာကျမ်းစာက ကျွန်တော့်ကို ပြောင်းလဲစေခဲ့တာ။ ယေဟောဝါသက်သေတွေက ကျွန်တော့်ကို ကျမ်းစာသင်ပေးတယ်။ ဒါတောင်မှ ကျွန်တော့်ဒေါသကို မနည်းထိန်းရတယ်။ မကြာခဏဆိုသလို ငါဟာ အသုံးမကျတဲ့သူပါလားဆိုပြီး စိတ်ဓာတ်ကျမိတယ်။ တစ်နေ့ကျတော့ သုတ္တံကျမ်း ၁၉:၁၁ ကို ပြန်စဉ်းစားမိတယ်ဗျ။ အဲဒီမှာ ဒီလိုဆိုတယ်– “သမ္မာသတိရှိသောသူသည် မိမိအမျက်ဒေါသကိုချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏။” ဒါနဲ့ ငါဟာ ဘာကြောင့် ဒီလိုဒေါသကြီးရတာလဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေးကြည့်တယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော် တစ်ဖက်သားကို ပိုနားလည်ပေးတတ်လာတယ်။ စိတ်ရှည်လာတယ်။ ခွင့်လွှတ်ပေးတတ်လာတယ်။

ဥပမာတစ်ခုလောက် ပေးနိုင်မလား။

တစ်ခါတုန်းက ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို မရည်ရွယ်ဘဲ စိတ်ဆိုးအောင်လုပ်မိလို့ သူက ကျွန်တော့်ကို လူပုံအလယ်မှာ ကဲ့ရဲ့ပြစ်တင်တဲ့အတွက် ကျွန်တော် တော်တော်လေး ရှက်သွားတယ်။ ဒါပေမဲ့လည်း “အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်” ဆိုတဲ့ ကျမ်းစကားကို သတိရသွားပြီး ချက်ချင်းပဲ တောင်းပန်လိုက်တယ်။ (ရောမ ၁၂:၁၇) ကျွန်တော့်သူငယ်ချင်း စိတ်ပြေသွားချိန်မှာ သူ့ဆီသွားပြီး စကားစမြည်ပြောရင်း သူ့မှာ အိမ်တွင်းရေးပြဿနာတွေ ရှိနေတာကို သိလိုက်ရတယ်။ အခု ကျွန်တော်တို့ သင့်မြတ်သွားကြပြီ။ ကျွန်တော်တို့ ပြန်သင့်မြတ်ပြီးမှ သူက ကျွန်တော့်ကို ကုတ်အင်္ကျီတစ်ထည် လက်ဆောင်ပေးခဲ့တယ်။ ကျွန်တော်အရှက်ခွဲခံရချိန်မှာ အရင်တုန်းကလို စိတ်ထားမျိုးရှိနေမယ်ဆိုရင် ဘယ်လိုဖြစ်ကုန်မလဲဆိုတာ မတွေးဝံ့စရာပဲ။

အိမ်တွင်းရေးပြဿနာတွေကိုရော ဘယ်လို ဖြေရှင်းသလဲ။

ကျွန်တော့်မှာ မိသားစုသုံးယောက်ရှိတယ်။ ကျွန်တော့်သားက အသက်၂၀ ရှိပြီ။ တခြားမိသားစုတွေလိုပါပဲ ကျွန်တော်တို့မှာ သဘောထားမတိုက်ဆိုင်တာတွေ ပေါ်လာတတ်တယ်။ အဲဒီအခါ “တောင်းပန်ပါတယ်ကွာ” ဆိုပြီး ပြောတတ်လာအောင် သမ္မာကျမ်းစာကနေ ကျွန်တော် အများကြီး သင်ယူခဲ့ရတယ်။ အဲဒီစကားက ပဋိပက္ခတွေ မဖြစ်အောင် အများကြီး ကာကွယ်ပေးတယ်။

လူတွေ့မေးမြန်းခန်း ၂

နယ်လ်ဆင်၊ ခင်ဗျားဟာ သိပ်ဖော်ရွေတာပဲ၊ မျက်နှာလည်း ချိုတယ်။ တစ်ချိန်တုန်းက ခင်ဗျားမှာ မုန်းတီးစိတ်တွေရှိခဲ့တယ်ဆို၊ ဟုတ်ရဲ့လား။

ရှိခဲ့တယ်ဗျ။ လူငယ်ဘဝတုန်းက အစိုးရကို ပုန်ကန်ဖို့ နိုင်ငံရေးအဖွဲ့တစ်ဖွဲ့ထဲ ဝင်ခဲ့ ဖူးတယ်။ အဲဒီအပြင် ကျွန်တော်တို့နယ်မြေမှာ ကြီးစိုးချင်တဲ့ ပြိုင်ဘက်နိုင်ငံရေးအုပ်စုကိုလည်း အရမ်းမုန်းခဲ့တယ်။ ရန်စလာသူကို ပြန်တိုက်ခိုက်နိုင်ဖို့၊ တိုက်ရည်ခိုက်ရည်ရှိလာဖို့ ကျွန်တော် ကိုယ်ခံပညာကိုသင်ယူခဲ့တယ်။

နယ်လ်ဆင်ဟာ လူငယ်ဘဝတုန်းက အတိုက်အခံ နိုင်ငံရေးအဖွဲ့ထဲ ဝင်ခဲ့ဖူးတယ်

ခင်ဗျား ဘယ်လို ပြောင်းလဲလာသလဲ။

ကျွန်တော် ကျမ်းစာကို စလေ့လာပြီး အဲဒီအတိုင်း လက်တွေ့ကျင့်သုံးတယ်။ ကျမ်းချက်နှစ်ချက်ကို ကျွန်တော် အမြဲသတိရနေတယ်။ တစ်ခုက “ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့” နဲ့ နောက်တစ်ခုက “လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့” ဆိုတဲ့ ကျမ်းချက်တွေ ဖြစ်တယ်။ (မဿဲ ၇:၁၂; ၂၂:၃၉) ကျွန်တော့်ကို ကျမ်းစာသင်ပေးတဲ့ ယေဟောဝါသက်သေတွေက လူမျိုး၊ နောက်ခံ မတူကြပေမဲ့ အဲဒီလို မေတ္တာမျိုး ပြကြတာကို ကျွန်တော် သတိထားမိတယ်။ သူတို့လို ကျွန်တော်ဖြစ်ချင်ခဲ့တယ်။ အဲဒီအတိုင်း ဖြစ်လာလို့လည်း ကျွန်တော့်မိတ်ဆွေဟောင်းတွေက အရမ်းအံ့သြသွားကြတယ်။ ကျွန်တော့်ကို သူတို့ ရှောင်ဖယ်၊ ရှောင်ဖယ် မလုပ်ကြတော့ဘူး။

အရင်တုန်းကလို ဒေါသထွက်သေးသလား။

လူပုံအလယ်မှာ ဒေါသမထွက်ပါဘူး။ အိမ်မှာဆိုရင်တော့ တစ်ခါတလေ ကိုယ့်စိတ် ကို မနည်းထိန်းရတယ်။ တစ်ခါတုန်းကဆိုရင် ဒေါသထွက်ပြီး မိန်းမကို ရိုက်မိတယ်။ ကျွန်တော် အရမ်းဝမ်းနည်းသွားတယ်။ သူက ကျွန်တော့်ကို ခွင့်လွှတ်ပေးပါတယ်။ ဒါကြောင့်လည်း ကိုယ့်စိတ်ကိုကိုယ်အနိုင်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။

လူတွေ ခင်ဗျားကို ရှောင်ဖယ်ရှောင်ဖယ်မလုပ်တော့ဘူး ဆိုတာနဲ့ ပတ်သက်ပြီး ဥပမာတစ်ခုလောက် ပေးလို့ရမလား။

ရပါတယ်။ စောစောတုန်းက ကျွန်တော် ပြောခဲ့တဲ့ အတိုက်အခံနိုင်ငံရေးအဖွဲ့ရဲ့ ခေါင်းဆောင် ဩဂတ်စတိုကို တစ်နေ့ကျတော့ လမ်းမှာ တွေ့တယ်။ ပထမတော့ သူ ကျွန်တော့်ကို လန့်နေတဲ့ပုံပေါက်တယ်ဗျ။ သူ့ကို ရင်ရင်နှီးနှီး နှုတ်ဆက်ပြီး အရင်တုန်းကအကြောင်းတွေကို မေ့ပစ်လိုက်ရအောင်၊ အိမ်ကို အလည်လာပါဦးဆိုပြီး ဖိတ်ခေါ်တဲ့အခါ သူ လိုက်လာတယ်။ ကျွန်တော့်ပုံစံက အရင်နဲ့ မတူတော့လို့ သူ အံ့ဩသွားတယ်။ သူလည်း သမ္မာကျမ်းစာကို စတင်လေ့လာတယ်။ အခုဆိုရင် ဩဂတ်စတိုနဲ့ ကျွန်တော်ဟာ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ရုံမက ခရစ်ယာန် ညီအစ်ကိုတွေပါ ဖြစ်နေကြပြီ။

“လူအားလုံးနှင့် သင့်မြတ်စွာ နေကြလော့”

ပဋိပက္ခဖြစ်ရတဲ့အကြောင်းရင်းတွေ အများကြီးရှိတယ်။ လူတိုင်းနဲ့ ပြန်သင့်မြတ်အောင် လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ကျမ်းစာမှာ ဒီလို လက်တွေ့ကျကျ ဖော်ပြထားတယ်– “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာ နေကြလော့။”—ရောမ ၁၂:၁၈

ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ လူတွေက သမ္မာကျမ်းစာမှာပါတဲ့ ပညာရှိလမ်းညွှန်ချက်တွေဟာ လက်တွေ့ကျတယ်ဆိုတာကို သက်သေထူတယ်။ သမ္မာကျမ်းစာက “အခိုင်အမာ အမြစ်စွဲနေ” တဲ့ မကောင်းတဲ့စိတ်ထားတွေကို အမြစ်ပါမကျန် ဖယ်ရှားပေးနိုင်တဲ့ အစွမ်းတန်ခိုးရှိတယ်။ (၂ ကောရိန္သု ၁၀:၄) အဲဒီဉာဏ်ပညာနဲ့ ပတ်သက်ပြီး သုတ္တံကျမ်း ၃:၁၇၊ ၁၈ က ဒီလိုဆိုတယ်– “ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာလမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏။ ပညာကိုကိုင်ဆွဲသောသူသည် အသက်ပင်ကိုရပြီ။ လက်မလွှတ်သောသူသည် မင်္ဂလာရှိ၏။”

နယ်လ်ဆင်နဲ့ ဩဂတ်စတို တို့ဟာ အခု မိတ်ဆွေကောင်းတွေဖြစ်နေပြီ

သင်က အခုထက် ပိုပျော်ရွှင်ပြီး ငြိမ်သက်အေးချမ်းချင်သလား။ တစ်ယောက်ကိုတစ်ယောက် အပြစ်မပြောဘဲ ဆက်ခင်မင်နေတဲ့ မိတ်ဆွေမျိုး ရှိချင်သလား။ ရှိချင်တယ်ဆိုရင် သမ္မာကျမ်းစာထဲမှာပါတဲ့ လမ်းညွှန်ချက်တွေအတိုင်း ကျင့်သုံးပါ။

^ စာပိုဒ်၊ 3 နာမည်တွေ ပြောင်းထားပါတယ်။