မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

အစာအိမ်ထဲ သားဖောက်တဲ့ ဖားရဲ့ မျိုးပွားစနစ်

အစာအိမ်ထဲ သားဖောက်တဲ့ ဖားရဲ့ မျိုးပွားစနစ်

စာအိမ်ထဲမှာ သားဖောက်တဲ့ ဩစတြေးလျက ဖားတစ်မျိုးရဲ့ မျိုးပွားစနစ်ဟာ သိပ်ထူးဆန်းတယ်။ အဲဒီဖားကို ၂၀၀၂ ခုနှစ်ကတည်းက မျိုးသုန်းသွားပြီလို့ ယူဆထားကြတယ်။ မျိုးအောင်တဲ့ သူ့ရဲ့ ဥတွေကို ပြန်မျိုချပြီး ၆ ပတ်အကြာမှာ သားပေါက်စေတယ်။ ဖားလေးတွေက အပြည့်အဝဖွံ့ဖြိုးလာပြီဆိုရင် မိခင်ဖားမကြီးရဲ့ ပါးစပ်ထဲကနေ ထွက်လာကြတယ်။

ဖားအမကြီးက သူ့ရဲ့ ဥတွေကို မချေဖျက်မိအောင် အစာ လုံးဝမစားဖို့ လိုတယ်။ အစာချေဖျက်ဖို့ အက်စစ်ဓာတ်ကို မထုတ်ပေးဖို့လည်း လိုတယ်။ ဥတွေနဲ့ သားပေါက်လေးတွေကနေ ထွက်လာတဲ့ ဓာတ်တွေက အက်စစ်ဓာတ် မထွက်လာအောင် တားဆီးပေးတယ်။

ဖားအမက ဥ ၂၄ လုံးလောက်ကို သားဖောက်တယ်။ ဖားလေးတွေ မွေးလာတဲ့အချိန်မှာ ဖားလေးတွေရဲ့ အလေးချိန်က ဖားအမကြီးကိုယ်အလေးချိန်ရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိတယ်။ ဥပမာ၊ ကိုယ်ဝန်မဆောင်ခင် ကိုယ်အလေးချိန်ပေါင် ၁၅၀ ရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ အလေးချိန် ၄ ပေါင်စီလေးတဲ့ ကလေး၂၄ ယောက်ကို တစ်ပြိုင်တည်း ကိုယ်ဝန်ဆောင်ထားရတာနဲ့ တူတယ်။ ဖားသားပေါက်လေးတွေ ကြီးလာတော့ ဖားအမရဲ့အစာအိမ်က ကျယ်လာပြီး အဆုတ်ကို လာဖိတဲ့အတွက် ဖားအမက အရေပြားကနေ အသက်ရှူရတယ်။

မွေးချိန်ရောက်တဲ့အခါ သားပေါက်လေးတွေက ရက်အနည်းငယ်အတွင်း ပါးစပ်ထဲကနေ မွေးဖွားလာတယ်။ မိခင်ဖားမက အန္တရာယ်ရှိနေမှန်းသိရင် သားပေါက်လေးတွေကို အန်ထုတ်လိုက်မှာ ဖြစ်တယ်။ တစ်ခါတုန်းက ဖားအမတစ်ကောင်က သားပေါက်ငယ် ၆ ကောင်စလုံးကို လေထဲ ၃ ပေကျော် အထိမြောက်တက်သွားအောင် တစ်ကြိမ်တည်း အန်ထုတ်ပစ်တာကို သုတေသီတွေ တွေ့ရှိခဲ့ကြတယ်။

အစာအိမ်ထဲမှာ သားဖောက်တဲ့ ဖားရဲ့ မျိုးပွားမှုစနစ်ဟာ ဆင့်ကဲဖြစ်စဉ်ကြောင့် ဖြစ်လာတယ်လို့ တချို့က ပြောတယ်။ ဒါပေမဲ့ ဒီဖားရဲ့ မျိုးပွားမှုစနစ်က သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ အပြုအမူအပေါ် အမှီပြုတယ်။ ဒါကြောင့် အစာအိမ်ထဲမှာ သားဖောက်တဲ့ ဖားတစ်ကောင်လိုမျိုး၊ ပုံမှန်ဖား တစ်ကောင်က မျိုးပွားဖို့ဆိုရင် တစ်ပြိုင်တည်း အကြီးအကျယ် ပြောင်းလဲဖို့ လိုတယ်။ ဒါပေမဲ့ ဆင့်ကဲဖြစ်စဉ်အရ တဖြည်းဖြည်းပြောင်းလဲမှုတွေနဲ့သာ မျိုးစိတ်အသစ်တွေ ဖြစ်ပေါ်နိုင်တယ်။ ဒါကြောင့် ဒီဖားမျိုးစိတ်က ဆင့်ကဲဖြစ်စဉ်အရ ဖြစ်လာတာမဟုတ်ဘဲ ဖန်ဆင်းခံရတာ ဖြစ်ရမယ်လို့ တချို့က ကောက်ချက်ချတယ်။ *

သင် ဘယ်လိုထင်ပါသလဲ။ အစာအိမ်ထဲမှာ သားဖောက်တဲ့ ဖားရဲ့ မျိုးပွားစနစ်က သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။

^ စာပိုဒ်၊ 7 ချားလ် ဒါဝင် ရေးခဲ့တဲ့ မျိုးစိတ်များ၏ မူလအစ (Origin of Species) စာအုပ်ထဲမှာ “ဆင့်ကဲဖြစ်စဉ်က အသေးအဖွဲပြောင်းလဲမှုတွေနဲ့ပဲ ဖြစ်လာတယ်။ ဘယ်တော့မှာ ကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ဖြစ်ပေါ်လာတာ မဟုတ်ဘူး” လို့ ဖော်ပြထားတယ်။