မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတွေအတွက် ဘယ်လို​လမ်းစဉ်​မျိုး ချမှတ်​ပေးနေသလဲ

မိဘများ​အတွက်

၈– စံနမူနာ

၈– စံနမူနာ

ဆိုလိုရင်း

စံပြ​မိဘတွေဟာ သားသမီးတွေကို သင်ပေးတဲ့​အတိုင်း နေထိုင်ကြတယ်။ ဥပမာ၊ ကိုယ်​စကား​မ​ပြောချင်တဲ့​သူ အိမ်ကို​လာတယ် ဆိုပါစို့။ “မိဘတွေ အိမ်မှာ​မရှိဘူးလို့ ပြောလိုက်” လို့​ပြောခိုင်းရင် သားဖြစ်သူကို အမှန်အတိုင်း ပြောတတ်​ဖို့ သင်ပေးနိုင်မှာ မဟုတ်ဘူး။

“‘ငါ​ပြောသလို လုပ်၊ ငါ​လုပ်​သ​လို မလုပ်နဲ့’ ဆိုတဲ့​အဆို ရှိတယ်။ ဒီ​အဆိုဟာ သားသမီးတွေအတွက် အကျိုးမရှိဘူး။ သားသမီးတွေဟာ ရေမြှုပ်နဲ့ တူတယ်။ လူကြီးတွေရဲ့ အပြောအဆို၊ အပြုအမူတွေကို အတုမြင်​အတတ်​သင်​တတ်​ကြတယ်။ လူကြီးတွေ အပြောနဲ့ အလုပ် မညီတဲ့အခါ ထောက်ပြ​တတ်​ကြတယ်။”—ဒေးဗစ်။

ကျမ်းစာ အခြေခံမူ။ “‘မခိုး​နဲ့’ လို့ သူတစ်ပါးကို ဆုံးမပြီး ဘာလို့ ကိုယ်တိုင် ခိုးနေသလဲ။”—ရောမ ၂:၂၁

ဘာကြောင့် အရေးကြီးသလဲ

ရွယ်တူတွေ​အပါအဝင် တခြားသူ​အားလုံး​ထက် ကလေးတွေ၊ ဆယ်ကျော်သက်​တွေ​အပေါ် ပို​ဩဇာလွှမ်းနိုင်သူက မိဘတွေ​ဖြစ်တယ်။ ဒါကြောင့် မိဘတွေ​သာ အပြောနဲ့​အလုပ် ညီမယ်ဆိုရင် သားသမီးတွေ လမ်းမှန်​ပေါ် ရှိနေစေဖို့ အကောင်းဆုံး​လမ်းပြ​နိုင်မယ်။

“အကြိမ်​တစ်​ရာ​လောက် ပြော​နေ​ရတော့ ကလေး နား​မှ​ထောင်ရဲ့​လား​လို့ တွေးမိနိုင်တယ်။ ဒါပေမဲ့ ပြောတဲ့အတိုင်း တစ်ကြိမ်​တစ်ခါ​လောက် ကိုယ်​မ​လုပ်ရင် ထောက်ပြ​ကြလိမ့်မယ်။ လူကြီးတွေ လုပ်သမျှကို ကလေးတွေ ဂရုမစိုက်ဘူး​လို့ ထင်ရရင်တောင် တကယ်တော့ ဂရုစိုက်​ကြည့်နေတတ်​ကြတယ်။”—နီကိုး။

ကျမ်းစာ အခြေခံမူ။ “အထက်​က​လာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့သူ​ဟာ . . . သူတော်ကောင်း​အဖြစ် ဟန်မဆောင်ဘူး။”—ယာကုပ် ၃:၁၇

လုပ်ဆောင်နိုင်ရာ

ကိုယ့်​စံနှုန်းတွေကို ဆန်းစစ်​ပါ။ ဘယ်လို ဖျော်ဖြေမှု​တွေ​ကို ကြည့်​တတ်​သလဲ။ ကိုယ့်​အိမ်ထောင်ဖက်​နဲ့ သားသမီးတွေကို ဘယ်လို ဆက်ဆံသလဲ။ ကိုယ်ချင်းစာ​တတ်​သူလား။ ဘယ်လို မိတ်ဆွေမျိုး ရှိသလဲ။ အတိုချုပ်​ပြော​ရရင် သားသမီးတွေကို ဖြစ်စေချင်​တဲ့​လူစားမျိုး ကိုယ်တိုင် ဖြစ်​နေရဲ့​လား။

“ကျွန်မတို့​လင်မယား​က ကိုယ်,မလိုက်​နိုင်​တဲ့ စံနှုန်းတွေကို သားသမီးတွေအတွက် မ​ချမှတ်​ပေး​ဘူး။”—ခရစ္စတင်း။

အမှားတွေ​အတွက် တောင်းပန်​ပါ။ သင်ဟာ ပြည့်ဝ​စုံလင်သူ မဟုတ်မှန်း သားသမီးတွေ သိထားတယ်။ တောင်းပန်​သင့်​တဲ့​အချိန်မှာ အိမ်ထောင်ဖက်​ကို​ဖြစ်စေ၊ သားသမီးကို​ဖြစ်စေ “တောင်းပန်​ပါတယ်” လို့​ပြောမယ်​ဆိုရင် ရိုးသားမှု၊ နှိမ့်ချမှု ရှိဖို့လိုကြောင်း သင်ပေးနိုင်မယ်။

“ကျွန်တော်တို့ မှားသွား​တဲ့အခါ အမှား ဝန်ခံတာ၊ တောင်းပန်​တာကို သားသမီးတွေ ကြားဖို့ လိုတယ်။ မဟုတ်ရင် အမှားကို ဖုံးကွယ်​တတ်​အောင် သင်​ပေးသလို ဖြစ်​သွားမယ်။”—ရော်ဘင်။

“မိဘတွေဟာ သားသမီးတွေအပေါ် ဩဇာအလွှမ်းနိုင်ဆုံးသူတွေ ဖြစ်တယ်။ မိဘတွေကို တစ်ချိန်လုံး ကြည့်​နေ​ကြ​လို့ စံနမူနာ​ပြတာ အကောင်းဆုံးပါပဲ။ မိဘတွေရဲ့ ကျင့်ကြံ​ပြုမူပုံ​နဲ့ သားသမီးတွေကို အမြဲ​သင်ပေးနိုင်တယ်။”—ဝင်ဒယ်။