မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတွေ ဝမ်းနည်းကြေကွဲတဲ့အခါ

သားသမီးတွေ ဝမ်းနည်းကြေကွဲတဲ့အခါ

မိသားစုဝင်တစ်ဦး သေဆုံးသွားလို့ သင် ဝမ်းနည်းကြေကွဲနေသလား။ ဒါဆိုရင် အဲဒီဆုံးၡုံးမှုကို သင် ဘယ်လို ရင်ဆိုင်ခံရပ်မလဲ။ ဒီအခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်အောင် လူငယ်သုံးယောက်ကို ကျမ်းစာ ကူညီပေးခဲ့တဲ့အကြောင်း သုံးသပ်ကြည့်ပါ။

ဒါမီရဲ့တွေ့ကြုံမှု အစကတော့ အဖေ သာမန်ခေါင်းကိုက်နေတာလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ မသက်သာဘဲ ပိုဆိုးလာတော့ အမေက လူနာတင်ယာဉ် ခေါ်လိုက်တယ်။ အဖေ့ကို ဆေးဝန်ထမ်းတွေ သယ်သွားတာ ကျွန်မ မြင်ယောင်နေတုန်းပဲ။ ဒါဟာ အဖေ့ကို အသက်ရှင်လျက် နောက်ဆုံးတွေ့ရတာဖြစ်မှန်း မသိခဲ့ဘူး။ နောက်သုံးရက်အကြာမှာ ဦးနှောက်သွေးကြောဖောင်းရောဂါနဲ့ အဖေ ဆုံးသွားရှာတယ်။ အဲဒီတုန်းက ကျွန်မအသက် ခြောက်နှစ်ပဲ ရှိသေးတာ။

ဒါမီ

အဖေသေရတာ ငါ့အပြစ်မကင်းဘူးဆိုပြီး နှစ်အတော်ကြာ ခံစားခဲ့ရတယ်။ အဖေ့ကို ဆေးဝန်ထမ်းတွေ သယ်သွား တဲ့မြင်ကွင်းကို မှတ်ဉာဏ်ထဲကနေ ပြန်စ်လို့ရင် ရစ်လိုက်ချင်တယ်။ ‘အဲဒီတုန်းက ငါ ဘာလို့ ဒီအတိုင်း ရပ်နေခဲ့တာလဲ။ ဘာလို့ တစ်ခုခု မလုပ်ပေးခဲ့တာလဲ’ ဆိုပြီး စဉ်းစားမိတယ်။ ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အိုတွေကို တွေ့တဲ့အခါ ‘ငါ့အဖေကျတော့ သေပြီး သူတို့ကျတော့ ဘာလို့ အသက်ရှင်နေတာလဲ’ ဆိုတဲ့အတွေး ဝင်လာတယ်။ အချိန်တန်တော့ အမေက ကျွန်မရဲ့ခံစားချက်တွေကို ရင်ဖွင့်တတ်အောင် ကူညီပေးတယ်။ ယေဟောဝါသက်သေတွေဖြစ်တဲ့ ကျွန်မတို့ကို အသင်းတော်က ကောင်းကောင်း ကူညီထောက်မခဲ့ကြတယ်။

အဖြစ်ဆိုး ကြုံကြုံချင်းတော့ ဝမ်းနည်းကြေကွဲမှာ ဖြစ်ပေမဲ့ ကြာလာရင် စိတ်ဖြေသာသွားမှာပါလို့ တချို့ထင်ကြတယ်။ ကျွန်မအတွက်တော့ အဲဒီလို မဟုတ်ဘူး။ ဆယ်ကျော်သက်အရွယ် ဝင်ခါနီးကျမှ တကယ့်ကို ဝမ်းနည်းကြေကွဲစိတ် ဝင်လာတာ။

မိဘတစ်ဦး သေဆုံးသွားတဲ့ လူငယ်တွေကို ကျွန်မ အကြံပေးချင်တာက “ကိုယ်ခံစားရသမျှ တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ပါ။ မြန်မြန် ရင်ဖွင့်လေ နေသာထိုင်သာ ပိုရှိလေပဲ။”

ဘဝမှာ အရေးကြီးတဲ့နေ့ရက်တွေကို ဖြတ်ကျော်ဖို့၊ ကျွန်မအနားမှာ အဖေ မရှိတော့မှန်း လက်ခံဖို့ ခက်တယ်။ ဒါပေမဲ့ဗျာဒိတ် ၂၁:၄ မှာပါတဲ့ ကျမ်းစာကတိကြောင့် စိတ်သက်သာရာရခဲ့တယ်။ မကြာခင် ဘုရားသခင်ဟာ “[ကျွန်မတို့ရဲ့] မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်” လို့ပြောထားတယ်။

ဒဲစ်ရဲ့တွေ့ကြုံမှု အဖေနဲ့အတူ ငါးမျှားထွက်တာ၊ တောင်ပေါ်ကို အပျော်ခရီးထွက်တာတွေဟာ ကျွန်တော် အမှတ်တရ အဖြစ်ဆုံးအရာတွေပေါ့။ အဖေက တောင်တန်းတွေကို သိပ်ကြိုက်တာ။

ဒဲရစ်

အဖေဟာ နှလုံးရောဂါကို အတော်ကြာကြာ ခံစားခဲ့ရတယ်။ ကျွန်တော်ငယ်ငယ်က ဆေးရုံတက်နေတဲ့ အဖေ့ဆီ တစ်ခေါက်နှစ်ခေါက် သွားတွေ့တာ မှတ်မိသေးတယ်။ ဒါပေမဲ့ အဖေ အသည်းအသန်ဖျားနေမှန်း မသိခဲ့ဘူး။ ကျွန်တော် ကိုးနှစ်သားအရွယ်မှာ အဖေ နှလုံးရောဂါနဲ့ ဆုံးသွားတယ်။

အဖေ ဆုံးပြီးနောက် ကျွန်တော် ငိုပြီးရင်း ငိုခဲ့တယ်။ ရင်ထဲ မွန်းကျပ်နေသလိုပဲ။ ဘယ်သူနဲ့မှ စကားပြောချင်စိတ် မရှိဘူး။ ဘဝမှာ ဒီလောက် ဆိုးဆိုးရွားရွား မခံစားခဲ့ဖူးဘူး။ ဘာဆိုဘာမှ လုပ်ချင်စိတ်မရှိဘူး။ ချာ့ချ်လူငယ်အဖွဲ့က အဖွဲ့ဝင်ဖြစ်ခဲ့ဖူးတဲ့ ကျွန်တော့်ကို အစပိုင်းမှာ စိတ်ဝင်တစား မေးကြ မြန်းကြတာပေါ့။ မကြာပါဘူး၊ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ရော။ “မင်းအဖေ သေနေ့စေ့လို့ သေတာပါ၊” “မင်းအဖေကို ဘုရားခေါ်သွားတာ၊” “အခု သူ ကောင်းကင်ဘုံမှာ” စသဖြင့် ပြောကြတယ်။ ဒါတွေဟာ ကျွန်တော်လိုချင်တဲ့ အဖြေမှ မဟုတ်တာ။ ဒါနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာပြောထားတယ်ဆိုတာ ကျွန်တော် လုံးဝမသိခဲ့ဘူး။

နောက်ပိုင်း၊ အမေက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတယ်။ ပြီးတော့ အစ်ကိုနဲ့ ကျွန်တော်လည်း လေ့လာတယ်။ လူသေတွေရဲ့အခြေအနေရှင်ပြန်ထမြောက်အောင် လုပ်ပေးမယ်ဆိုတဲ့ ဘုရားကတိအကြောင်း သိလာတယ်။ (ယောဟန် ၅:၂၈၊ ၂၉) ဟေရှာယ ၄၁:၁၀ ကတော့ ကျွန်တော် အကြိုက်ဆုံးကျမ်းချက်ပေါ့။ အဲဒီမှာ ဘုရားသခင်က “မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်” လို့ပြောထားတယ်။ ငါ့ဘက်မှာ ဘုရားရှိနေတယ်ဆိုတဲ့အသိက ဝမ်းနည်းကြေကွဲနေချိန်မှာ သိပ်ကို စိတ်သက်သာမှု ခံစားရစေတယ်။ အခုချိန်ထိပါပဲ။

ဂျဲနီရဲ့တွေ့ကြုံမှု ကျွန်မ ခုနစ်နှစ်အရွယ်မှာ အမေ ကင်ဆာရောဂါနဲ့ ဆုံးသွားတယ်။ အဲဒီနေ့ဟာ အိပ်မက်တစ်ခုလိုပဲ။ မှတ်မိလောက်တော့ အိမ်မှာပဲ အမေ ဆုံးသွားတယ်။ အဲဒီအချိန်မှာ အဖိုးနဲ့အဖွားလည်း ရှိနေတယ်။ အားလုံး တည်တည်ငြိမ်ငြိမ်ပဲ။ အဲဒီနေ့မှာ ညစာက ကြက်မွှေကြော်။ ကျွန်မဘဝတစ်ခုလုံး တဖြည်းဖြည်းချင်း ဇောက်ထိုးမိုးမျှော် ဖြစ်သွားသလိုပဲ။

ဂျဲနီ

အဲဒီအချိန်နဲ့ နောက်ပိုင်းနှစ်တွေမှာ ညီမလေးအတွက် စိတ်ခိုင်ခိုင်ထားရမယ်ဆိုပြီး တွေးခဲ့တာ။ ဒါကြောင့် ခံစားချက်တွေကို မျိုသိပ်ထားခဲ့တယ်။ ဒီနေ့အထိ ရင်နာစရာတွေကို မျိုသိပ်ထားလေ့ရှိတယ်။ ဒါဟာ ကျန်းမာရေးကို ထိခိုက်စေတယ်။

ကျွန်မတို့ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်က မေတ္တာနဲ့ကူညီတာကို မှတ်မိနေတုန်းပဲ။ ဝတ်ပြုရာခန်းမမှာ ကျွန်မတို့ အစည်းအဝေးတက်တာ မကြာသေးပေမဲ့ ယုံကြည်သူချင်းတွေက ကျွန်မတို့ကို မိသားစုလို သဘောထားပြီး ဝိုင်းဝန်းကူညီကြတယ်။ ကျွန်မအထင်တော့ အဖေဟာ တစ်နှစ်လုံး ညစာ မချက်ခဲ့ရဘူး။ ညစာကို တံခါးရှေ့မှာ အမြဲလိုလို လာထားပေးကြလို့ပဲ။

ဆာလံ ၂၅:၁၆၊ ၁၇ (ကဘ) ဟာ ကျွန်မသိပ်ကြိုက်တဲ့ ကျမ်းချက်ပဲ။ အဲဒီမှာ ကျမ်းရေးသူက ဘုရားသခင်ကို ဒီလိုအသနားခံတယ်– “ကျွန်တော့်ဘက် မျက်နှာလှည့်ပြီး မျက်နှာသာပြပါဦး။ အထီးကျန်ပြီး ခိုကိုးရာမဲ့နေလို့ပါ။ ရင်ထဲမှာ သောကတွေ သိပ်များနေပြီ။ ဝေဒနာတွေကို ပျောက်ကင်းစေပါ။” ကိုယ်စိတ်ထိခိုက်နေချိန်မှာ တစ်ယောက်တည်းရှိနေတာ မဟုတ်ဘူး၊ ဘေးနားမှာ ဘုရားရှိနေမှန်း သိရလို့ အားရှိတယ်။ ဘဝကို ရှေ့ဆက်နိုင်အောင်၊ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်စတဲ့ ကောင်းတဲ့အရာတွေကိုပဲ အာရုံစိုက်နိုင်အောင် ကျမ်းစာက ကူညီပေးခဲ့တယ်။ သာယာလှပတဲ့ ဒီကမ္ဘာပေါ်မှာ ဒေါင်ဒေါင်မြည်ကျန်းမာတဲ့ အမေနဲ့ ပြန်ဆုံစည်းဖို့ မျှော်လင့်နေတယ်။—၂ ပေတရု ၃:၁၃

ဝမ်းနည်းကြေကွဲနေသူတွေအတွက် ကျမ်းစာထဲက အားရှိစရာ ကတိအကြောင်း ပိုသိချင်သလား။ “သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်ခါ” စာစောင်ကို www.pr418.com/mya မှာ အခမဲ့ကူးယူပါ။ စာအုပ်စာပေများ > စာအုပ်ကြီးနဲ့ စာစောင်များ ခေါင်းစဉ်အောက်မှာ ကြည့်ပါ။