မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိသူတွေကို ကူညီပေးနိုင်ပုံ

စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိသူတွေကို ကူညီပေးနိုင်ပုံ

ကျမ်းစာအဆို– “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။”—ပညာအလိမ္မာ ၁၇:၁၇

ဘာကို ဆိုလိုသလဲ

ကိုယ့်မိတ်ဆွေမှာ စိတ်ကျန်းမာရေး ပြဿနာ ရှိနေတယ်ဆိုတာ သိလိုက်ရတဲ့အခါ ကျွန်တော်တို့ ထူပူသွားနိုင်တယ်။ ဒါပေမဲ့ ဒီပြဿနာကို မိတ်ဆွေ ရင်ဆိုင်နိုင်ဖို့ ကူညီပေးခြင်းအားဖြင့် ဂရုစိုက်ကြောင်း ပြနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။

ဒီကျမ်းပိုဒ်က ဘယ်လို ကူညီပေးနိုင်သလဲ

“နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရမယ်။” —ယာကုပ် ၁:၁၉

ကိုယ့်မိတ်ဆွေကို ကူညီပေးနိုင်တဲ့ အကောင်းဆုံး နည်းတစ်နည်းကတော့ သူ စကားပြောချင်တဲ့အခါ နားထောင်ပေးခြင်းပါပဲ။ သူတစ်ခွန်း ပြောတိုင်း ကိုယ်တစ်ခွန်း ပြန်ပြောပေးရမယ်လို့ မခံစားပါနဲ့။ ကိုယ် နားထောင်ပေးနေတယ်၊ ဂရုစိုက်နေတယ်ဆိုတာ ခံစားရစေပါ။ သူ့ခံစားချက်ကို နားလည်ပေးပါ။ မဝေဖန်ပါနဲ့။ နောက်မှ နောင်တရမယ့် စကားတွေကို သူ မဆင်မခြင် ပြောမိနိုင်တယ်ဆိုတာ သတိရပါ။—ယောဘ ၆:၂၊ ၃

‘ကြင်ကြင်နာနာ ပြောပါ။’ —၁ သက်သာလောနိတ် ၅:၁၄

သင့်မိတ်ဆွေ သောကရောက်နေနိုင်တယ်။ တန်ဖိုး မရှိဘူးဆိုတဲ့ ခံစားချက်ကို တွန်းလှန်နေရနိုင်တယ်။ သင် ဘာပြောရမလဲ မသိရင်တောင် ဂရုစိုက်ကြောင်း ပြခြင်းအားဖြင့် နှစ်သိမ့်အားပေးနိုင်ပါတယ်။

“မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြ တတ်တယ်။”—ပညာအလိမ္မာ ၁၇:၁၇

လက်တွေ့ကျကျ ကူညီပါ။ ဘယ်လို ကူညီရမယ်ဆိုတာ သိတယ်လို့ မယူဆပါနဲ့။ ဘာလုပ်ပေးရမလဲ မေးပါ။ ဘာလိုလို့ လိုအပ်မှန်း မိတ်ဆွေ ပြောမပြတတ်ဘူး ဖြစ်နေတယ်ဆိုရင်လည်း ကိုယ် ဘာလုပ်ပေးနိုင်တယ်ဆိုတာ ပြောပြပါ။ အတူတူ လမ်းလျှောက် ထွက်ချင်သလား၊ ဈေးဝယ် ထွက်ချင်သလား၊ သန့်ရှင်းရေး လုပ်ချင်သလားလို့ မေးပါ။—ဂလာတိ ၆:၂

‘စိတ်ရှည်ပါ။’—၁ သက်သာလောနိတ် ၅:၁၄

ကိုယ့်မိတ်ဆွေ စကားမပြောချင်တဲ့ အချိန်တွေ ရှိနိုင်တယ်။ ပြောချင်တဲ့အချိန်မှာ ကိုယ် နားထောင်ပေးမယ်ဆိုတာ သူ သိနေပါစေ။ နေထိုင်မကောင်းလို့ ကိုယ့်ကို စိတ်ထိခိုက်အောင် ပြောမိ၊ လုပ်မိနိုင်တယ်။ ကိုယ်နဲ့ စီစဉ်ထားတာတွေ ဖျက်လိုက်နိုင်တယ်။ မဖျက်ရင်တောင် ဆောင့်ဆောင့်အောင့်အောင့် ဖြစ်နေနိုင်တယ်။ အဲဒီအခါ စိတ်ရှည်ပါ။ နားလည်ပေးပါ။—ပညာအလိမ္မာ ၁၈:၂၄

သင့်အကူအညီဟာ မိတ်ဆွေအတွက် ကောက်ရိုးတစ်မျှင် ဖြစ်နိုင်

“ကျွန်မသူငယ်ချင်းအတွက် အမြဲ အားကိုးလို့ ရတဲ့သူ ဖြစ်အောင် နေတယ်။ သူ့ပြဿနာတွေကို ကျွန်မ ဖြေရှင်းမပေးနိုင်ပေမဲ့ ပြောသမျှ အမြဲ နားထောင်ပေးတယ်။ တစ်ခါတလေ အဲဒီလို နားထောင်ပေးလိုက်ရုံနဲ့တင် သူ စိတ်သက်သာသွားတတ်တယ်။”—ဖယ်ရာ၊ a အစားအသောက် မူမမှန် ဝေဒနာ၊ အစိုးရိမ်လွန် ဝေဒနာ၊ စိတ်ကျရောဂါ ရှိသူရဲ့ သူငယ်ချင်း။

“သူငယ်ချင်း တစ်ယောက်က သိပ်ကြင်နာပြီး အားပေးတတ်တယ်။ သူ့အိမ်ကို ထမင်းစား ဖိတ်တယ်။ နွေးနွေးထွေးထွေး၊ ကြင်ကြင်နာနာ ဆက်ဆံပေးတော့ ရင်ဖွင့်ရ လွယ်တာပေါ့။ အဲဒါ တကယ် အားပေးမှု ဖြစ်စေတယ်။”—ဟာအွန်း၊ စိတ်ကျဝေဒနာရှင်။

“စိတ်ရှည်ပေးဖို့ သိပ်အရေးကြီးတယ်။ ကျွန်တော် စိတ်ဆိုးအောင် ကျွန်တော့်ဇနီး လုပ်တဲ့အခါ ‘စိတ်ထဲ ရှိလို့ လုပ်တာ မဟုတ်ဘူး၊ နေမကောင်းလို့ လုပ်တာ’ ဆိုပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်။ ဒါက ဒေါသ မထွက်ဖို့၊ ဇနီးသည်ကို ထောက်ထားစာနာဖို့ ကူညီပေးတယ်။”—ဂျေးကော့ပ်၊ စိတ်ကျဝေဒနာ ခံစားနေရသူရဲ့ ခင်ပွန်း။

“ကျွန်တော့်ဇနီးက တကယ့် အထောက်အမကောင်းပဲ။ ကျွန်တော့်ကို နှစ်သိမ့်ပေးတယ်။ စိုးရိမ်စိတ် များနေချိန်မှာ ကျွန်တော် မလုပ်ချင်တာကို အတင်း မလုပ်ခိုင်းဘူး။ သူလုပ်ချင်ပေမဲ့လည်း ကျွန်တော့်ကို ငဲ့ပြီး မလုပ်တာတွေ ရှိတယ်။ သူ့ရဲ့ အလျှော့ပေးတတ်တဲ့စိတ်၊ သဘောထားကြီးမှုက ကျွန်တော့်အတွက်တော့ ဘာနဲ့မှ လဲလို့ မရဘူး။”—အဲရစ်ကို၊ အစိုးရိမ်လွန် ဝေဒနာရှင်။

a အမည်လွှဲများ။