မာတိကာဆီ ကျော်သွား

E+/IvanJekic via Getty Images

အလိုလို ဖြစ်လာနိုင်ပါ့မလား

ဒုဓလီစေ့ရဲ့ လွင့်ပျံမှု

ဒုဓလီစေ့ရဲ့ လွင့်ပျံမှု

 သဘာဝလောကမှာ အပျံသန်းနိုင်ဆုံးအရာတစ်ခုကတော့ ဒုဓလီစေ့ပါ။ ဒုဓလီပင်ကို လေတိုက်လိုက်တဲ့အခါ အစေ့လေးတွေက လေထီးအသေးစားလေးလို လေထဲမှာ လွင့်မျောပျံတက်သွားကြတယ်။ မြေနိမ့်ကနေ စလွင့်တာဆိုပေမဲ့ လေပြည်နဲ့အတူ တစ်ကီလိုမီတာ (၀.၆ မိုင်) ကျော် အကွာအဝေးအထိ လွင့်မျောပျံသန်းနိုင်တယ်။ ဒီလောက်ကြာကြာ ပျံသန်းနိုင်တာ ဘာကြောင့်လဲ။ ဒုဓလီစေ့တွေရဲ့ ပျံသန်းပုံဟာ သာမန်လေထီးတွေထက် ပိုငြိမ်ပြီး စွမ်းဆောင်ရည် ၄ ဆ ပိုသာတယ်ဆိုတာကို သိပ္ပံပညာရှင်တွေ မကြာသေးခင်က လေ့လာတွေ့ရှိခဲ့တယ်။

 စဉ်းစားကြည့်ပါ– အစေ့ရဲ့အဆုံးမှာ ရိုးတံ၊ ရိုးတံရဲ့အဆုံးမှာ အမျှင်အုံလေး ရှိတယ်။ လေထီးနဲ့တူတဲ့ အဲဒီအမျှင်အုံလေးကြောင့် အစေ့ဟာ လေထဲကို မြောက်တက်ပြီး ပျံဝဲနိုင်တာ။

လေပွေထဲက စက်ဝိုင်းပုံစံ လေစီးကြောင်းကြောင့် အစေ့ဟာ တော်ရုံနဲ့ မြေပေါ်မကျတာလို့ သုတေသီတွေ မှတ်ချက်ချ

 ဒါပေမဲ့ အမျှင်အုံလေးရဲ့ ဆွဲယူမှု တစ်ခုတည်းကြောင့်ပဲ မဟုတ်ပါဘူး။ အမျှင်တွေကြား လေဖြတ်တိုက်သွားတဲ့အခါ အမျှင်တွေရဲ့ အပေါ်မှာ စက်ကွင်းပုံ လေပွေလေးတစ်ခု ဖြစ်လာတယ်။ လေပွေထဲက စက်ဝိုင်းပုံစံ လေစီးကြောင်းကြောင့် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်လာပြီး အမျှင်အုံလေးကို အပေါ်ကို ဆွဲယူတယ်။ ဒီလိုနဲ့ ဆက်ကာ ဆက်ကာ ပျံသန်းနိုင်တာပါ။

 ပုံစံတကျရှိနေတဲ့ အမျှင်လေးတွေကြောင့်လည်း အမျှင်အုံဟာ လေဝင်လေထွက်ကောင်းတဲ့ လေထီးလို ပျံသန်းနိုင်တာပါ။ ဒါပေမဲ့ လေထီးတွေထက် ပိုငြိမ်တယ်၊ ပိုသာတယ်။ လေထီးအမိုးလိုလည်း ပိတ်စအများကြီး မသုံးထားဘူး။ တကယ်တော့ အမျှင်အုံရဲ့ ၉၀ ရာခိုင်နှုန်းဟာ နေရာအလွတ်ကြီးပါ။

 ဒုဓလီစေ့ရဲ့ ပျံသန်းပုံကို လိုက်တုပြီး စွမ်းအင်နည်းနည်းနဲ့ ပျံသန်းနိုင်တဲ့ ဒရုန်းအသေးစားတွေ တီထွင်နိုင်ဖို့ သိပ္ပံပညာရှင်တွေ ကြိုးစားနေပါတယ်။ အဲဒီဒရုန်းငယ်တွေကို လေထုညစ်ညမ်းမှု တိုင်းတာခြင်းအပါအဝင် အဘက်ဘက်မှာ အသုံးပြုနိုင်ဖို့ မျှော်လင့်ပါတယ်။

 ဒုဓလီစေ့တွေ လွင့်ပျံပုံကို ရှုစားကြည့်ပါ

 ဘယ်လို ထင်ပါသလဲ။ ဒုဓလီစေ့ရဲ့ အဆင့်မြင့်မြင့် ပျံသန်းနိုင်စွမ်းဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားသလား။