မာတိကာဆီ ကျော်သွား

နက်ဖလင်ဆိုတာ ဘယ်သူတွေလဲ

နက်ဖလင်ဆိုတာ ဘယ်သူတွေလဲ

ကျမ်းစာအဖြေ

 နက်ဖလင်ဆိုတာ လူထွားကြီးတွေ။ နောဧလက်ထက်က နတ်ဆိုးတွေနဲ့ လူ့အမျိုးသမီးတွေ ပေါင်းဖက်ပြီး မွေးလာတဲ့ ကြမ်းကြုတ်တဲ့ လူထွားကြီးတွေပါ။ a

 ကျမ်းစာမှတ်တမ်းမှာ “စစ်မှန်တဲ့ ဘုရားသခင်ရဲ့ သားတွေက လူ့သမီးတွေ ချောမောလှပတာကို သတိပြုမိလာတယ်” လို့ဆိုတယ်။ (ကမ္ဘာဦး ၆:၂) “ဘုရားသခင်ရဲ့သားတွေ” ဟာ တကယ်တော့ ဘုရားကို ပုန်ကန်ပြီး ကောင်းကင်က “ကိုယ့်နေရာကို စွန့်ခွာခဲ့တဲ့” နာမ်ဝိညာဉ်သားတွေ။ သူတို့က လူ့ခန္ဓာကိုယ်ကို ယူပြီး “သူတို့နှစ်သက်သူတွေကို ဇနီးအဖြစ် ယူကြတယ်။”​—ယုဒ ၆။ ကမ္ဘာဦး ၆:၂

 ဒီလိုသဘာဝနဲ့ ဆန့်ကျင်ပြီး ပေါင်းစပ်တာကနေ မွေးဖွားလာတဲ့ ကပြားတွေဟာ သာမန်ကလေးတွေနဲ့ မတူကြဘူး။ (ကမ္ဘာဦး ၆:၄) ဒီနက်ဖလင်တွေဟာ လူတကာကို အနိုင်ကျင့်ပြီး ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုနဲ့ ပြည့်စေတဲ့ ကြမ်းကြုတ်သူတွေ ဖြစ်တယ်။ (ကမ္ဘာဦး ၆:၁၃) သူတို့ကို “ရှေးခေတ်က လူထွားကြီးတွေ၊ နာမည်ကျော်ကြားသူတွေ” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၆:၄) သူတို့ကြောင့် အကြမ်းဖက်မှုနဲ့ ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်လာတယ်။​—ကမ္ဘာဦး ၆:၅။ တောလည်ရာ ၁၃:၃၃ b

နက်ဖလင်နဲ့ပတ်သက်ပြီး ယူဆချက်အမှားများ

 အမှား– ဒီနေ့အထိ နက်ဖလင်တွေ မြေကြီးပေါ်မှာ ရှိနေသေးတယ်။

 အမှန်– ရှေးခေတ် အကြမ်းဖက်ကမ္ဘာကို ရေလွှမ်းမိုးဘေးနဲ့ ယေဟောဝါ ဖျက်ဆီးခဲ့တယ်။ လူဆိုးတွေနဲ့အတူ နက်ဖလင်တွေလည်း ပယ်ရှင်းခံခဲ့ရတယ်။ နောဧနဲ့ မိသားစုပဲ ဘုရားသခင့် မျက်နှာသာရသူတွေဖြစ်လို့ အသက်ချမ်းသာ ရခဲ့တယ်။​—ကမ္ဘာဦး ၆:၉။ ၇:​၁၂၊ ၁၃၊ ၂၃။ ၂ ပေတရု ၂:၅

 အမှား– နက်ဖလင်တွေရဲ့ ဖခင်တွေဟာ လူတွေ ဖြစ်တယ်။

 အမှန်– သူတို့ရဲ့ ဖခင်တွေဟာ “စစ်မှန်တဲ့ ဘုရားသခင်ရဲ့ သားတွေ” လို့ ကျမ်းစာက ဆိုတယ်။ (ကမ္ဘာဦး ၆:၂) ကောင်းကင်တမန်တွေကိုလည်း ကျမ်းစာက အဲဒီလိုပဲ ခေါ်တယ်။ (ယောဘ ၁:၆။ ၂:၁။ ၃၈:၇) ကောင်းကင်တမန်တွေဟာ လူ့သဏ္ဌာန်ကို ယူဆောင်နိုင်တယ်။ (ကမ္ဘာဦး ၁၉:​၁-၅။ ယောရှု ၅:​၁၃-၁၅) တမန်တော်ပေတရုက ‘နောဧခေတ်မှာ ဘုရားသခင် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းချိန်တုန်းက နာခံမှုမရှိခဲ့တဲ့ အကျဉ်းကျနေတဲ့ ကောင်းကင်တမန်တွေ’ အကြောင်း ပြောခဲ့တယ်။ (၁ ပေတရု ၃:​၁၉၊ ၂၀) အဲဒီအခြေအနေအကြောင်းကိုပဲ ကျမ်းရေးသူ ယုဒက “ကိုယ့်ရဲ့ မူလအခွင့်အရာကို မစောင့်ထိန်းရုံမက ကိုယ့်နေရာကို စွန့်ခွာခဲ့တဲ့ ကောင်းကင်တမန်တွေ” ဆိုပြီး ရှင်းပြခဲ့တယ်။​—ယုဒ ၆

 အမှား– နက်ဖလင်တွေဟာ ဖောက်ပြန်သွားတဲ့ ကောင်းကင်တမန်တွေ ဖြစ်တယ်။

 အမှန်– ကမ္ဘာဦး ၆:၄ ရဲ့ ရှေ့နောက်စကားကို ဖတ်တဲ့အခါ နက်ဖလင်တွေဟာ လူ့ပုံသဏ္ဌာန် ခံယူထားတဲ့ ကောင်းကင်တမန်တွေ မဟုတ်ဘဲ လူ့ကပြားတွေ ဖြစ်ကြတယ်။ ကောင်းကင်တမန်တွေက “သူတို့နှစ်သက်သူတွေကို ဇနီးအဖြစ် ယူကြ” ပြီးနောက် အဲဒီခေတ်အခါက မတရားတဲ့လောကကြီးကို နောက်အနှစ် ၁၂၀ ကြာရင် ယေဟောဝါ အရေးယူ ဖျက်ဆီးမယ်လို့ ပြောတယ်။ (ကမ္ဘာဦး ၆:​၁-၃) “အဲဒီတုန်းက” လူ့ပုံသဏ္ဌာန် ခံယူတဲ့ ကောင်းကင်တမန်တွေဟာ “လူ့သမီးတွေနဲ့ ဆက်ဆံပြီး” နက်ဖလင်လို့ခေါ်တဲ့ “ရှေးခေတ်က လူထွားကြီးတွေ” မွေးလာတယ်။​—ကမ္ဘာဦး ၆:၄

a “နက်ဖလင်” ဆိုတဲ့ ဟီဘရူးစကားလုံးရဲ့ အဓိပ္ပာယ်က “အလဲထိုးသူတွေ” ဖြစ်နိုင်တယ်။ ဒီစကားလုံးက “လူတွေကို အကြမ်းဖက် လုယက်ပြီး လဲကျစေသူတွေ” လို့ စာအုပ်တစ်အုပ်က ဆိုတယ်။Wilson’s Old Testament Word Studies 

b တောလည်ရာ ၁၃:၃၃ မှာ အစ္စရေးသူလျှိုတွေ တွေ့ခဲ့တဲ့ လူထွားကြီးတွေကို နက်ဖလင်တွေလို့ ပြောတာကိုကြည့်ရင် လွန်ခဲ့တဲ့ ရာစုနှစ်ချီကတည်းက သေဆုံးပြီးဖြစ်တဲ့ နက်ဖလင်တွေကို ပြန်သတိရသွားတာ ဖြစ်နိုင်တယ်။​—ကမ္ဘာဦး ၇:​၂၁-၂၃