မာတိကာဆီ ကျော်သွား

သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ | ယောဘ

နာကျင်မှုကို ယေဟောဝါ ကုသ​ပေးခဲ့

နာကျင်မှုကို ယေဟောဝါ ကုသ​ပေးခဲ့

နောက်ဆုံး​တော့ လူတွေ နှုတ်ဆိတ်​သွားတယ်။ အာရပ်​သဲကန္တာရ​မှာ လေပူ​တွေ တိုက်ခတ်​နေတဲ့ အသံ​တိုးတိုး​လေး​ကိုပဲ ကြားရ​တော့​တာ ဖြစ်နိုင်တယ်။ အချိန်အတော်ကြာ ငြင်းခုံခဲ့​ကြ​လို့ မော​သွားပြီး ယောဘ​မှာ ပြောစရာ​စကား မရှိတော့ဘူး။ ပြောစရာ ရှိသေး​ရင် ဆက်ပြော​ပါ​ဆိုတဲ့ ဒေါသ​အကြည့်​နဲ့ မိတ်ဆွေ သုံးယောက် ဖြစ်တဲ့ ဧလိဖတ်၊ ဗိလဒဒ်​နဲ့ ဇောဖာ​ကို ယောဘ စိုက်ကြည့်​နေတာကို မြင်ယောင်​ကြည့်ပါ။ ဒါပေမဲ့ သူတို့ကတော့ အကွက်​ကျကျ ဖန်တီးထားတဲ့ အကြောင်းပြချက်​တွေ၊ “အဓိပ္ပာယ်မဲ့” စကားတွေ၊ ခက်ထန်​ကြမ်းတမ်းတဲ့ စကားလုံးတွေ​နဲ့ ယောဘ​ကို ထိုးနှက်​တိုက်ခိုက်​တာ မအောင်မြင်လို့ စိတ်ဓာတ်ကျ​ပြီး အဝေး​ကို ဒါမှမဟုတ် အောက်​ကိုပဲ ကြည့်နေ​ကြတယ်။ (ယောဘ ၁၆:၃) ယောဘ​ကတော့ မိမိရဲ့ သမာဓိကို ကာကွယ်ဖို့ အရင်ကထက် စိတ်ပိုင်းဖြတ်ချက် ပို​ခိုင်မာ​လာတယ်။

ကျန်တာ​ဆိုလို့ သမာဓိ​ပဲ ရှိ​တော့​တယ်လို့ ယောဘ ခံစား​နေရတာ ဖြစ်နိုင်တယ်။ ပစ္စည်းဥစ္စာ​တွေ ဆုံးရှုံး​ကုန်ပြီ။ သားသမီး ဆယ်ယောက်​လည်း သေသွား​ပြီ။ မိတ်ဆွေ​နဲ့ အိမ်နီးချင်းတွေ​က သူ့ကို မကူညီ​ကြ၊ မလေးစား​ကြ​တော့​ဘူး။ ကျန်းမာရေး​လည်း ထိခိုက်​သွားပြီ။ အရေပြား​တွေ​လည်း ညိုမည်း​နေပြီး အနာ​ဖေး​တွေ ဗရပွ​နဲ့။ လောက်​တွေ တွယ်​ကုန်ပြီ၊ အာပုပ်နံ့​လည်း နံ​နေပြီ။ (ယောဘ ၇:၅။ ၁၉:၁၇။ ၃၀:၃၀) အဲဒီ​လူ သုံးယောက်ရဲ့ ထိုးနှက်ချက်​တွေ​က ယောဘ​ကို အလွန် ဒေါသ​ထွက်​စေတယ်။ သူတို့ စွပ်စွဲ​သလို ယုတ်မာ​တဲ့​သူ မဟုတ်ဘူး​ဆိုတာကို အခိုင်အမာ သက်သေ​ပြဖို့ ယောဘ ကြိုးစားခဲ့တယ်။ ယောဘရဲ့ နောက်ဆုံး​စကား​ကြောင့် သူတို့ နှုတ်ပိတ်​သွားတယ်။ ယောဘ​ကို နောက်ထပ်​ထိုးနှက်​စရာ စကားလုံးတွေ မရှိတော့ဘူး။ ယောဘ​ကတော့ စိတ်ရော ခန္ဓာ​ပါ နာကျင်​နေပြီ။ သူ အကူအညီ လို​နေတယ်။

ယောဘရဲ့​အတွေး ဘာကြောင့် လွဲမှား​နေတယ်​ဆိုတာ နားလည်​ပေး​နိုင်ပါတယ်။ သူ့ကို တည့်မတ်​ပဲ့ပြင်ပေး​ဖို့၊ နှစ်သိမ့်​ပေးဖို့ လို​နေတယ်။ ဒါပေမဲ့ သူ့ရဲ့ မိတ်ဆွေ​သုံးယောက်​က နှစ်သိမ့်မှု မပေးခဲ့​ဘူး။ သင်လည်း လမ်းညွှန်မှုနဲ့ နှစ်သိမ့်မှု လိုအပ်​နေချိန်မှာ မရဘူးလို့ ခံစားခဲ့ရ​ဖူး​သလား။ မိတ်ဆွေ​တွေ​လို့ ကိုယ်​သတ်မှတ်​ထားသူတွေ​ကြောင့် စိတ်ပျက်​ခဲ့​ရဖူးသလား။ မိမိရဲ့ ကျွန် ယောဘ​ကို ယေဟောဝါဘုရား နှစ်သိမ့်​ပေးခဲ့​ပုံ​နဲ့ ယောဘရဲ့ တုံ့ပြန်ပုံ​က သင့်ကို မျှော်လင့်ချက် ရှိစေ​ပုံ၊ လက်တွေ့ကျကျ ကူညီ​ပေးနိုင်ပုံ​ကို သင်ယူပါ။

ပညာရှိ​ပြီး ကြင်နာ​တတ်တဲ့ အကြံ​ပေးသူ

ယောဘ​ကျမ်းက​နေ အံ့ဩစရာ အချက်တစ်ချက်​ကို တွေ့ရတယ်။ ဧလိဟု​လို့ ခေါ်တဲ့ နောက်ထပ် လူငယ်​တစ်ယောက် ရှိနေတယ်။ လူကြီးတွေ အချေအတင် စကားပြော​နေတာကို ဘာမှ ဝင်​မပြော​ဘဲ နားထောင်​နေတယ်။ သူတို့ ပြောဆို​နေတာတွေကို ဧလိဟု ဘဝင်​မကျ​ဘူး။

ဧလိဟု​ဟာ ယောဘ​ကြောင့် စိတ်မကောင်း ဖြစ်နေတယ်။ ဖြောင့်မတ်တဲ့ ယောဘဟာ တခြား​သူတွေရဲ့ ဖိအား​ကြောင့် သူ့ကိုယ်သူ “ဘုရားသခင်​ထက် ပို​ဖြောင့်မှန်တယ်​ဆိုတာ ပြဖို့” ကြိုးစား​နေတာကို တွေ့လို့ ဧလိဟု စိတ်ပျက်​ခဲ့တယ်။ ဒါပေမဲ့ ဧလိဟု​ဟာ ယောဘရဲ့ နာကျင်မှု၊ စိတ်ရင်းမှန်မှု​ကို မြင်တယ်။ ကြင်ကြင်နာနာ ပဲ့ပြင်ပေး​ဖို့၊ နှစ်သိမ့်​ပေးဖို့ လိုအပ်​နေတာကို မြင်ပြီး စာနာခဲ့​တယ်။ မိတ်ဆွေ​အတုအယောင် သုံးယောက်ကို ဧလိဟု ဆက်​သည်းမခံ​နိုင်​တော့​တာ အံ့ဩစရာ မဟုတ်ပါဘူး။ ယောဘ​ကို ထိုးနှက်​နေတာ၊ ယောဘရဲ့ ယုံကြည်ခြင်း၊ ဂုဏ်​သိက္ခာ​နဲ့ သမာဓိကို နင်းချေ​နေကြတာ သူ ကြားခဲ့​ရတယ်။ ပို​ဆိုး​တာ​က သူတို့ရဲ့ အလိမ်အညာ စကားတွေက ဘုရားကို​တောင် ယုတ်မာ​သူ ဖြစ်စေခဲ့တယ်။ ဧလိဟု မဖြစ်​မနေ စကားပြော​ရတော့မယ်။—ယောဘ ၃၂:၂-၄၊ ၁၈

“ခင်ဗျားတို့​က အသက်ကြီး​ပြီး ကျွန်တော်က အသက်ငယ်​တဲ့​အတွက် လေးစားတဲ့​အနေနဲ့ နှုတ်ဆိတ်​နေတာပါ။ ကိုယ်​သိ​တာ​ကို ပြောဖို့ မဝံ့မရဲ ဖြစ်နေတာ​ပါ” လို့ ဧလိဟု ပြောတယ်။ ဒါပေမဲ့ ဆက်ပြီး နှုတ်ဆိတ် မနေနိုင်​တော့​ဘူး။ “အသက်ကြီး​တိုင်း​လည်း ပညာရှိ​တာ မဟုတ်ဘူး။ အသက်ကြီး​သူတွေ​ပဲ မှန်တာကို နားလည်တာ မဟုတ်ဘူး” လို့ သူ ဆက်ပြောတယ်။ (ယောဘ ၃၂:၆၊) ပြီးတဲ့နောက် ဧလိဟု​ဟာ သူ့​စကားတွေ မှန်​ကြောင်း စကားအရှည်​ကြီး ဆက်ပြောတယ်။ ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာ​တို့နဲ့ မတူတဲ့ စကားတွေ ပြောတယ်။ ယောဘ​ကို အထင်သေး​တဲ့​စကား၊ ဖိအားပေး​တဲ့ စကားတွေ မပြောဘူး​လို့ ဧလိဟု စိတ်ချ​စေခဲ့တယ်။ ယောဘ​ကို သူ ဂုဏ်တင်တယ်၊ ယောဘရဲ့ နာမည်ကို ခေါ်ပြီး စကား​ပြောတယ်၊ ယောဘ လေးလေးစားစား ဆက်ဆံ​မခံရ​ဘူးဆို​တာ​ကိုလည်း အသိအမှတ်​ပြုတယ်။ * “ယောဘ၊ အခု ကျွန်တော် ပြောတာကို တစ်ဆိတ်​လောက် နားထောင်ပါ” လို့ လေးလေးစားစား ပြောခဲ့တယ်။—ယောဘ ၃၃:၁၊ ၇။ ၃၄:၇

ဧလိဟု​ဟာ ယောဘ​ကို နာမည်​ခေါ်ပြီး စကား​ပြောတယ်၊ ကြင်ကြင်နာနာ​နဲ့ ဂုဏ်​သိက္ခာ​ရှိ​ရှိ ဆက်ဆံ​ခဲ့တယ်

“ကျုပ်​ဟာ စင်ကြယ်တယ်။ အပြစ်​မရှိဘူး။ သန့်ရှင်း​ပြီး အပြစ်ကင်း​တယ်။ ဘုရားသခင်က​သာ ကျုပ်​ကို အကြောင်း​မရှိ အကြောင်း​ရှာပြီး တိုက်ခိုက်​နေတာ . . . လို့ ခင်ဗျား ပြောခဲ့တယ်” ဆိုပြီး ဧလိဟု​က ယောဘ​ကို ပွင့်ပွင့်လင်းလင်း ဆုံးမတယ်။ ဧလိဟု​ဟာ ပြဿနာကို ဖော်ထုတ်​ပြီး အခုလို မေးလိုက်တယ်– “ခင်ဗျား​က ‘ဘုရားသခင်​ထက် ကျုပ် ပို​ဖြောင့်မတ်တယ်’ လို့ ပြော​ရ​လောက်​တဲ့​အထိ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယုံကြည်​နေ​သလား။” ဒီအတိုင်း ဆက်​ယူမှတ်​ဖို့ ယောဘ​ကို ဧလိဟု ခွင့်မပြု​ခဲ့​ဘူး။ “အဲဒီလို​ပြောတာ မမှန်ဘူး” လို့ လူငယ်​က ဆက်ပြောတယ်။ (ယောဘ ၃၃:၈-၁၂။ ၃၅:၂) ဆုံးရှုံးမှုတွေ​ကြောင့်၊ မိတ်ဆွေ​အတုအယောင်​တွေရဲ့ မတော်မတရား ဆက်ဆံမှု​ကြောင့် ယောဘ ဒေါသ​ထွက်​နေမှန်း ဧလိဟု သိတယ်။ ဒါပေမဲ့ ဧလိဟု​က ယောဘ​ကို “ဒေါသ​ကြောင့် အာဃာတ မထား​မိအောင် သတိ​ထားပါ” လို့ သတိ​ပေးခဲ့တယ်။—ယောဘ ၃၆:၁၈

ယေဟောဝါရဲ့ ကြင်နာမှု​ကို ဧလိဟု အလေးပေး​ခဲ့

ဧလိဟု​ဟာ ယေဟောဝါဘုရား​ဘက်က​နေ စကား​ပြောခဲ့တယ်။ “စစ်မှန်တဲ့ ဘုရားသခင်က ဆိုးညစ်တာကို ဘယ်တော့မှ မလုပ်​ဘူး။ အနန္တ​တန်ခိုးရှင်​က မကောင်းတာကို လုံးဝ မလုပ်​ဘူး။ . . . အနန္တ​တန်ခိုးရှင်​က အမှန်တရားကို ကပြောင်းကပြန် ဖြစ်အောင် မလုပ်​ဘူး” ဆိုတဲ့ စကားလုံး​နည်းနည်းနဲ့ အမှန်တရားကို အားမာန်ပါပါ ပြောဆို​ခဲ့တယ်။ (ယောဘ ၃၄:၁၀၊ ၁၂) ယေဟောဝါရဲ့ ကရုဏာ​ပါတဲ့ တရား​မျှတမှု နမူနာ​အနေနဲ့ ယေဟောဝါကို ယောဘ မလေးမစား ပြောခဲ့တဲ့​စကားတွေ​အတွက် ယောဘ​ကို ဘုရား အပြစ်ပေး​မှာ မဟုတ်ဘူးလို့ ဧလိဟု ပြောခဲ့တယ်။ (ယောဘ ၃၅:၁၃-၁၅) အဖြေ​အားလုံးကို သိတယ်လို့ ဧလိဟု မပြော​ဘဲ “ဘုရားသခင်ရဲ့ ကြီးမြတ်မှု​ကို ကျွန်တော်တို့ အပြည့်အဝ မသိ​နိုင်ဘူး” လို့ နှိမ့်ချမှု​ရှိရှိ အသိအမှတ်​ပြုခဲ့တယ်။—ယောဘ ၃၆:၂၆

ဧလိဟု​ရဲ့ ဆုံးမ​စကားတွေဟာ တဲ့တိုး​ကျ​ပေမဲ့ ကြင်နာမှု ပါတယ်။ တစ်နေ့ကျရင် ယောဘ​ကို ကျန်းမာရေး ပြန်ကောင်း​အောင် ဘုရား လုပ်ပေးမယ်​ဆိုတဲ့ သိပ်​ကောင်းတဲ့ မျှော်လင့်ချက်​အကြောင်း သူ ပြောခဲ့တယ်။ ဘုရားက မိမိရဲ့ သစ္စာရှိ​ကျွန်တွေကို “လူငယ်​ဘဝ​တုန်း​က​ထက် အသားအရေ စိုပြည်​လာပါစေ။ လူငယ့်​အားမာန်​နဲ့ ပြည့်တဲ့ နေ့ရက်​တွေကို ပြန်​ရ​ပါစေ​လို့ ပြောတယ်” လို့ ပြော​လိမ့်မယ်။ ဧလိဟု ကြင်နာမှု​ပြ​တဲ့ နောက်ထပ်​သာဓက​တစ်ခုက ယော​က​ကို ပြစ်တင်​ဆုံးမ​ရုံ​သာ မဟုတ်ဘဲ စကား​ပြောဖို့၊ သူ မေး​တာ​ကို ဖြေဖို့ ယောဘ​ကို ပြောခဲ့တယ်။ “ပြောစရာ ရှိရင် ပြန်​ပြောပါ​တော့” လို့ ယောဘ​ကို ပြောခဲ့တယ်။ (ယောဘ ၃၃:၂၅၊ ၃၂) ဒါပေမဲ့ ယောဘ အဖြေ မပေးခဲ့​ဘူး။ ဒီလို ကြင်နာ​ပြီး အားပေးမှု ဖြစ်စေတဲ့ ဆုံးမ​စကားတွေကို ပြန်​ချေပ​စရာ မလိုဘူးလို့ ယောဘ ယူဆတာ​လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဧလိဟု​ရဲ့ ဂရုစိုက်မှုကို ခံစား​ရလို့ ငို​နေတာလည်း ဖြစ်နိုင်တယ်။

ဒီ​သစ္စာရှိ​သူတွေဆီ​ကနေ အရေးကြီးတဲ့ သင်ခန်းစာ​များစွာ သင်ယူ​နိုင်ပါတယ်။ လိုအပ်​နေသူတွေကို ဘယ်လို ဆုံးမ​စကား ပြောရမယ်၊ ဘယ်လို နှစ်သိမ့်​ပေးရမယ်​ဆိုတာ ဧလိဟု​ဆီကနေ သင်ယူနိုင်တယ်။ မိတ်ဆွေစစ်​တွေဟာ ကိုယ် ကြီးလေး​တဲ့​အမှား လုပ်​နေတာ မြင်ရင်၊ အန္တရာယ်​လမ်းကို လိုက်နေ​မှန်း သိ​ရင် သတိ​မပေး​ဘဲ မနေဘူး။ (ပညာအလိမ္မာ ၂၇:၆) ကျွန်တော်တို့လည်း အဲဒီလို မိတ်ဆွေမျိုး ဖြစ်ချင်​ကြပါတယ်။ လိုအပ်​နေ​သူတွေက မဆင်မခြင် ပြောဆို​ရင်တောင် ကြင်ကြင်နာနာ​နဲ့ အားပေး​ချင်ကြတယ်။ ကျွန်တော်တို့​ကိုယ်တိုင် အဲဒီလို ဆုံးမ​ခံရဖို့ လိုတယ်​ဆိုရင် ဆုံးမ​စကားကို ငြင်းပယ်​မယ့်​အစား နှိမ့်ချ​စိတ်နဲ့ လက်ခံဖို့ ယောဘရဲ့ နမူနာ​က သတိပေး​ချက် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့​အားလုံး ဆုံးမ​ပဲ့ပြင်​ခံရဖို့ လိုအပ်​ကြတယ်။ ဆုံးမတာကို လက်ခံ​တာ​က အသက်ကို ကယ်တင်​နိုင်တယ်။—ပညာအလိမ္မာ ၄:၁၃

“လေမုန်တိုင်း​ထဲ​ကနေ”

ဧလိဟု စကား​ပြောတဲ့အခါ လေ၊ မိုးတိမ်၊ မိုးကြိုး၊ လျှပ်စီး​အကြောင်း မကြာခဏ ပြောတယ်။ “ဘုရားရဲ့ မြည်ဟည်းသံ၊ နှုတ်​တော်​က ထွက်​တဲ့ မိုးချုန်းသံ​ကို အသေအချာ နားထောင်ကြပါ” လို့ သူ ပြောခဲ့တယ်။ ခဏအကြာ​မှာ​တော့ “လေပြင်း” အကြောင်း ဧလိဟု ပြောခဲ့တယ်။ (ယောဘ ၃၇:၂၊) ယောဘ​နဲ့ ဧလိဟု စကားပြော​နေချိန်မှာ​ပဲ လေ​က တဖြည်းဖြည်း ပြင်း​လာပုံ​ရတယ်။ နောက်ဆုံးမှာ အင်အား​ကြီးတဲ့ လေမုန်တိုင်း ဖြစ်သွားတယ်။ အဲဒီနောက် ပိုပြီး ထူးဆန်းတဲ့​အရာ ဖြစ်လာတယ်။ ယေဟောဝါ စကားပြော​ပါပြီ။—ယောဘ ၃၈:၁

သဘာဝ​လောက​အကြောင်း စကြဝဠာ ဖန်ဆင်းရှင် ဟောပြော​နေတာကို နားထောင်​ခွင့် ရတယ်​လို့ မြင်ယောင်​ကြည့်ပါ

ယောဘ​ကို ပြောတဲ့ ယေဟောဝါရဲ့ စကားတွေကို ယောဘ​ကျမ်းမှာ ဖတ်ရ​လို့ ကျွန်တော်တို့ ဝမ်းသာ​ကြတယ်။ အမှန်တရား လေပြင်း​က အဓိပ္ပာယ်​မဲ့တဲ့ စကားတွေကို လွင့်​စင်​သွား​စေ​သလိုပဲ ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာ​တို့ရဲ့​စကားတွေ ပျောက်လွင့်​သွားတယ်။ အဲဒီ​လူတွေကို ယေဟောဝါ စကား​မပြော​သေး​ဘူး။ ယောဘ​တစ်ယောက်တည်း​ကိုပဲ အာရုံ​စိုက်​ခဲ့တယ်။ သားကို မေတ္တာပါပါ ဆုံးမ​နေတဲ့ ဖခင်​လို ခိုင်ခိုင်မာမာ စကား​ပြောခဲ့တယ်။

ယောဘရဲ့ နာကျင်မှုကို ယေဟောဝါ နားလည်တယ်။ မိမိ​ချစ်​ရတဲ့ သားသမီးတွေ ဝေဒနာ ခံစား​ရတဲ့အခါ​တိုင်း ခံစားရ​သလိုပဲ ယောဘ​ကို ဘုရား သနား​ခဲ့တယ်။ (ဟေရှာယ ၆၃:၉။ ဇာခရိ ၂:၈) ဒါပေမဲ့ ယောဘ “ဘာမှ မသိဘဲ ပြော​နေ” လို့ အခြေအနေ​တွေ ပို​ဆိုး​သွားတယ်။ ဒါကြောင့် ယေဟောဝါဟာ ယောဘ​ကို မေးခွန်းတွေ ဆက်တိုက် မေး​ပြီး ပဲ့ပြင်​တည့်မတ် ပေးခဲ့တယ်။ “ကမ္ဘာကြီးကို ငါ​အုတ်မြစ်ချ​တုန်း​က မင်း ဘယ်မှာ ရှိသလဲ။ နားလည်​ရင် ပြောပါ” ဆိုတဲ့ မေးခွန်း​နဲ့ အစ​ပြုခဲ့တယ်။ ဖန်ဆင်းခြင်း စတင်​ချိန်မှာ ဘုရားရဲ့ မိသားစုဝင် ကောင်းကင်တမန်တွေ ဖြစ်တဲ့ “မိုး​သောက်​ကြယ်တွေ” ဟာ ရွှင်လန်းစွာ သီချင်း​ဆိုပြီး လက်ခုပ်​ဩဘာ​ပေး​ကြတယ်။ (ယောဘ ၃၈:၂၊ ၄၊) အဲဒီ​အကြောင်း ယောဘ ဘာမှ မသိခဲ့ဘူး။

ယေဟောဝါဟာ လေမုန်တိုင်း​ထဲ​ကနေ စကား​ပြောပြီး ယောဘရဲ့​အတွေးအခေါ်ကို မေတ္တာပါပါ တည့်မတ်​ပေးခဲ့

ယေဟောဝါဟာ မိမိရဲ့ ဖန်ဆင်းခြင်း​အကြောင်း ဆက်ပြောတယ်။ သဘာဝ သိပ္ပံ​ပညာလို့ ယနေ့ လူတွေ ခေါ်ဆို​နေတဲ့ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ ဘူမိဗေဒ၊ ရူပဗေဒ​ပညာ​အကြောင်း ယောဘ​ကို ယေဟောဝါ အကြမ်းဖျင်း ဖော်ပြခဲ့တယ်။ အထူးသဖြင့် ယောဘ နေထိုင်တဲ့ ဒေသမှာ တွေ့ရတဲ့ ခြင်္သေ့၊ ကျီးနက်၊ တောင်ဆိတ်၊ မြည်း​ရိုင်း၊ နွား​ရိုင်း၊ ငှက်​ကုလားအုတ်၊ မြင်း၊ သိမ်းငှက်၊ လင်းယုန်၊ ဗေဟမုတ် (ရေမြင်း ဖြစ်နိုင်)၊ လဝိသန် (မိကျောင်း ဖြစ်နိုင်) တို့အကြောင်း ဖော်ပြခဲ့တယ်။ သဘာဝ​လောက​အကြောင်း စကြဝဠာ​ကို ဖန်ဆင်းတဲ့အရှင် ဟောပြော​နေတာကို နားထောင်​ခွင့် ရတယ်​လို့ မြင်ယောင်​ကြည့်ပါ။ *

နှိမ့်ချမှုနဲ့ မေတ္တာ​အကြောင်း သင်ပေး

ဒါတွေ​အားလုံး​က ဘာ​အတွက်​လဲ။ ယောဘ​မှာ နှိမ့်ချမှု ရှိဖို့ လိုအပ်​နေတယ်။ မိမိကို ယေဟောဝါ မတရား​ဆက်ဆံတယ်​လို့ ပြစ်တင်​ပြောဆိုခြင်း​အားဖြင့် ယောဘဟာ မိမိရဲ့ နာကျင်မှုကို ပို​ဆိုး​စေပြီး မေတ္တာရှင် ဖခင်​နဲ့ ဆက်ဆံရေးကို ထိခိုက်​စေခဲ့တယ်။ ဒါကြောင့် စကြဝဠာမှာ ရှိတဲ့ အံ့ဖွယ်​အရာတွေ စတင် တည်ရှိ​လာတဲ့အခါ ယောဘ ဘယ်မှာ ရှိသလဲ၊ ဘုရား ဖန်ဆင်း​ထားတဲ့ တိရစ္ဆာန်တွေကို ယောဘ ကျွေး​နိုင်၊ ထိန်းချုပ်​နိုင်သလား​ဆိုတဲ့ မေးခွန်း​ကို ယေဟောဝါ ဆက်တိုက် မေးခဲ့တယ်။ ယေဟောဝါ ဖန်ဆင်း​ထားတဲ့ ရိုးရှင်းတဲ့​အရာတွေကိုတောင် မထိန်းချုပ်​နိုင်​ရင် ဖန်ဆင်းရှင်ကို ဘယ်လိုလုပ် ပြစ်တင်​ဝေဖန်​နိုင်မလဲ။ ယေဟောဝါရဲ့ နည်းလမ်း​နဲ့ အတွေး​တွေဟာ အကန့်အသတ်​သာ ရှိတဲ့ ယောဘ​ထက် များစွာ သာလွန်​ပါတယ်။

ယောဘ အငြင်းအခုံ မလုပ်ခဲ့ဘူး။ ဆင်ခြေ​ဆင်လက် မပေးခဲ့​ဘူး

ယေဟောဝါ ပြောသမျှ​မှာ ယောဘ​ကို အလွန် ချစ်ကြောင်း ပေါ်လွင်တယ်။ ယေဟောဝါဟာ ယောဘ​နဲ့ ဒီလို ကျိုးကြောင်း​ဆင်ခြင်​ခဲ့တယ်– ‘သား၊ ဒါတွေကို ငါ​ဖန်ဆင်းပြီး စောင့်ရှောက်​နိုင်တယ်​ဆိုရင် မင်းကို မစောင့်ရှောက်​ဘူးလို့ ထင်နေ​သလား။ မင်းကို ငါ စွန့်ပစ်​ပါ့မလား၊ မင်းရဲ့ သားသမီးတွေ၊ မင်း​ဘဝ အာမခံချက်​နဲ့ မင်းရဲ့ ကျန်းမာရေး​ကို ငါ​လုယူ​ပါ့မလား။ မင်း ဆုံးရှုံးသွား​တာတွေကို ပြန်ရအောင် လုပ်ပေးမယ့်​သူ၊ မင်းရဲ့ နာကျင်မှုကို ပြန်​ကုစား​ပေးမယ့်​သူက ငါ​ပဲ မဟုတ်လား။’

ယေဟောဝါရဲ့ စဉ်းစား​စေတဲ့ မေးခွန်းတွေ​ထဲ​က နှစ်ခု​ကိုပဲ ယောဘ ပြန်ဖြေ​ခဲ့တယ်။ ယောဘ အငြင်းအခုံ မလုပ်ခဲ့ဘူး။ အကြောင်းပြချက်​တွေ၊ ဆင်ခြေ​တွေ မပေးခဲ့​ဘူး။ သူ ဘာမှ မသိ​ဘူးလို့ နှိမ့်ချစွာ ဝန်ခံ​ခဲ့တယ်၊ မဆင်မခြင် ပြောခဲ့တာ​တွေ​အတွက် နောင်တ​ရခဲ့တယ်။ (ယောဘ ၄၀:၄၊ ၅။ ၄၂:၁-၆) ဒီ​နေရာမှာ ယုံကြည်ခြင်းရဲ့ အကောင်းဆုံး စံနမူနာကို တွေ့ရတယ်။ ယောဘဟာ ခံနိုင်ရည် ရှိသူ၊ ယုံကြည်ခြင်း ခိုင်မြဲ​သူ ဖြစ်တယ်။ ယေဟောဝါရဲ့ ဆုံးမ​ပဲ့ပြင်မှု​ကို လက်ခံ​ပြီး အဲဒီကနေ အကျိုး ရယူခဲ့​တယ်။ ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် ဒီလို မေးသင့်တယ်– ‘ပဲ့ပြင်​တည့်မတ်​မှု၊ ဆုံးမမှုကို ငါ နှိမ့်ချစွာ လက်ခံ​သလား။’ ကျွန်တော်တို့​အားလုံး အဲဒီလို အကူအညီ လိုအပ်​ကြတယ်။ အကူအညီကို လက်ခံတယ်​ဆိုရင် ယောဘရဲ့ ယုံကြည်ခြင်းကို အတုယူ​နေတာ ဖြစ်တယ်။

‘ငါ့​အကြောင်း အမှန်အတိုင်း မင်းတို့ မပြောကြဘူး’

ယေဟောဝါဟာ ယောဘရဲ့ နာကျင်မှုကို နှစ်သိမ့်​ဖို့ လုပ်ဆောင်ခဲ့တယ်။ မိတ်ဆွေ အတုအယောင် သုံးယောက်​ထဲမှာ အသက်​အကြီးဆုံး ဖြစ်ပုံရ​တဲ့ ဧလိ​ဖတ်​ကို ယေဟောဝါ ဒီလို ပြောတယ်– “မင်းနဲ့ မိတ်ဆွေ​နှစ်ယောက်ကို ငါ​စိတ်ဆိုး​တယ်။ ငါ့​အကြောင်းကို ငါ့​ကျွန်​ယောဘ အမှန်အတိုင်း ပြော​သလို​မျိုး မင်းတို့ မပြောကြဘူး။” (ယောဘ ၄၂:၇) အဲဒီ​စကားတွေကို စဉ်းစား​ကြည့်ပါ။ အဲဒီ​အမျိုးသား သုံးယောက် ပြောတာ အကုန် မှားတယ်၊ ယောဘ ပြောတာ အကုန် မှန်တယ်လို့ ယေဟောဝါ ပြောနေတာလား။ မဟုတ်ပါဘူး။ * ဒါပေမဲ့ ယောဘ​နဲ့ သူ့ကို စွပ်စွဲသူ​တွေ​မှာ လုံးလုံး မတူတာ တစ်ခု ရှိတယ်။ ယောဘဟာ မမှန်မကန် စွပ်စွဲ​ခံရလို့ အလွန် ဝမ်းနည်း​နေတယ်၊ စိတ်​အားငယ်​နေတယ်။ အဲဒါကြောင့် စကား​မဆင်မခြင် ပြော​မိ​တာ​ကို နားလည်​နိုင်ပါတယ်။ ဒါပေမဲ့ ဧလိဖတ်​နဲ့ မိတ်ဆွေ နှစ်ယောက်​ကတော့ အဲဒီလို ခက်ခဲတဲ့ အခြေအနေ​မျိုး မကြုံ​ရ​ဘူး။ ယုံကြည်ခြင်း အားနည်း​ပြီး ထိုးနှက်တဲ့ စကားတွေကို တမင်တကာ ပြော​နေကြတာ။ အပြစ်မဲ့​သူကို ထိုးနှက်​ရုံ​သာမက ပို​ဆိုး​တာ​က ယေဟောဝါကို ခက်ထန်၊ ရက်စက်​ပုံ​ပေါက်​အောင် တလွဲ​ပြောဆို​ခဲ့​ကြတယ်။

ဒါကြောင့် အဲဒီ​လူတွေကို တန်ဖိုး​ကြီးတဲ့ ပူဇော်သက္ကာ ပူဇော်​ဖို့ ယေဟောဝါ တောင်းဆိုတာ အံ့ဩစရာ မဟုတ်ပါဘူး။ နွား ၇ ကောင်နဲ့ ဆိတ် ၇ ကောင်​ကို ပူဇော်​ရမှာ ဖြစ်တယ်။ အဲဒါက နည်းတဲ့ ပမာဏ မဟုတ်ဘူး။ နောက်ပိုင်း မောရှေ​ပညတ်မှာ ပုရောဟိတ်​ကိုယ်တိုင် အပြစ်​လုပ်မိပြီး လူတွေ​အပေါ် အပြစ်ရောက်​စေတယ်​ဆိုရင် နွား​ပူဇော်​ဖို့ တောင်းဆို​ထားတယ်။ (ဝတ်ပြုရာ ၄:၃) အဲဒါဟာ ပညတ်တရား​က တောင်းဆိုတဲ့ ဈေး​အကြီးဆုံး တိရစ္ဆာန် ဖြစ်တယ်။ သူတို့​ကိုယ်စား ယောဘ​ကိုယ်တိုင် အရင် ဆုတောင်းပေး​မှ စွပ်စွဲသူ​တွေရဲ့ ပူဇော်သက္ကာ​ကို လက်ခံမယ်လို့ ယေဟောဝါ ပြောခဲ့တယ်။ *

“ငါ့​ကျွန်​ယောဘ​က မင်းတို့​အတွက် ဆုတောင်းပေး​လိမ့်မယ်။”—ယောဘ ၄၂:၈

ယောဘ​ကို အလွန်အမင်း စိတ်​ထိခိုက်အောင် လုပ်ခဲ့တဲ့ အဲဒီ​လူတွေကို ယောဘ ခွင့်လွှတ်​မယ်​ဆိုတာ ယေဟောဝါ ယုံကြည်​စိတ်ချတယ်။ ယောဘဟာ ဖခင်​ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူး။ (ယောဘ ၄၂:၉) သူ သမာဓိ​ရှိတယ်ဆိုတာ သူ့ရဲ့ နာခံမှုက စကားတွေ​ထက် ပို​အစွမ်းထက်တဲ့ သက်သေပါပဲ။ အဲဒါကြောင့် ယောဘရဲ့ ဘဝမှာ ထူးမြတ်​တဲ့ ကောင်းချီးတွေ ခံစားခဲ့​ရတယ်။

“အလွန် ချစ်ခင်​စာနာ”

ယေဟောဝါဟာ ယောဘ​ကို “အလွန် ချစ်ခင်​စာနာ​ပြီး ကရုဏာ” ပြခဲ့တယ်။ (ယာကုပ် ၅:၁၁) ဘယ်လို​နည်းနဲ့လဲ။ ယောဘ ကျန်းမာရေး ပြန်ကောင်း​အောင် လုပ်ပေးခဲ့တယ်။ ဧလိဟု ကြိုပြောခဲ့​သလို ယောဘဟာ “လူငယ်​ဘဝ​တုန်း​က​ထက် အသားအရေ စိုပြည်​လာ” တာ​ကို တွေ့ရတဲ့​အခါ ဘယ်လို ခံစား​ရမယ်ဆိုတာ မြင်ယောင်​ကြည့်ပါ။ မိသားစုဝင်​တွေ​နဲ့ မိတ်ဆွေ​တွေ​က​လည်း ယောဘ​ကို နှစ်သိမ့်​ပေး၊ လက်ဆောင်တွေ ပေးပြီး လိုအပ်တာတွေ ကူညီပေး​ကြတယ်။ ယေဟောဝါဟာ ယောဘ​ကို ကြွယ်ဝ​ချမ်းသာ​အောင် လုပ်ပေး​ပြီး အရင်​ထက် ကောင်းချီး​နှစ်ဆ ပေးခဲ့တယ်။ ဝမ်းနည်းစရာ အကောင်းဆုံး ဖြစ်တဲ့ သားသမီးတွေ ဆုံးရှုံး​သွားတာ​ကော။ နောက်​ထပ် သားသမီး​ဆယ်ယောက် မွေးလာတဲ့​အခါ ယောဘ​နဲ့ သူ့ဇနီးဟာ အတော်အတန် နှစ်သိမ့်မှု ခံစား​ခဲ့​ရမှာပဲ။ ယေဟောဝါဟာ အံ့ဖွယ်​နည်းနဲ့ ယောဘရဲ့ သက်တမ်း​ကို ရှည်​စေခဲ့တယ်။ ယောဘဟာ နောက်ထပ် အနှစ် ၁၄၀ ပို​အသက်ရှင်ခဲ့​လို့ သူ့ရဲ့ နောက်​လူမျိုးဆက် လေးဆက်​ကို မြင်တွေ့ခွင့် ရခဲ့တယ်။ “ယောဘဟာ ကျေနပ်စရာ​ကောင်းတဲ့ ဘဝနဲ့ အသက်ရှည်ရှည် နေရ​ပြီးနောက် ကွယ်လွန်​သွားတယ်။” (ယောဘ ၄၂:၁၀-၁၇) ပရဒိသုမှာ ယောဘ​နဲ့ သူ့ရဲ့ ချစ်ဇနီး​ဟာ စာတန်​ကြောင့် သေဆုံးသွားတဲ့ သားသမီး​ဆယ်ယောက် အပါအဝင် မိသားစုဝင်​အားလုံး​နဲ့ ပြန်​ပေါင်းစည်း​ပါလိမ့်မယ်။—ယောဟန် ၅:၂၈၊ ၂၉

ယောဘ​ကို ယေဟောဝါ ဘာကြောင့် ကြွယ်ဝ​စွာ ဆုချ​ခဲ့သလဲ။ “ယောဘရဲ့ ခံနိုင်ရည်​အကြောင်း ကြားဖူး” မှာပါ​လို့ ကျမ်းစာမှာ အဖြေ​ပေးထားတယ်။ (ယာကုပ် ၅:၁၁) ယောဘဟာ ကျွန်တော်တို့ စဉ်းစားလို့ ရနိုင်တာ​ထက် ပို​များတဲ့ အခက်အခဲတွေကို ခံရပ်​ခဲ့တယ်။ “ခံနိုင်ရည်” ဆိုတဲ့ စကားလုံးက ဆင်းရဲ​ဒုက္ခတွေကို ခံရပ်​ရုံ​ထက်မက ယောဘ လုပ်ဆောင်ခဲ့တယ်​ဆိုတာ သိရတယ်။ ယေဟောဝါအပေါ် ထားရှိတဲ့ သူ့ရဲ့ ယုံကြည်ခြင်းနဲ့ ခိုင်မြဲ​တဲ့ မေတ္တာ​ကြောင့် ခံရပ်​နိုင်ခဲ့တယ်။ ဒေါသ​စိတ်နဲ့ နာကြည်း​မယ့်​အစား သူ့ကို တမင်တကာ ထိခိုက်အောင် လုပ်ခဲ့​သူတွေကို လိုလိုလားလား ခွင့်လွှတ်​ပေးခဲ့တယ်။ သူ့ရဲ့ မျှော်လင့်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်​ခဲ့​ဘူး။ အဖိုးတန်​ဆုံး ဖြစ်တဲ့ ဘုရား​အပေါ် သူ့ရဲ့ သမာဓိကို ကာကွယ်​ခဲ့တယ်။—ယောဘ ၂၇:၅

ကျွန်တော်တို့ တစ်ယောက်စီလည်း ခံနိုင်ရည် ရှိဖို့ လိုတယ်။ စာတန်ဟာ ယောဘ​ကို လုပ်​သလို ကျွန်တော်တို့ကိုလည်း စိတ်ပျက်​အားလျော့​အောင် လုပ်မှာ သေချာတယ်။ ဒါပေမဲ့ ယုံကြည်ခြင်းနဲ့ ခံရပ်​မယ်၊ ဆက်​နှိမ့်ချ​မယ်၊ တခြား​သူတွေကို လိုလိုလားလား ခွင့်လွှတ်​မယ်၊ ကိုယ့်ရဲ့ သမာဓိကို ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်​ထားမယ်​ဆိုရင် ကျွန်တော်တို့လည်း အဖိုးတန် မျှော်လင့်ချက်ကို ဆုပ်ကိုင်​ထား​နိုင်​ပါလိမ့်မယ်။ (ဟီဘရူး ၁၀:၃၆) ယောဘရဲ့ သစ္စာရှိ​မှု​ကို တုပမယ်​ဆိုရင် စာတန်ကို အလွန် ဒေါသ​ထွက်​စေပြီး ယေဟောဝါကို ပျော်ရွှင်​စေပါလိမ့်မယ်။

^ အပိုဒ်၊ 6 ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာ​တို့ ယောဘ​ကို ပြောခဲ့တဲ့ စကားတွေဟာ ကျမ်းစာရဲ့ အခန်းကြီး ၉ ခန်း​စာ​လောက် ရှိပေမဲ့ ယောဘရဲ့ နာမည်ကို ခေါ်တာ တစ်ခါ​မှ မတွေ့​ဘူး။

^ အပိုဒ်၊ 14 ယောဘ​ကို ယေဟောဝါ စကား​ပြောတဲ့အခါ တစ်ခါတလေ တဲ့တိုး၊ တစ်ခါတလေ ဖွဲ့နွဲ့​ပြောဆို​ခဲ့တယ်။ (နမူနာ​အနေနဲ့ ယောဘ ၄၁:၁၊ ၇၊ ၈၊ ၁၉-၂၁ ကို​ကြည့်ပါ။) ဘယ်လိုနည်းနဲ့​ပဲ ပြောပါစေ ဘုရားရဲ့ ရည်ရွယ်ချက်ကတော့ ဖန်ဆင်းရှင်ကို နက်နက်ရှိုင်းရှိုင်း လေးစား​စေဖို့​ပါပဲ။

^ အပိုဒ်၊ 18 နောက်ပိုင်းမှာ တမန်တော် ပေါလုဟာ ဧလိ​ဖတ် ပြောခဲ့တဲ့ စကားကို အမှန်တရား​အဖြစ် ကိုးကားခဲ့​တယ်။ (ယောဘ ၅:၁၃။ ၁ ကောရိန္သု ၃:၁၉) ဧလိဖတ်​ဟာ အမှန်တရားကို ပြောခဲ့​ပေမဲ့ အဲဒီ​အမှန်တရား​နဲ့ ယောဘ​ကို စွပ်စွဲ​ခဲ့တယ်။

^ အပိုဒ်၊ 19 ဇနီးရဲ့ ကိုယ်စား ပူဇော်သက္ကာ ဆက်သဖို့ ယောဘ​ကို တောင်းဆိုတယ်​ဆိုတဲ့ မှတ်တမ်း မရှိဘူး။