မာတိကာဆီ ကျော်သွား

ညီအစ်မ ဟာမီနာ ရှမစ်

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၈ ရက်
ဂျာမနီ

နာဇီချွေးတပ်စခန်းကနေ လွတ်မြောက်လာတဲ့ ယေဟောဝါသက်သေတွေထဲက နောက်ဆုံးအသက်ရှင်ကျန်ရစ်သူ ဟာမီနာ ရှမစ် အသက် ၉၈ နှစ်မှာ ကွယ်လွန်

နာဇီချွေးတပ်စခန်းကနေ လွတ်မြောက်လာတဲ့ ယေဟောဝါသက်သေတွေထဲက နောက်ဆုံးအသက်ရှင်ကျန်ရစ်သူ ဟာမီနာ ရှမစ် အသက် ၉၈ နှစ်မှာ ကွယ်လွန်

ရှတိုထို့ဖ် ချွေးတပ်စခန်းကို အပို့မခံရခင်

၂၀၂၄ ခုနှစ်၊ မတ် ၃၁ ရက်မှာ အသက် ၉၈ နှစ်အရွယ် ညီအစ်မ ဟာမီနာ ရှမစ် ဆုံးပါးသွားတယ်။ ယုံကြည်ချက်ကြောင့် နာဇီချွေးတပ်စခန်းမှာ နှိပ်စက်ခံရတဲ့ ယေဟောဝါသက်သေတွေထဲက နောက်ဆုံးအသက်ရှင်ကျန်ရစ်သူအဖြစ် သူ့ကို ကျွန်တော်တို့ သိထားပါတယ်။

၁၉၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်၊ ပိုလန်နိုင်ငံ၊ ဂက်ဒန့်စ်မြို့မှာ ဟာမီနာ မွေးဖွားလာတယ်။ မိဘတွေက အော်စကာနဲ့ ဖရီဒါ ကော့ရှမီဒါပါ။ ယေဟောဝါသက်သေ မိဘနှစ်ပါးက သမီးဖြစ်သူကို ယုံကြည်ခြင်းခိုင်မာသူတစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့တယ်။ ၁၉၃၉ ခုနှစ်မှာ ဂက်ဒန့်စ်မြို့ကို နာဇီတွေ သိမ်းပိုက်တယ်။ အဲဒီအချိန်ကစလို့ ယေဟောဝါသက်သေတွေ အလူးအလဲ နှိပ်စက်ခံရတော့တယ်။ အဲဒီအတောအတွင်းမှာပဲ ဟာမီနာက ကိုယ့်ကိုယ်ကိုယ် ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး ၁၉၄၂ ခုနှစ်၊ မေ ၂ ရက်၊ အသက် ၁၆ နှစ်အရွယ်မှာ နှစ်ခြင်းခံခဲ့တယ်။

တစ်နှစ်အကြာ ၁၉၄၃ ခုနှစ်၊ ဇွန်လမှာ နာဇီတွေရဲ့ ဖမ်းဆီးချုပ်နှောင်မှု ခံရတယ်။ ၁၉၄၄ ဧပြီလမှာ ထပ်အဖမ်းခံရပြီး ဒီတစ်ခါတော့ ရှတိုထို့ဖ် ချွေးတပ်စခန်းကို အပို့ခံရတယ်။ ဆိုးရွားလွန်းတဲ့ အဲဒီအချိန်အကြောင်း ညီအစ်မ ဟာမီနာ တစ်ခါက အခုလိုပြောဖူးတယ်– “ဂက်စတာပိုတွေရဲ့ ရက်စက်ချက်ကတော့ ပြောပြစရာ စကားလုံးတောင် မရှိပါဘူး။ ကျွန်မတို့ကို မျက်နှာမဖော်နိုင်အောင် အရှက်ခွဲခဲ့ကြတာ။ တအား စိတ်ထိခိုက်ခဲ့ရတယ်။ ကျွန်မရဲ့သမာဓိကို ချိုးဖျက်ဖို့လည်း နည်းလမ်းပေါင်းစုံသုံးခဲ့ကြတာ။ တကယ်ဆို ကျွန်မဟာ သာမန်မိန်းကလေးတစ်ယောက်ပါ။ လူစွမ်းကောင်းကြီးလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဘာလုပ်ရမလဲဆိုတာ ကျွန်မ ကောင်းကောင်းသိတယ်။ ကျွန်မ သစ္စာရှိရမယ်၊ ကိုယ့်ရဲ့မှားမှန်သိစိတ်အတိုင်း ရပ်တည်ရမယ်။ မှားမှန်သိစိတ်လမ်းညွှန်တဲ့အတိုင်း လုပ်လို့ ကိုယ်တိုင် စိတ်ငြိမ်သက်မှုခံစားရပြီး ဘုရားသခင်နဲ့လည်း ဆက်ဆံရေးကောင်း ဆက်ရှိနိုင်ခဲ့တယ်။”

၁၉၉၅ ခုနှစ်၊ မတ်လမှာ ဟော့စ်နဲ့ ဟာမီနာ

တစ်နှစ်အကြာ ၁၉၄၅ ခုနှစ်၊ ဧပြီလမှာ ရုရှားစစ်တပ်တွေ ရှတိုထို့ဖ် ချွေးတပ်စခန်းဆီ ချီတက်လာကြတယ်။ အဲဒီအခါ ဂျာမန်အရာရှိတွေက အကျဉ်းသားတွေကို သင်္ဘောနဲ့တင်ပြီး ပင်လယ်ထဲနှစ်သတ်ဖို့ စီစဉ်ကြတော့တယ်။ ဟာမီနာနဲ့ အကျဉ်းသား ၃၇၀ လည်း သင်္ဘောပေါ်မှာ။ ဒါပေမဲ့ ၁၉၄၅ ခုနှစ်၊ မေလမှာ သူတို့ ကယ်တင်ခံရပြီး သင်္ဘောကို ဒိန်းမတ်နိုင်ငံ၊ မွန်ကျွန်းဆီ ခေါ်သွားတယ်။ နောက်ပိုင်း မိဘတွေနဲ့ ဟာမီနာ ပြန်ဆုံစည်းခဲ့တယ်။

၁၉၄၇ ခုနှစ်မှာ ဟော့စ် ရှမစ်နဲ့ ဟာမီနာ လက်ထပ်တယ်။ ဟော့စ်ဟာ စစ်မှုထမ်းဖို့ ငြင်းဆန်ခဲ့သူ၊ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်း ပိတ်ပင်ခံရချိန်မှာ ကျမ်းစာစာပေတွေကို သယ်ယူပို့ဆောင်ပေးခဲ့သူပါ။ ဘရန်ဒန်ဘာ့ခ် ဂေါ်ဒန်အကျဉ်းထောင်မှာ ထောင်ကျနေပြီး သေဒဏ်ချမှတ်ခံထားရတာ။ ဒါပေမဲ့ ၁၉၄၅ ခုနှစ်၊ ဧပြီ ၂၇ ရက်၊ အသတ်မခံရခင်လေးမှာပဲ သူ ထောင်ကနေလွတ်လာတယ်။ ဟော့စ်နဲ့ ဟာမီနာတို့ရဲ့အိမ်ထောင်သက် ၆၃ နှစ်နီးပါး ရှိခဲ့တယ်။ ၂၀၁၀ မှာ ဟော့စ် ကွယ်လွန်သွားတယ်။

ဟော့စ်နဲ့ဟာမီနာက နှစ်တွေတစ်လျှောက် သူတို့ရဲ့ အတွေ့အကြုံတွေအကြောင်း တခြားသူတွေကို ပြောပြခဲ့ကြတယ်။ ၁၉၉၈ ခုနှစ်မှာ ဟာမီနာကို လူတွေ့မေးမြန်းတဲ့အခါ သစ္စာရှိရှိ ရပ်တည်ခဲ့မှုနဲ့ပတ်သက်ပြီး အခုလိုပြန်ပြောင်းပြောပြတယ်– “လွယ်တဲ့လမ်းတော့ ဘယ်ဟုတ်ပါ့မလဲ။ ဒါပေမဲ့ အလှပဆုံးလမ်းစဉ်ပါပဲ။ ဘာနဲ့မှ မလဲနိုင်ဘူး။”

ခက်ခဲချိန်မှာ သမာဓိစောင့်ထိန်းခဲ့တဲ့ ဟာမီနာရဲ့ ပုံသက်သေကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ သူ့ရဲ့ရဲစွမ်းသတ္တိနဲ့ ယုံကြည်ခြင်းကို တုပချင်ပါတယ်။ သစ္စာရှိကျေးကျွန်တွေကို အမြဲကာကွယ်စောင့်ရှောက်တဲ့ ယေဟောဝါကို အပြည့်အဝ ယုံကြည်အားကိုးလိုကြပါတယ်။—ဆာလံ ၃၁:၂၃၊ ၂၄