“အီကွေတာ မြစိမ်းရောင်ဒေသ” မှာ နားမကြားသူတွေကို ကူညီပေးခြင်း
အီကွေတာ မြစိမ်းရောင်ဒေသလို့ တစ်ခါတလေ ခေါ်ကြတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ နားမကြားသူ သန်းနဲ့ချီ နေထိုင်ကြတယ်။ ဒီလူတွေကို ကူညီပေးဖို့ အင်ဒိုနီးရှား လက်သင်္ကေတပြ ဘာသာစကားနဲ့ ကျမ်းစာအခြေပြု အကြောင်းအရာတွေ၊ ပညာပေး အစီအစဉ်တွေကို ယေဟောဝါသက်သေတွေ စီစဉ်ပေးကြတယ်။ ဒီကြိုးပမ်းမှုတွေကို သတိမထားမိဘဲ မနေကြပါဘူး။
လက်သင်္ကေတပြ ဘာသာစကား အစည်းအဝေးကြီး
ဆူမတြားမြောက်ပိုင်း၊ မေဒန်ဒေသမှာ ၂၀၁၆ ခုနှစ်တုန်းက အင်ဒိုနီးရှား လက်သင်္ကေတပြ ဘာသာစကားနဲ့ အစည်းအဝေးကြီး ကျင်းပခဲ့တယ်။ ကျင်းပတဲ့နေရာကို အရေးကြီးတဲ့ လုံခြုံရေးအရာရှိ လာရောက်ကာ ပညာပေး အစီအစဉ်ကို အခမဲ့ ဆောင်ရွက်ပေးတဲ့အတွက် ယေဟောဝါသက်သေတွေကို ချီးမွမ်းခဲ့ပါတယ်။ မြင်ရတာတွေကြောင့် စိတ်ထိမိလှတဲ့အတွက် သီချင်းဆိုတဲ့အခါ လက်သင်္ကေတနဲ့ ကြိုးစားလိုက်ဆိုခဲ့တယ်။
အစည်းအဝေးကြီးကို “ဘေးကင်းအောင်မြင်စွာ ကျင်းပခဲ့တယ်။ ကျွန်တော်တို့ဆီက နားမကြားသူတွေကို ကူညီပေးဖို့ ဒီလိုစေတနာ့ဝန်ထမ်း လုပ်ငန်းတွေကို သက်သေခံတွေ ဆက်စီစဉ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်” လို့ အဆောက်အဦ မန်နေဂျာက ပြောခဲ့တယ်။ နားမကြားတွေအတွက် အစည်းအဝေးကြီး ကျင်းပကြောင်း အဆောက်အဦပိုင်ရှင် သိသွားတယ်။ ဒါကြောင့် “ပိုင်ရှင်က သက်သေခံတွေအတွက် တစ်ခုခု လုပ်ပေးချင်တယ်။ တက်ရောက်သူ [အားလုံးပေါင်း ၃၀၀] အတွက် နေ့လည်စာ စီစဉ်ပေးဖို့ မှာလိုက်ပါတယ်” ဆိုပြီး ဆက်ပြောတယ်။
လက်သင်္ကေတ ဗီဒီယိုများအတွက် ကျေးဇူးတင်ခြင်း
ယေဟောဝါသက်သေတွေက ကျမ်းစာသတင်းတရား ဝေမျှဖို့ နားမကြားတွေဆီ သွားရောက်ကြပါတယ်။ အောင်မြင်ပျော်ရွှင်တဲ့ဘဝ ရရှိအောင် ကူညီပေးဖို့ ရည်ရွယ်ထားတဲ့ အင်ဒိုနီးရှား လက်သင်္ကေတပြ ဘာသာစကား ဗီဒီယိုတွေကိုလည်း သုံးလေ့ရှိကြတယ်။
ဂျာဗားအလယ်ပိုင်း၊ ဆယ်မရန်မြို့တော်ရှိ အင်ဒိုနီးရှား နားမကြား ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ဒေသန္တရ လက်ထောက် ညွှန်ကြားရေးမှူး မာဟင်ဒရာ တေဂု ပရီစဝန်တို ဒီလိုပြောခဲ့တယ်– “နားမကြားတွေနဲ့ သူတို့ရဲ့ လိုအပ်ရာတွေကို ဂရုစိုက်လုပ်ဆောင်ပေးမှုဟာ ချီးမွမ်းစရာပါပဲ။ ဥပမာဗျာ၊ ပျော်ရွှင်တဲ့ မိသားစုဘဝကို ဘယ်လို ပိုင်ဆိုင်နိုင်မလဲ ဗီဒီယိုဟာ သိပ်အကျိုးရှိတယ်။ ဒီအလုပ်ကို ဆက်လုပ်သွားကြစေချင်ပါတယ်။”
“မေတ္တာ ပြကြတယ်”
သက်သေခံတွေရဲ့ ကြိုးပမ်းမှုတွေက နားမကြားအမျိုးသမီး ယန်တီကို အလွန်ထိမိကာ ဒီလိုပြောခဲ့တယ်– “လူတွေက နားမကြားတွေကို လှောင်ပြောင်ကြပေမဲ့ ယေဟောဝါသက်သေတွေက မေတ္တာ ပြကြတယ်။ နားကြားတဲ့ သက်သေခံတွေ လက်သင်္ကေတပြ ဘာသာစကား သင်ယူပြီး ဖန်ဆင်းရှင်ကို သိလာအောင်၊ ဘဝအရည်အသွေး တိုးတက်ကောင်းမွန်လာအောင် နားမကြားသူတွေကို ကူညီပေးကြတယ်။ သူတို့ရဲ့ စိတ်ရင်းမှန်နဲ့ ကြိုးပမ်းမှုတွေက ကျွန်မစိတ်ကို ထိမိတယ်။”
ယန်တီဟာ နောက်ပိုင်းမှာ ယေဟောဝါသက်သေတစ်ယောက် ဖြစ်လာပါတယ်။ အခု အင်ဒိုနီးရှား လက်သင်္ကေတပြ ဘာသာစကားနဲ့ လက်သင်္ကေတဗီဒီယိုတွေ ထုတ်လုပ်တဲ့ ဘာသာပြန်အဖွဲ့မှာ ပါဝင်နေပါတယ်။ ယန်တီ ဒီလိုပြောတယ်– “ကျွန်မတို့ ထုတ်ဝေတဲ့ အကြောင်းအရာတွေက လက်သင်္ကေတ အားနည်းသူတချို့ကို လက်သင်္ကေတ တိုးတက်ကောင်းမွန်လာစေတယ်။ သူတို့ကလည်း ကျေနပ်ပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်နိုင်ပုံအကြောင်း တခြားသူတွေကို သွန်သင်ပေးကြတယ်။”