မာတိကာဆီ ကျော်သွား

သင့်​ရပ်ကွက်​ထဲ​က ယေဟောဝါသက်သေများရဲ့ ဝတ်ပြုရာ​ခန်းမ​မှာ ဘာလုပ်​ကြသလဲ

သင့်​ရပ်ကွက်​ထဲ​က ယေဟောဝါသက်သေများရဲ့ ဝတ်ပြုရာ​ခန်းမ​မှာ ဘာလုပ်​ကြသလဲ

ယေဟောဝါသက်သေတွေ​က ဝတ်ပြု​စည်းဝေး​မယ့် နေရာတွေကို ဒီဇိုင်း ဆွဲ၊ ဆောက်လုပ်​လာ​ခဲ့​ကြ​တာ နှစ်​တစ်​ရာ ကျော်ပြီ။ ဒီ​ဝတ်ပြု​စည်းဝေး​တဲ့ နေရာကို နိုင်ငံတော်​ခန်းမ​လို့​လည်း ခေါ်​ကြတယ်။ အဲဒီ​ခန်းမ​မျိုး သင့်​ရပ်ကွက်မှာ ရှိသလား။ ဒီ​ဝတ်ပြုရာ​ခန်းမ​က သင့်​ရပ်ကွက်ကို ဘယ်လို အကျိုးပြု​နိုင်သလဲ။

အမေရိကန်​နိုင်ငံ၊ ဂျော်ဂျီယာ​ပြည်နယ်၊ ဖ​လော်ဝါ​ရီ ဘ​ရ​န့်​မြို့

“ရပ်ကွက်​အတွက် လက်ဆောင်မွန်”

ဝတ်ပြုရာ​ခန်းမ​တွေကို လူတွေ စိတ်ဝင်စား​လောက်​အောင်​ပဲ ဒီဇိုင်းဆွဲ​ထားတာ မဟုတ်ပါဘူး။ “ကျွန်တော်တို့​ပန်းတိုင်​က ဝတ်ပြုရာ​ခန်းမ​တိုင်း​ဟာ ကိုယ့်​ဒေသမှာ ဆွဲဆောင်မှု အရှိဆုံး၊ ကျက်သရေ အရှိဆုံး အဆောက်အအုံ​တွေ ဖြစ်ဖို့​ပါ” ဆိုပြီး အမေရိကန်​နိုင်ငံက နိုင်ငံတော်​ခန်းမ ဆောက်လုပ်ရေး​ကို ညှိနှိုင်း​ဆောင်ရွက်ပေး​နေ​သူ ဂျေ​ဆင် ပြောတယ်။ ဒီဇိုင်း​အဖွဲ့နဲ့​အတူ လုပ်ဆောင်​နေတဲ့ ယေဟောဝါ​သက်သေ ဗိသုကာ​ပညာရှင်​က ပြောတယ်– “အဆောက်အအုံ ပြီးသွားတဲ့အခါ ရပ်ကွက်​အတွက် လက်ဆောင်မွန် ဖြစ်စေချင်တယ်။ ရပ်ကွက်မှာ ကောင်းတဲ့​ဩဇာ သက်ရောက်​တဲ့ အဆောက်အအုံ ဖြစ်စေချင်တယ်။”

နိုင်ငံတော်​ခန်းမ ဆောက်လုပ်ရေး လုပ်သားတွေ​ဟာ အရည်အသွေး​မြင့် အဆောက်အအုံ​တွေ ဆောက်လုပ်ဖို့ အထူး စိတ်ဝင်စားသူ​တွေ​ပါ။ သူတို့ရဲ့ ကျွမ်းကျင်မှု​ကို လူတွေ သတိပြုမိ​ကြတယ်။ ဥပမာ၊ မကြာသေးမီ​က အမေရိကန်​နိုင်ငံ၊ တက္ကဆက်​ပြည်နယ်၊ ရ​စ်​မွန်​မြို့ စီမံကိန်း​တစ်ခုမှာ အဆောက်အအုံ စစ်ဆေးရေး​အရာရှိ​က နိုင်ငံတော်​ခန်းမ မိုး​ထား​ပုံ​ဟာ မြင်ခဲ့​ဖူး​သမျှမှာ အကောင်းဆုံး​ပဲ​လို့ ပြောတယ်။ ဂျမေကာ​ကျွန်းမှာ​လည်း အဆောက်အအုံ စစ်ဆေးရေး​အရာရှိ​က ဆောက်လုပ်​နေဆဲ နိုင်ငံတော်​ခန်းမ​ဆီ စစ်ဆေးရေး​အဖွဲ့သစ်​တစ်ဖွဲ့ ခေါ်လာပြီး ဒီလို​ပြောတယ်– “ဒီ​လူတွေက စိတ်ချ​ရတယ်။ ယေဟောဝါသက်သေတွေ​က ဒေသန္တရ အဆောက်အအုံ စည်းမျဉ်းတွေ မြင့်မား​လွန်း​ရင်တောင် အနီးကပ် လိုက်နာကြတယ်။” အမေရိကန်​နိုင်ငံ၊ ဖလော်ရီဒါ​ပြည်နယ်၊ မြို့​တစ်မြို့​က အဆောက်အအုံ စစ်ဆေးရေး​အရာရှိ​က “ဆေးရုံတွေ၊ အစိုးရ စီမံကိန်းကြီး​တွေကို ကျွန်တော် စစ်ဆေး​ဖူး​တယ်။ ဒါပေမဲ့ ဒီလောက် စည်းစနစ် မကျ​ဘူး။ ခင်ဗျားတို့ လုပ်တာ ကောင်းတယ်။”

ဇင်ဘာဘွေ​နိုင်ငံ၊ ကွန်​စက်​ရှင်​မြို့

ရပ်ကွက်မှာ ကောင်းတဲ့​ဩဇာ

ဝတ်ပြုရာ​ခန်းမ​တွေ​မှာ ကျင်းပတဲ့ အစည်းအဝေးတွေ​က တက်ရောက်သူ​တွေရဲ့ အသက်တာကို ကောင်းတဲ့​ဩဇာ သက်ရောက်​စေတယ်။ ပို​ကောင်းတဲ့​ဖခင်​တွေ၊ မိခင်​တွေ၊ သားသမီးတွေ ဖြစ်စေတယ်။ နိုင်ငံတော်​ခန်းမ ဒီဇိုင်း​အဖွဲ့က ရော့ဒ် ဒီလို​ပြောတယ်– “နိုင်ငံတော်​ခန်းမ​တိုင်း ကိုယ်ကျင့်တရား စံနှုန်းကောင်းတွေ​ကို သင်ပေးတဲ့​နေရာ ဖြစ်တဲ့အတွက် လူ့​အသိုင်းအဝိုင်း​အားလုံးကို အကျိုး​ပြုတယ်။ ဘဝပြဿနာ​တွေ ကြုံရတဲ့​အခါ အကူအညီ ရယူ​နိုင်တဲ့​နေရာလည်း ဖြစ်တယ်။ လှိုက်လှိုက်လှဲလှဲ၊ ခင်မင်​ရင်းနှီး​စွာ ကြိုဆို​ကြ​တဲ့​အတွက် နှစ်သိမ့်မှု လို​နေ​သူတွေ၊ ဘုရား​အကြောင်း သိချင်​သူ​အားလုံး​အတွက် အကျိုး​ပြုတယ်။”

ဝတ်ပြုရာ​ခန်းမ​တွေ​မှာ အစည်းအဝေး​တက်​ကြ​သူတွေဟာ လူသားချင်း​ကို ဂရုစိုက်​ကြတယ်။ သဘာဝဘေး ကြုံရတဲ့​အခါ အမြန်ဆုံး ကူညီပေး​ကြတယ်။ ဥပမာ၊ ၂၀၁၆ ခုနှစ်၊ ဗဟားမား​ကျွန်းကို မက်သယူး​မုန်တိုင်း တိုက်ခတ်​ပြီးနောက် ယေဟောဝါသက်သေတွေ​က အိမ် ၂၅၄ လုံး​ကို ပြုပြင်ပေး​ခဲ့​ကြတယ်။ အိမ် ရေနစ်​သွားတဲ့ အသက် ၈၀ အရွယ် ဗိုင်​အို​လက်​က ယေဟောဝါ​သက်သေ ကယ်ဆယ်ရေး​အဖွဲ့​ဆီ အကူအညီ တောင်းတယ်။ ကူညီ​ပေးမှု​အတွက် ငွေပေး​မယ်​လို့ ပြောတယ်။ ညီအစ်ကို​တွေ​က ငွေ​မယူ​တဲ့​အပြင် ဗိုင်​အို​လက်​ရဲ့ အိမ်မိုး အုတ်​ကြွ​ပ်​ပြား​တွေကို လဲ​ပေးခဲ့​ကြတယ်။ ဧည့်​ခန်း​မျက်နှာကြက်​ကိုလည်း အသစ်​ပြင်ပေး​ကြတယ်။ ဗိုင်​အို​လက်​က အားလုံးကို ဖက်ပြီး ကျေးဇူးတင်​စကား အကြိမ်ကြိမ် ပြောတယ်။ “မင်းတို့​က တကယ့် ဘုရား​လူမျိုးပဲ” လို့ ပြောခဲ့တယ်။

ဂျာမနီ​နိုင်ငံ၊ မြောက်ပိုင်း ရိုင်း​ဝက်​စ်ဖာလီ​ယာ​ပြည်နယ်၊ ဘ​တ် အို​ဝေး​ဟော​င်​စင်​မြို့

“တို့​ရပ်ကွက်မှာ နိုင်ငံတော်​ခန်းမ ရှိလို့ ဝမ်းသာတယ်”

နိုင်ငံတော်​ခန်းမ​တွေ အမြဲ ကောင်း​နေ​စေဖို့ ပြုပြင်​ထိန်းသိမ်း​တတ်အောင် ဒေသခံအသင်းတော်တွေမှာရှိတဲ့ ယေဟောဝါသက်သေတွေကို လေ့ကျင့်ပေး​တဲ့ အစီအစဉ် ရှိပါတယ်။ ရလဒ်ကောင်းတွေ ရခဲ့တယ်။ ဥပမာ၊ အာရီဇိုးနား​ပြည်နယ် ရပ်ကွက်ငယ်​တစ်ခုက အမျိုးသမီး​တစ်ယောက် ဝတ်ပြုရာ​ခန်းမ​မှာ အစည်းအဝေး လာ​တက်တယ်။ ခန်းမ​ကို ကောင်းကောင်း ပြုပြင်​ထိန်းသိမ်း​ထားတာကို ချီးမွမ်းခဲ့တယ်။ အဆောက်အအုံ​ကို ပို​ကောင်း​အောင် ပြုပြင်​ထိန်းသိမ်း​တဲ့ အစီအစဉ်ကို သဘောကျ​သွားတယ်။ အမျိုးသမီးဟာ သတင်းသမား​မို့ နောက်ပိုင်းမှာ ကောင်းစွာ ပြုပြင်​ထိန်းသိမ်း​တဲ့ နိုင်ငံတော်​ခန်းမ​အကြောင်း သတင်းစာမှာ ရေးသား​ဖော်ပြခဲ့တယ်။ “တို့​ရပ်ကွက်မှာ နိုင်ငံတော်​ခန်းမ ရှိလို့ ဝမ်းသာတယ်” ဆိုပြီး ဆောင်းပါးကို နိဂုံးချုပ်​ထားတယ်။

ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာ​ခန်းမ ဖြစ်တဲ့ နိုင်ငံတော်​ခန်းမတွေကို ကမ္ဘာတစ်ဝန်းမှာ တွေ့​နိုင်ပါတယ်။ လည်ပတ်​ကြည့်ရှုဖို့ လှိုက်လှဲ​စွာ ဖိတ်ခေါ်​ပါတယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆို​ကြပါလိမ့်မယ်။