မာတိကာဆီ ကျော်သွား

စိတ်ဖိစီးမှု ခံစားနေရတဲ့ ဆေးဝန်ထမ်းတွေအတွက် အကူအညီ

စိတ်ဖိစီးမှု ခံစားနေရတဲ့ ဆေးဝန်ထမ်းတွေအတွက် အကူအညီ

 အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားမှာ နေတဲ့ ဘရန်ဟာ ဆေးရုံဆက်သွယ်ရေး ကော်မတီဝင် တစ်ယောက် ဖြစ်တယ်။ သူက ဆေးရုံတက်နေတဲ့ ယေဟောဝါသက်သေ လူနာတွေကို သွားကြည့်ပြီး ကူညီပေးရတယ်။

 ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ဆေးရုံအတော်များများကို သွားခွင့် မရတော့ဘူး။ သက်သေခံ လူနာတွေရဲ့ အခြေအနေကို သိချင်လို့ ဆေးဝန်ထမ်းတွေရဲ့ ဒါရိုက်တာဆီ ဘရန် ဖုန်းဆက်လိုက်တယ်။

 ဒါရိုက်တာရဲ့ လက်ထောက်နဲ့ပဲ ဖုန်းပြောဖြစ်တယ်။ ဆေးရုံကို လာခွင့် မရလို့ သက်သေခံ လူနာတွေနဲ့ မတွေ့နိုင်ဘူး။ ဒါကြောင့် သူတို့နဲ့ စကားပြောခွင့် ရဖို့ ကျွန်တော့်ဖုန်းနံပါတ် သူတို့ကို ပေးနိုင်မလားလို့ ဘရန် မေးလိုက်တော့ သူက ပေးလိုက်မယ်တဲ့။

 ဖုန်းပြောရင်းနဲ့ ဆေးဝန်ထမ်းတွေကို သတိရသွားတယ်။ ဒါနဲ့ ဘရန်က ဆေးဝန်ထမ်းတွေရဲ့ ကူညီပေးမှုကို ကျေးဇူးတင်လေးမြတ်ကြောင်း၊ သူတို့ ကျန်းမာပါစေလို့ ဆုတောင်းပေးနေကြောင်း အဲဒီလက်ထောက်ကို ပြောလိုက်တယ်။ ဒီကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းက လူတွေ၊ အထူးသဖြင့် ဆေးဝန်ထမ်းတွေ ဘယ်လောက်ထိ စိတ်ပန်းလူပန်း ဖြစ်နေကြသလဲ ဆိုတာကို သတင်းတွေမှာ ဖတ်လိုက်ရတယ်လို့လည်း ပြောပြလိုက်တယ်။

 ကိုဗစ်-၁၉ ကြောင့် ဒီဆေးရုံမှာလည်း တော်တော့်ကို စိတ်ပန်းလူပန်း ဖြစ်နေကြပြီလို့ လက်ထောက်က ပြန်ပြောပြတယ်။

 ဒါနဲ့ ဘရန်က “ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်တဲ့နည်း ဆောင်းပါးကို တင်ထားတယ်။ jw.org ကို ဖွင့်ပြီး ရှာဖွေပါ အကွက်မှာ ‘စိတ်ဖိစီးမှု’ ဆိုတဲ့ စကားလုံးကို ရိုက်ထည့်လိုက်ပါ။ အဲဒီမှာ ဆေးဝန်ထမ်းတွေအတွက် အားရှိစေမယ့် ဆောင်းပါးတွေကို တွေ့ရမယ်” လို့ ပြောတယ်။

 ဖုန်းပြောနေတုန်း အဲဒီလက်ထောက်က ဝက်ဘ်ဆိုက်ထဲ ဝင်ပြီး “စိတ်ဖိစီးမှု” ဆိုတဲ့ စကားလုံးကို ရိုက်ထည့်လိုက်တယ်။ ဆောင်းပါးတွေကို တွေ့သွားတော့ “ဟာ! ဟုတ်တယ်၊ ဒါရိုက်တာကိုလည်း ပြောပြလိုက်မယ်။ ဆေးဝန်ထမ်းတွေအတွက် အကျိုးရှိလိမ့်မယ်။ ပရင့်ထုတ်ပြီး သူတို့ကို ဝေပေးလိုက်ဦးမယ်” တဲ့။

 နောက် သုံး၊ လေးပတ်အကြာမှာ ဒါရိုက်တာနဲ့ ဘရန် စကားပြောဖြစ်တယ်။ သူလည်း ဝက်ဘ်ဆိုက်ထဲ ဝင်ပြီး စိတ်ဖိစီးမှု ဆောင်းပါးတွေနဲ့ ဆက်စပ်အကြောင်းအရာတွေကို ဆယ်စောင်လောက် ပရင့်ထုတ်ပြီး သူနာပြုတွေနဲ့ တခြားဆေးဝန်ထမ်းတွေကို ဝေပေးလိုက်တယ်တဲ့။

 “ဝက်ဘ်ဆိုက်ရဲ့ ဆောင်းပါးတွေက ဆေးဝန်ထမ်းတွေအတွက် အများကြီး အကျိုးရှိတယ်ဆိုပြီး ဒါရိုက်တာက ကျေးဇူးတင်စကားပြောတယ်” လို့ ဘရန် ပြန်ပြောပြတယ်။