မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

ဒီအဲန်အေ—သက်ရှိစာကြည့်တိုက်တွေနဲ့တူ

ဒီအဲန်အေ—သက်ရှိစာကြည့်တိုက်တွေနဲ့တူ

၁၉၅၃ ခုနှစ်မှာ မော်လီကျူး ဇီဝဗေဒပညာရှင် ဂျိမ်းစ် ဝေါတ်ဆင် နဲ့ ဖရန်းစစ္စ ခရိခ်ဟာ ရှာဖွေတွေ့ရှိထားတာတွေကို စာအုပ်ထုတ်ဝေခဲ့တာကြောင့် အသက်နဲ့ပတ်သက်ပြီး သိပ္ပံဆိုင်ရာနားလည်မှုအပေါ် မေးခွန်းထုတ်စရာ ပေါ်လာတယ်။ ဒီအဲန်အေဟာ နှစ်ပင်လိမ်ပုံစံရှိတယ်ဆိုတာကို သူတို့ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်။ * ကြိုးမျှင်နဲ့တူတဲ့ ဒီအဲန်အေကို များသောအားဖြင့် ဆဲလ်တွေရဲ့ဗဟိုမှာ တွေ့ရတတ်ပြီး အဲဒီ ဒီအဲန်အေထဲမှာ စာရေးသားထားသည့်အလား အချက်အလက်များစွာပါတဲ့အတွက် ဆဲလ်နဲ့တည်ဆောက်ထားတဲ့ သက်ရှိစာကြည့်တိုက်တွေလို ဖြစ်နေတယ်။ အဲဒီရှာဖွေတွေ့ရှိမှုက ဇီဝဗေဒပညာရပ်အတွက် တစ်ခေတ်ဆန်းလာတယ်။ ဘာအတွက်များ ဆဲလ်တွေထဲမှာ အချက်အလက်တွေ ရေးထားတာလဲ။ ပိုစိတ်ဝင်စားစရာကောင်းတာက အဲဒီအချက်အလက်တွေက ဘယ်လိုကြောင့် ရှိနေတာလဲ။

ဆဲလ်တွေက အချက်အလက်တွေ လိုအပ်ရတဲ့ အကြောင်းရင်း

သစ်စေ့တစ်စေ့ကနေ သစ်ပင်ကြီး ဘယ်လိုဖြစ်လာတာလဲ၊ မျိုးအောင်သန္ဓေသားကနေ လူတစ်ယောက် ဘယ်လိုဖြစ်လာသလဲဆိုတာ စဉ်းစားဖူးသလား။ ဘိုးဘွားမိဘတွေဆီက စရိုက်လက္ခဏာတွေ ကိုယ့်မှာ ဘယ်လိုရှိလာတာလဲလို့ကော စဉ်းစားဖူးသလား။ အဖြေကတော့ ဒီအဲန်အေမှာပါတဲ့ အချက်အလက်တွေကြောင့်ပါပဲ။

ဆဲလ်အားလုံးနီးပါးမှာ မော်လီကျူးတွေနဲ့ တည်ဆောက်ထားတဲ့ ကြောင်လိမ်လှေကားပုံ ဒီအဲန်အေ ပါရှိတယ်။ လူ့မျိုးဗီဇဖြစ်တဲ့ ဒီအဲန်အေ ကြောင်လိမ် လှေကားမှာ ဓာတုကွင်းဆက် သန်းပေါင်းသုံးထောင်နီးပါးပါတယ်။ ဒီအဲန်အေ လှေကားတစ်ထစ်ဖြစ်ဖို့ တစ်ဖက် တစ်ချက်စီက ဓာတုဘေ့စ် နှစ်ခု ချိတ်ဆက်ဖို့လိုပြီး ကွင်းတစ်ခုဖြစ်ဖို့ ဓာတုဘေ့စ်လေးခု ချိတ်ဆက်ထားတယ်။ ဘေ့စ်တစ်ခုစီကို သူတို့ရဲ့အမည် အစစာလုံးကိုအခြေခံပြီး A၊ C၊ G၊ T လို့ အတိုကောက်ခေါ်ကြတယ်။ * ၁၉၅၇ ခုနှစ်မှာ ခရိခ်က ဗီဇသင်္ကေတအချက်အလက်တွေပါရှိတဲ့ ကြိုးမျှင်လို ဓာတုကွင်းဆက် အတွဲလိုက်ရှိကြောင်း ထုတ်ဖော်ခဲ့တယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေကျမှ အဲဒီသင်္ကေတတွေအကြောင်း စပြီးနားလည်လာကြတယ်။

ရုပ်ပုံ၊ အသံ၊ စကား စတဲ့ အချက်အလက်တွေကို နည်းအမျိုးမျိုးနဲ့ သိမ်းထားနိုင်ပါတယ်။ ဥပမာ၊ အဲဒါတွေအားလုံးကို ဒီဂျစ်တယ်ပုံစံနဲ့ ကွန်ပျူတာမှာ သိမ်းနိုင်တယ်။ သက်ရှိဆဲလ်တွေကတော့ အချက်အလက်တွေကို ဓာတုဖွဲ့စည်းပုံဖြစ်တဲ့ ဒီအဲန်အေ အနေနဲ့ သိမ်းဆည်းတယ်။ ဆဲလ်တွေ ပွားတဲ့အခါ၊ သက်ရှိတွေ မျိုးပွားတဲ့အခါ ဒီအဲန်အေ ပါသွားတယ်၊ အဲဒီအစွမ်းကို သက်ရှိတွေရဲ့ ထူးခြားတဲ့သွင်ပြင်လက္ခဏာလို့ သတ်မှတ်ကြတယ်။

ဆဲလ်တွေက အချက်အလက်တွေကို ဘယ်လိုအသုံးပြုကြသလဲ။ အဆင့်ပေါင်းများစွာပါရှိပြီး တစ်ဆင့်စီမှာ ဘာလုပ်ရမယ် ဆိုတာတွေကို သတ်သတ်မှတ်မှတ် ဖော်ပြထားတဲ့ ပုံသေနည်းပေါင်းချုပ်တစ်ခုနဲ့ ဒီအဲန်အေကို နှိုင်းယှဉ်နိုင်တယ်။ ပုံသေနည်းတစ်ခုကြောင့် ကိတ်မုန့် ဒါမှမဟုတ် မုန့်ဟင်းခါး ဖြစ်လာသလို ဆဲလ်ထဲမှာပါတဲ့ ပုံသေနည်းကြောင့် ဂေါ်ဖီထုပ် ဒါမှမဟုတ် နွားတစ်ကောင် ဖြစ်လာတယ်။ သက်ရှိဆဲလ်တွေထဲက အဆင့်တိုင်းဟာ အလိုအလျောက်ဖြစ်ပေါ်နေပြီး အသေးစိတ်တိကျလွန်းတဲ့အပြင် နောက်တစ်ဆင့်တက်လေ ပိုရှုပ်ထွေး၊ ပိုဆန်းကြယ်လာလေ ဖြစ်တယ်။

ဗက်တီးရီးယားဆဲလ်တစ်ခု ထဲမှာပါတဲ့ အချက်အလက်တွေကို ဖော်ပြရရင် စာမျက်နှာ တစ်ထောင်ရှိတဲ့စာအုပ် ဖြစ်သွားပါလိမ့်မယ်

မျိုးဗီဇ အချက်အလက်တွေကို လိုအပ်တဲ့အချိန်အထိ သိမ်းဆည်းထားပေးပြီး ပျက်စီးယိုယွင်းသွားတဲ့ ဆဲလ်တွေကို ဆဲလ်အသစ်တွေနဲ့ အစားထိုးပေးတဲ့အပြင် မျိုးဗီဇကို လက်ဆင့်ကမ်းပေးတယ်။ ဒီအဲန်အေထဲမှာ အချက်အလက် ဘယ်လောက်ပါရှိသလဲ။ အသေးငယ်ဆုံး သက်ရှိတစ်ခုဖြစ်တဲ့ ဗက်တီးရီးယားကို သုံးသပ်ကြည့်ပါ။ ဂျာမန် သိပ္ပံပညာရှင် ဘန်း အော်လက်ဖ် ကူးပါးစ် ဒီလိုပြောတယ်– “ဗက်တီးရီးယားဆဲလ်တစ်ခု တည်ဆောက်ထားပုံ အချက်အလက်တွေကို လူ့ဘာသာစကားနဲ့ ဖော်ပြရမယ်ဆိုရင် စာမျက်နှာ တစ်ထောင်ရှိတဲ့စာအုပ် ဖြစ်သွားပါလိမ့်မယ်။” ဒါကြောင့်လည်းပဲ ဓာတုဗေဒပါမောက္ခ ဒေးဗစ် ဒီမာက “အရိုးရှင်းဆုံး သက်ရှိလေးကတောင် ရှုပ်ထွေးလွန်းလှတာဟာ အံ့သြစရာပါပဲ” လို့ပြောခဲ့တယ်။ လူတစ်ယောက်ရဲ့ မျိုးဗီဇ ဆိုရင်ကော ဘယ်လိုရှိမလဲ။ “စာအုပ်ပေါင်း ထောင်ချီရှိတဲ့ စာကြည့်တိုက်တစ်ခု ဖြစ်သွားပါလိမ့်မယ်” လို့ ကူးပါးစ် ပြောတယ်။

“နားလည်နိုင်တဲ့နည်းနဲ့ ရေးသားထား”

ဒီအဲန်အေထဲမှာ “မော်လီကျူး မျိုးဗီဇ ဘာသာစကား” နဲ့ ရေးသားထားတယ်လို့ ပြောတာက “ဥပမာပေးရုံ” လောက်ပဲမဟုတ်ဘူးလို့ ကူးပါးစ်ပြောတယ်။ “လူ့ဘာသာစကားလိုပဲ မော်လီကျူး မျိုးဗီဇ ဘာသာစကားမှာ ရေးထုံးရေးနည်းတွေ ရှိတယ်” လို့ သူထောက်ပြတယ်။ ရိုးရိုးပြောရရင် ဒီအဲန်အေထဲမှာ “သဒ္ဒါ” နည်းစနစ် ရှိတယ်၊ ညွှန်ကြားချက်တွေ တိတိကျကျပေးပြီး လုပ်ဆောင်စေတယ်။

ဒီအဲန်အေထဲမှာ “စကားလုံးတွေ၊” “ဝါကျတွေ” နဲ့ ဖော်ပြထားသလိုမျိုး “ပုံသေနည်း” မျိုးစုံရှိပြီး ပရိုတင်းထုတ်လုပ်ဖို့၊ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ တခြားဆဲလ် အမျိုးမျိုးထုတ်လုပ်ဖို့ ညွှန်ကြားတယ်။ ဥပမာ၊ အရိုးဆဲလ်၊ ကြွက်သားဆဲလ်၊ အာရုံကြောဆဲလ်၊ အရေပြားဆဲလ်တွေ ထုတ်လုပ်ဖို့ ညွှန်ကြားတဲ့ “ ပုံသေနည်း” တွေပါရှိတယ်။ “ဒီအဲန်အေကြိုးမျှင်ဟာ ဓာတုဗေဒစကားလုံး တစ်လုံးစီနဲ့ ရေးသားထားတဲ့ ဓာတုသင်္ကေတ အချက်အလက်တွေဖြစ်တယ်။ ယုံရခက်နိုင်ပေမဲ့လည်း ကျွန်တော်တို့ နားလည်နိုင်တဲ့နည်းနဲ့ ရေးသားထားတဲ့ သင်္ကေတတွေပါ” ဆိုပြီး ဆင့်ကဲဆိုင်ရာ ဇီဝဗေဒပညာရှင် ရစ်ချက် ဒေါ်ကင် ရေးသားခဲ့တယ်။

ကျမ်းရေးသူ ဒါဝိဒ်က ဘုရားသခင်ကို ဆုတောင်းတဲ့စကားထဲမှာ “မစုံလင်သေးသော အကျွန်ုပ်၏အလုံးအထွေး [သန္ဓေသားလောင်း] ကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍ မြင်တော်မူပြီ။ ထိုအရာတို့ကို . . . ကိုယ်တော်၏စာရင်း၌ အကုန်အစင် မှတ်သားလျက်ရှိကြပါ၏” လို့ ပြောခဲ့တယ်။ (ဆာလံ ၁၃၉:၁၆) ဒါဝိဒ်ဟာ ကဗျာဆန်ဆန် ရေးခဲ့တာဖြစ်ပေမဲ့လည်း ကျမ်းရေးသူဖြစ်လို့သာ အဲဒီလို မှန်မှန်ကန်ကန် ရေးသားနိုင်ခဲ့တာဖြစ်တယ်။ အဲဒီခေတ်တုန်းက လူတွေရဲ့ စိတ်ကူးယဉ်ဆန်၊ ဒဏ္ဍာရီ ဆန်တဲ့ အတွေးအခေါ် လွှမ်းမိုးနေတာ မတွေ့ရဘူး။ —၂ ဓမ္မရာဇဝင် ၂၃:၁၊ ၂; ၂ တိမောသေ ၃:၁၆

မိဘတွေရဲ့ စရိုက်လက္ခဏာတွေဟာ ကလေးတစ်ယောက်ဆီကို ဘယ်လိုလုပ် ပါလာတာလဲ

အချက်အလက်တွေ ဘယ်လိုကြောင့် ရှိနေတာလဲ

ထူးဆန်းအံ့သြစရာတစ်ခုကို သိပ္ပံပညာရှင်တွေ ရှင်းပြလိုက်တဲ့အခါတိုင်း နောက်ထပ်သိချင်စရာတွေ ပေါ်လာတတ်စမြဲပါ။ ဒီအဲန်အေကို ရှာဖွေတွေ့ရှိချိန်မှာလည်း အဲဒီလိုပဲ ဖြစ်ခဲ့တယ်။ ဒီအဲန်အေထဲမှာ သင်္ကေတအချက်အလက်တွေ ပါတယ်ဆိုတာကို သိသွားကြတဲ့အခါ စဉ်းစားတတ်သူတွေက “အဲဒီအချက်အလက်တွေ ဘယ်လိုကြောင့် ရှိနေတာလဲ” လို့မေးကြတယ်။ ပထမဆုံး ဒီအဲန်အေ မော်လီကျူး ဖြစ်ပေါ်လာပုံကို ဘယ်လူသားကမှ မမြင်ဖူးတာ အမှန်ပါပဲ။ ဒါကြောင့် ကြိုက်သလို ကောက်ချက်ချနိုင်ကြပါတယ်။ ဒါပေမဲ့ အဲဒီကောက်ချက်ဟာ ယုတ္တိရှိဖို့တော့လိုတယ်။ အောက်ဖော်ပြပါအချက်ကို သုံးသပ်ကြည့်ပါ။

  • ၁၉၉၉ ခုနှစ်မှာ၊ ထူးခြားတဲ့အမှတ်အသားတွေ၊ သင်္ကေတတွေပါတဲ့ အိုးခြမ်းပဲ့တွေကို ပါကစ္စတန်နိုင်ငံမှာ တွေ့ရှိခဲ့တယ်။ အဲဒီအမှတ်အသားတွေရဲ့ အဓိပ္ပာယ်ကို အခုထိ မသိကြသေးဘူး။ ဒါပေမဲ့ တစ်ယောက်ယောက် လုပ်ခဲ့တယ် ဆိုပြီး ယူမှတ်ထားကြပါတယ်။

  • ဒီအဲန်အေတည်ဆောက်ပုံကို ဝေါတ်ဆင်နဲ့ ခရိခ် ရှာဖွေတွေ့ရှိပြီး နှစ်အနည်းငယ်အကြာမှာ ရူပဗေဒ ပညာရှင်နှစ်ယောက်က အာကာသထဲကနေလာတဲ့ ရေဒီယို အချက်ပေးမှု သင်္ကေတတွေရဲ့ ရင်းမြစ်ကိုရှာဖို့ အဆိုပြုခဲ့တယ်။ အဲဒီအချိန်ကစပြီး တခြားဂြိုဟ်တွေမှာရှိတဲ့ အသိဉာဏ်ရှိသူတွေကို ရှာဖွေတဲ့အလုပ် စခဲ့ကြတယ်။

အဓိကအချက်ကဘာလဲ။ အိုးခြမ်းပဲ့မှာ ရှိနေတဲ့ သင်္ကေတ၊ အာကာသကနေရရှိတဲ့ အချက်ပေးမှု စတာတွေကို အသိဉာဏ်ရှိတဲ့သူတွေဆီက အချက်အလက်လို့ ယူမှတ်ကြတယ်။ အဲဒီလိုကောက်ချက်ချတာဟာ အဲဒါတွေကို အစပြုလုပ်ဆောင်တဲ့သူကို မြင်တွေ့ကြလို့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါထက် အဆမတန် ပိုရှုပ်ထွေးတဲ့ သက်ရှိတွေရဲ့ ဓာတုဖွဲ့စည်းပုံ သင်္ကေတကို ရှာဖွေတွေ့ရှိတဲ့အခါမှာတော့ လူများစွာဟာ အသိဉာဏ်ရှိသူဆီကနေ ဖြစ်ပေါ်လာတယ်လို့ လက်မခံဘဲ အသိဉာဏ်မရှိတဲ့ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတယ်လို့ ယူမှတ်ကြတယ်။ အဲဒီလိုယူမှတ်တာ ယုတ္တိရှိပါသလား။ ကျိုးကြောင်း ညီညွတ်ပါသလား။ သိပ္ပံနည်းကျရဲ့လား။ လေးစားခံရတဲ့ သိပ္ပံပညာရှင် အတော်များများကတော့ အဲဒီကောက်ချက်ကို လက်မခံကြပါဘူး။ အဲဒီအထဲမှာ ဒေါက်တာ ဂျင်ဟွမ် နဲ့ ပါမောက္ခ ယန်ဒါစူ တို့ပါတယ်။ သူတို့ပြောတာကို သုံးသပ်ကြည့်ပါ။

ဒေါက်တာ ဂျင်ဟွမ် က မျိုးဗီဇနဲ့ဆိုင်တဲ့ သင်္ချာပညာရပ်ကို လေ့လာသူဖြစ်တယ်။ အစတုန်းက သူဟာ ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်သူဖြစ်ပြီး ရှာဖွေသိရှိလာတာတွေကြောင့် သူ့ရဲ့အမြင် ပြောင်းလဲသွားတယ်။ “မျိုးဗီဇအကြောင်း လေ့လာတဲ့အခါ သက်ရှိတွေရဲ့ စနစ်တကျ၊ အသေအချာ ဖွဲ့စည်းထားရှိမှုကို အတွင်းကျကျ သိလိုက်ရတဲ့အတွက် ဖန်ဆင်းရှင်ရဲ့ ဉာဏ်ပညာကို အံ့သြမဆုံးဖြစ်ရတယ်” ဆိုပြီး နိုးလော့! ကို သူပြောပြတယ်။

ပါမောက္ခ ယန်ဒါစူဟာ ထိုင်ဝမ် အမျိုးသား ပင်းတန် သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်၊ သန္ဓေသားသုတေသနဌာနက ဒါရိုက်တာဖြစ်တယ်။ သူလည်းပဲ အရင်က ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်သူဖြစ်ပြီး နောက်ပိုင်း သူရှာဖွေသိရှိလာတာတွေကြောင့် အမြင်ပြောင်းသွားတယ်။ ဆဲလ်ပွားခြင်းနဲ့ ဆဲလ်အမျိုးအစားအလိုက် လုပ်ဆောင်ပုံနဲ့ပတ်သက်ပြီး သူဒီလိုပြောတယ်– “ဆဲလ်တွေဟာ သူ့နေရာအမှန်မှာ သူ့အစီအစဉ်နဲ့ စနစ်တကျ ဖြစ်ပွားလာကြတယ်။ ဦးဆုံး အသားတစ်သျှူးဖြစ်လာပြီး နောက်ပိုင်း ကိုယ်အင်္ဂါတွေအနေနဲ့၊ ခြေလက်အင်္ဂါတွေအနေနဲ့ ဖြစ်လာကြတယ်။ ဘယ်အင်ဂျင်နီယာကမှ အဲဒီလို အစီအစဉ်တကျ ဖြစ်လာအောင် စာရေးပြီး ညွှန်ကြားချက် မပေးနိုင်ဘူး။ ဒါပေမဲ့ ဒီအဲန်အေထဲမှာပါတဲ့ ညွှန်ကြားချက် အပြည့်အစုံကြောင့် သန္ဓေသားလောင်းဟာ သူ့အဆင့်နဲ့သူ ကြီးထွားလာတယ်။ အံ့သြစရာကောင်းတဲ့ အဲဒီအချက်တွေကို သုံးသပ်တဲ့အခါ အသက်ကို ဘုရားသခင် ပုံစံပြု ဒီဇိုင်းထုတ်တယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။”

ဂျင်ဟွမ် (ဘယ်) နဲ့ ပါမောက္ခ ယန်ဒါစူ

ဘုရားကို ယုံကြည်တာ၊ မယုံကြည်တာ အရေးကြီးပါသလား

မျှမျှတတ ပြောရရင်တော့ အရေးကြီးပါတယ်။ အသက်ကို ဘုရားသခင်ဖန်ဆင်းခဲ့တာ ဖြစ်တယ်ဆိုရင် ဆင့်ကဲဖြစ်စဉ်ကိုမဟုတ်ဘဲ ဘုရားသခင်ကိုပဲ ဂုဏ်တင်ထိုက်ပါတယ်။ (ဗျာဒိတ် ၄:၁၁) လူသားတွေဟာ ပညာအရှိဆုံး ဖန်ဆင်းရှင်ကြောင့် ဖြစ်တည်လာတာဖြစ်တယ်ဆိုရင် အသက်ရှင်ရတဲ့ ရည်ရွယ်ချက် ရှိရပါလိမ့်မယ်။ ဘာရည်ရွယ်ချက်မှမရှိတဲ့ ဖြစ်စဉ်တစ်ခုကြောင့် အသက်ဖြစ်လာတယ်ဆိုရင်တော့ ဘဝရည်ရွယ်ချက်လည်း ရှိမှာမဟုတ်ဘူး။ *

တချို့သူတွေကတော့ စိတ်ကျေနပ်ဖွယ်အဖြေ ရချင်ကြတယ်။ “လူတစ်ယောက်က ဘဝရည်ရွယ်ချက်ကို သိချင်ကြတာဟာ သဘာဝပါပဲ” လို့ ဦးနှောက်နဲ့ အာရုံကြောပါရဂူ ဗစ်တာ ဖရန်ကယ်လ် ပြောတယ်။ နောက်တစ်နည်းနဲ့ပြောရရင် တန်ခိုးကြီးသူတစ်ဦးကို ဝတ်ပြုကိုးကွယ်လိုတဲ့စိတ်ဆန္ဒ ပြည့်ဝဖို့ဆိုရင် ဖန်ဆင်းရှင်ရှိတယ်ဆိုတာ ယုံကြည်လက်ခံရမှာဖြစ်တယ်။ လူသားတွေကို ဘုရားသခင် ဖန်ဆင်းခဲ့တာဖြစ်တယ်ဆိုရင် အသက်ရှင်ရတဲ့ ရည်ရွယ်ချက်ကို ကိုယ်တော် ဖော်ပြပေးထားပါသလား။

အဲဒီမေးခွန်းကို ယေရှုဒီလို အဖြေပေးခဲ့တယ်– “လူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်။ ယေဟောဝါဘုရား မိန့်တော်မူသမျှအားဖြင့် အသက်ရှင်ရမည်။” (မဿဲ ၄:၄) သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတဲ့ ယေဟောဝါဘုရားရဲ့ မိန့်တော်မူချက်တွေကြောင့် သန်းနဲ့ချီတဲ့သူတွေဟာ အသက်ရှင်ရတဲ့ ရည်ရွယ်ချက်ကို သိရှိလာကြပြီး အနာဂတ် မျှော်လင့်ချက် ရှိလာကြပါပြီ။ (၁ သက်သာလောနိတ် ၂:၁၃) သင့်ကိုလည်း သမ္မာကျမ်းစာက ကူညီပေးနိုင်ပါတယ်။ ဒီထူးခြားတဲ့စာအုပ်ဟာ လေ့လာသုံးသပ်ထိုက်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

^ စာပိုဒ်၊ 3 ဝေါတ်ဆင်နဲ့ ခရိခ်ဟာ ဒီအဲန်အေနဲ့ပတ်သက်ပြီး အစောပိုင်းသုတေသီတွေ တွေ့ရှိထားမှုတွေကို ထပ်ဆင့်လေ့လာသူတွေ ဖြစ်ပါတယ်။ ဒီအဲန်အေ (DNA) ဆိုတာ ဒီအောက်စီရိုင်ဗိုနျူကလစ် အက်ဆစ် ရဲ့ အတိုကောက်စာလုံး ဖြစ်တယ်။—“ ဒီအဲန်အေနဲ့ပတ်သက်တဲ့ အဓိက ခုနှစ်သက္ကရာဇ်များ” လေးထောင့်ကွက်ကို ကြည့်ပါ။

^ စာပိုဒ်၊ 6 အတိုကောက်စကားလုံးတွေရဲ့ အမည်အပြည့်အစုံက adenine၊ cytosine၊ guanine နဲ့ thymine ဖြစ်ပါတယ်။

^ စာပိုဒ်၊ 22 ဖန်ဆင်းခြင်း၊ ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို သက်ရှိများ၏မူလအစ—မေးသင့်မေးထိုက်သော မေးခွန်းငါးခု [အင်္ဂလိပ်] စာစောင်မှာနဲ့ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော စာစောင်မှာ ပိုပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ www.pr418.com ကနေလည်း ဖတ်နိုင်ပါတယ်။