မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အတိတ်မှပုံရိပ်များ

အစ်နာစ် ဇန်မယ်ဗိုက်စ်

အစ်နာစ် ဇန်မယ်ဗိုက်စ်

အစ်နာစ် ဇန်မယ်ဗိုက်စ်ဟာ နာမည်ကြီးတဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကြိုးစားမှုက အခုခေတ် မိသားစုများစွာအတွက် အကျိုးဖြစ်စေခဲ့တယ်။ ဇန်မယ်ဗိုက်စ်ဟာ ဟန်ဂေရီနိုင်ငံ၊ ဘူဒါ (အခု၊ ဘူဒါပက်စ်) မြို့မှာမွေးဖွားပြီး ၁၈၄၄ ခုနှစ်မှာ ဗီယင်နာတက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ ရရှိခဲ့တယ်။ ၁၈၄၆ ခုနှစ်မှာ ဗီယင်နာအထွေထွေဆေးရုံကြီးရဲ့ ပထမသားဖွားဆောင်မှာ ပါမောက္ခရဲ့ အကူအဖြစ်လုပ်ဆောင်ရင်း စိတ်မချမ်းသာစရာအခြေအနေကို တွေ့မြင်ခဲ့ရတယ်။ အဲဒါကတော့ အမျိုးသမီး ၁၃ ရာခိုင်နှုန်းကျော်ဟာ မီးဖွားရင်း မီးတွင်းထဲမှာ ဆုံးသွားတာဖြစ်တယ်။

သေဆုံးရတဲ့အကြောင်းရင်းကို ထင်မြင်ချက် အမျိုးမျိုးပေးကြပေမဲ့ ဖြေရှင်းနည်းတော့ မတွေ့ကြဘူး။ အားလုံးက အသေအပျောက်နည်းအောင် ကြိုးစားပေမဲ့ အရာမထင်ဘူး။ မိခင်ပေါင်းများစွာဟာ ဝေဒနာခံစားရင်း သေဆုံးသွားတာကို ဇန်မယ်ဗိုက်စ် မြင်ပြီး ဘာကြောင့်ဖြစ်ရသလဲ၊ ဘယ်လိုကာကွယ်ရမလဲဆိုတာ ရှာဖွေဖို့ ဆုံးဖြတ်လိုက်တယ်။

ဇန်မယ်ဗိုက်စ် အလုပ်လုပ်တဲ့ဆေးရုံမှာ သားဖွားဆောင်နှစ်ခုရှိပြီး မီးတွင်းသေဆုံးနှုန်းက ဒုတိယအဆောင်ထက် ပထမအဆောင်မှာ ပိုများနေတယ်။ ပထမအဆောင်မှာ ဆေးကျောင်းသားတွေကို သင်ပေးပြီး ဒုတိယအဆောင်မှာ သူနာပြုတွေကို သင်ပေးတယ်။ ဒီလိုမတူတာနဲ့ပဲ ဘာကြောင့် သေဆုံးမှုနှုန်း ကွာခြားနေရတာလဲ။ ဇန်မယ်ဗိုက်စ်ဟာ ဖြစ်နိုင်ချေရှိတဲ့အကြောင်းအားလုံးကို သေချာလေ့လာပေမဲ့ သဲလွန်စရှာမရဘူး။

၁၈၄၇ ခုနှစ်အစောပိုင်းမှာ အရေးပါတဲ့သဲလွန်စတစ်ခုကို ဇန်မယ်ဗိုက်စ် တွေ့သွားတယ်။ သူ့ရဲ့ကျောင်းနေဖက်သူငယ်ချင်း ယာကုပ် ကော်လက်ခ်ျကာဟာ အလောင်းကို ခွဲစိတ်စမ်းသပ်မှုလုပ်တဲ့အချိန်မှာ ဒဏ်ရာရပြီး နောက်ပိုင်းသွေးဆိပ်တက်လို့ သေသွားတယ်။ ကော်လက်ခ်ျကာရဲ့ သေဆုံးရတဲ့အကြောင်းရင်းကို ဇန်မယ်ဗိုက်စ် ဖတ်ကြည့်လိုက်တဲ့အခါ အချက်တချို့ဟာ မီးတွင်းသေဆုံးသွားသူတွေနဲ့ တစ်ထပ်တည်း တူနေတာကို သတိထားမိတယ်။ ဒါကြောင့် “အဆိပ်” လို့ သူသတ်မှတ်ခဲ့တဲ့ အလောင်းတွေထဲက ပိုးတွေဟာ ကိုယ်ဝန်ဆောင်လူနာတွေဆီ ရောက်သွားပြီး မီးတွင်းသေဆုံးမှု ဖြစ်ပွားတာ ဖြစ်ရမယ်လို့ ဇန်မယ်ဗိုက်စ် စဉ်းစားမိတယ်။ ဆရာဝန်တွေနဲ့ ဆေးကျောင်းသားတွေဟာ သားဖွားဆောင်မသွားခင် အလောင်းတွေကို ခွဲစိတ်ရတတ်တယ်။ မီးဖွားခါနီးလို့ စမ်းသပ်ပေးတဲ့အခါ ဒါမှမဟုတ် မွေးပေးတဲ့အခါမှာ ရောဂါပိုးတွေကို မထင်မှတ်ဘဲ ဖြန့်ပေးသလို ဖြစ်သွားတယ်။ ဒုတိယသားဖွားဆောင်မှာ သေဆုံးနှုန်းနည်းရတာက သူနာပြုကျောင်းသားတွေဟာ အလောင်းတွေကို မခွဲစိတ်ရလို့ပဲ။

ဇန်မယ်ဗိုက်စ်ဟာ ကိုယ်ဝန်သည်တွေကို မစမ်းသပ်ခင် ပိုးသတ်ဆေးရည်နဲ့ လက်ကိုသေချာဆေးဖို့ ချက်ချင်း အဆိုတင်သွင်းလိုက်တယ်။ ရလဒ်ကတော့ အံ့ဩစရာပါပဲ။ မီးတွင်းသေဆုံးမှုနှုန်းဟာ ဧပြီလမှာ ၁၈.၂၇ ရာခိုင်နှုန်း ရှိရာကနေ နှစ်ကုန်ပိုင်းမှာ ၀.၁၉ ရာခိုင်နှုန်းအထိ လျော့ကျသွားတယ်။

“ငါ့ခံယူချက်ကတော့ သားဖွားနဲ့မီးယပ်ဆေးရုံတွေရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့နဲ့ အမျိုးသားတွေရဲ့ဇနီးသည်တွေ၊ ကလေးတွေရဲ့မိခင်တွေ အသက်ကို ကယ်တင်ဖို့ပဲ။”—အစ်နာစ် ဇန်မယ်ဗိုက်စ်

ဇန်မယ်ဗိုက်စ်ရဲ့ အောင်မြင်မှုကို လူတိုင်းတော့ မကြိုက်ဘူး။ အရင်က မီးတွင်းသေဆုံးခြင်းအကြောင်းရင်းကို ဖော်ထုတ်ထားတဲ့ သူ့အထက်က ဆရာဝန်ကြီးတွေက သူ့ရဲ့နည်းလမ်းနဲ့ အတင်းအကျပ်တိုက်တွန်းမှုကို မကြိုက်ကြဘူး။ အဲဒါနဲ့ပဲ သူအလုပ်ပြုတ်သွားပြီး ဗီယင်နာကနေ ဟန်ဂေရီကို ပြန်လာခဲ့ရတယ်။ ဒီနောက် ပက်စ်ပြည်နယ်က စိန့်ရိုကပ်စ်ဆေးရုံမှာ သားဖွားမီးယပ်ဌာနရဲ့ ဆရာဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်တယ်။ အဲဒီဆေးရုံမှာလည်း သူ့နည်းလမ်းကို ဆက်ကျင့်သုံးတဲ့အခါ မီးတွင်းသေဆုံးမှုနှုန်း ၁ ရာခိုင်နှုန်းအောက် ကျသွားတယ်။

၁၈၆၁ ခုနှစ်မှာ ဇန်မယ်ဗိုက်စ်က သူ့အလုပ်အကြောင်း ရေးသားထားတဲ့ (The Cause, Concept, and Prophylaxis of Childbed Fever) စာအုပ် ထုတ်ဝေခဲ့တယ်။ စိတ်မကောင်းစရာက အရေးပါတဲ့ သူ့တွေ့ရှိချက်တွေကို နှစ်ပေါင်းအတော်ကြာတဲ့အထိ အသိအမှတ်မပြုကြတာပဲ။ အဲဒီအတောအတွင်းမှာ အသက်ပေါင်းများစွာဟာ မသေသင့်ဘဲ သေခဲ့ရတယ်။

ဇန်မယ်ဗိုက်စ်ဟာ သူ့လက်အောက်မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပိုးသတ်ဆေးနဲ့ လက်ဆေးဖို့ အတင်းအကျပ် တိုက်တွန်းခဲ့တယ်။—ရောဘတ်တွန် ရေးဆွဲတဲ့ပန်းချီ

နောက်ဆုံးမှာတော့ ဇန်မယ်ဗိုက်စ်ဟာ ခေတ်သစ်ပိုးသတ်ဆေးနည်းစနစ်ရဲ့ ဖခင်ကြီးအနေနဲ့ အသိအမှတ်ပြုခံရတယ်။ မမြင်နိုင်တဲ့ ပိုးမွှားလေးတွေကနေတဆင့် ရောဂါကြီးဖြစ်စေတယ်ဆိုတာ သူ့ရဲ့ရှာဖွေလေ့လာမှုတွေကနေ သိခဲ့တယ်။ သူ့ရဲ့ရှာဖွေတွေ့ရှိချက်ဟာ ဆေးသိပ္ပံလောကမှာ “အရေးပါဆုံးတစ်ခု” အဖြစ် သတ်မှတ်ခံခဲ့ရတယ်။ စိတ်ဝင်စားစရာက လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၀၀၀ ကျော်ကတည်းက ရှေးအစ္စရေးလူမျိုးကိုပေးတဲ့ ဘုရားပညတ်မှာ အလောင်းတွေကို ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်ကောင်းတွေ ပေးပြီးသားဖြစ်တယ်။