မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တယ်ရီယာခွေးလေးတွေအတွက် ဘီစကစ်

တယ်ရီယာခွေးလေးတွေအတွက် ဘီစကစ်

“၂၀၁၄၊ နွေဦး​မှာ ကျွန်တော့်​ခွေး​လေး နှစ်ကောင်​နဲ့ မြို့ထဲ စ​လမ်းလျှောက်ထွက်​ဖြစ်တယ်။ မြို့လယ်ခေါင်​မှာ စာပေ လက်တွန်းစင် ဘေးနား ရပ်နေတဲ့ သက်သေခံတွေကို တွေ့​ရလေ့​ရှိတယ်။ သူတို့ဟာ သပ်သပ်ရပ်ရပ် ဝတ်ဆင်​ထားပြီး လူတိုင်းကို ပြုံးပြုံးလေး နှုတ်ဆက်​ကြတယ်” လို့ အမေရိကန်​နိုင်ငံ၊ အိုရီဂွန်မှာ နေတဲ့ နစ် ပြော​တယ်။

“သက်သေခံတွေ​က လူတွေကိုပဲ ကြင်နာ​တာ မဟုတ်ဘူး။ ကျွန်တော့်​ခွေး​တွေ​ကိုလည်း ကြင်နာ​တယ်။ တစ်နေ့၊ လက်တွန်းစင် ဘေးမှာ ရပ်နေတဲ့ အီလိန်း​က ကျွန်တော့်​တယ်​ရီ​ယာ​တွေ​ကို ဘီစကစ် ကျွေး​တယ်။ နောက်ပိုင်း၊ အဲဒီ​နား​ကို ရောက်​တိုင်း ခွေးတွေ​က သက်သေခံတွေ​ဆီ​ပဲ သွား​ချင်​နေတယ်။

“ဒီလိုနဲ့ လ​အတော်များများ ကုန်​သွားတယ်။ ခွေး​တွေ​လည်း ဘီစကစ် စား​ရင်း ကျွန်တော်​လည်း သက်သေခံတွေ​နဲ့ စကားပြော​ဖြစ်​လာတယ်။ ဒါပေမဲ့ သူတို့ကို သိပ်​မ​ခင်​ရဲ​သေး​ဘူး။ ကျွန်တော် အသက် ၇၀ ကျော်​ပြီ။ သက်သေခံတွေရဲ့ ယုံကြည်ချက်​အကြောင်းလည်း သိပ်​မသိ​ဘူး။ ပရိုတက်စတင့်​ချာ့ချ်​ကို စိတ်ပျက်​လို့ ကိုယ့်​ဟာကိုယ် ကျမ်းစာ​ဖတ်​တာ​ပဲ အကောင်းဆုံး ဖြစ်​မယ်လို့ တွေးထား​တာ။

“အဲဒီ​အတောအတွင်း မြို့ထဲက တခြား​နေရာတွေမှာလည်း လက်တွန်းစင် ဘေးနား ရပ်နေတဲ့ သက်သေခံတွေကို တွေ့​မိတယ်။ သူတို့ အမြဲ ဖော်ရွေ​ကြတယ်။ ကျွန်တော့်​ရဲ့ ကျမ်းစာ​မေးခွန်းတွေကိုလည်း ဖြေပေး​တယ်။ ဒါ​ကြောင့် သူတို့ကို ပို​ယုံကြည်​စိတ်ချ​လာတယ်။

“တစ်နေ့၊ အီလိန်း​က ‘တိရစ္ဆာန်​တွေ​ဟာ ဘုရား​ဆီက လက်ဆောင်​ပဲ​လို့ ထင်​သလား’ ဆိုပြီး မေးတယ်။ ‘ထင်တာ​ပေါ့’ လို့ ဖြေလိုက်​တယ်။ ဒါနဲ့ ဟေရှာယ ၁၁:၆-၉ ကို သူ ဖတ်ပြ​တယ်။ အဲဒါ ကျွန်တော့်​ဘဝ​အတွက် အပြောင်းအလဲ​ပဲ။ အဲဒီ​အချိန်အထိ သူတို့ရဲ့ စာပေ​တွေ ကျွန်တော် လက်​မခံ​သေး​ဘူး။

“နောက်ပိုင်း​နေ့တွေမှာ အီလိန်း၊ သူ့​ခင်ပွန်း ဘရန့်တို့နဲ့ ကျမ်းစာ​အကြောင်းအရာတွေ နည်းနည်း​စီ ဆွေးနွေး​ဖြစ်တယ်။ ခရစ်ယာန်​စစ် ဖြစ်​ခြင်း​မှာ ဘာတွေ ပါဝင်​သလဲ​ဆိုတာ သိဖို့ မဿဲကျမ်း​ကနေ တမန်တော်​ကျမ်း​အထိ ဖတ်​ကြည့်​ပါ​လို့ သူတို့ အားပေးတယ်။ ကျွန်တော်​လည်း ဖတ်​ကြည့်​တယ်။ မကြာခင်​မှာပဲ သူတို့နဲ့ ကျမ်းစာ​လေ့လာ​ဖို့ လက်ခံ​လိုက်တယ်။ အဲဒါ ၂၀၁၆၊ နွေ​ရာသီမှာ​ပါ။

“ပတ်စဉ် ကျမ်းစာ​သင်အံမှု​နဲ့ နိုင်ငံတော်​ခန်းမ အစည်းအဝေးတွေကို ကျွန်တော် စောင့်မျှော်​တတ်လာတယ်။ ကျမ်းစာ တကယ် သွန်သင်​တာ​ကို သိလာ​လို့ ကောင်းချီးရတယ်​လို့ ခံစား​ရပြီး ပျော်ရွှင်​ရတယ်။ တစ်နှစ်​ကျော်​လောက် ကြာပြီး​နောက် ယေဟောဝါသက်သေ​အဖြစ် နှစ်ခြင်း​ခံ​လိုက်တယ်။ အခု အသက် ၇၉ နှစ် ရှိပါ​ပြီ။ လမ်းမှန်​ပေါ် ရောက်​နေပြီဆိုတာ သိတယ်။ ယေဟောဝါ​ဘုရား​ရဲ့ ကမ္ဘာချီ မိသားစုဝင် ဖြစ်ခွင့်​ရတာ တကယ့် ကောင်းချီး​ပါ​ပဲ။”