မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန် ကြင်နာမှု လုပ်ရပ်တစ်ခု

ခရစ်ယာန် ကြင်နာမှု လုပ်ရပ်တစ်ခု

အိန္ဒိယနိုင်ငံ၊ ဂူ​ဂျ​ရ​တ်​ပြည်နယ် ရွာ​ကလေး​တစ်ရွာ​က ဂျွန်​ရဲ့ ဖခင်​ဟာ ၁၉၅၀ ပြည့်လွန်​နှစ်တွေ နှောင်းပိုင်း​မှာ ယေဟောဝါသက်သေ​အဖြစ် နှစ်ခြင်းခံ​ခဲ့တယ်။ ဂျွန်၊ မောင်နှမ ငါးယောက်​နဲ့ အမေတို့​က​တော့ ဘာသာတရား ကိုင်းရှိုင်း​တဲ့ ရိုမန်ကက်သလစ်​တွေ ဖြစ်တယ်။ အဖေ့ ယုံကြည်ခြင်း​ကို ဆန့်ကျင်​ကြ​တ​ယ်။

တစ်နေ့၊ အဖေ​က ဂျွန်​ကို အသင်းတော်မှာရှိတဲ့ မိတ်ဆွေ​တစ်ယောက်​ဆီ စာ​သွား​ပို့​ခိုင်း​တ​ယ်။ အဲဒီ​မနက်ပိုင်း​မှာ သံ​စည်ပိုင်း ဖွင့်​ရင်း ဂျွန် ဆိုးဆိုး​ရွားရွား လက်​ရှ​သွားတယ်။ ဒါပေမဲ့ အဖေ့​စကား နာခံ​ချင်​လို့ သွေး​ထွက်နေတဲ့​လက်ချောင်း​ကို အဝတ်​စ​နဲ့ စည်း​ပြီး စာ​ပို့​ဖို့ လမ်းလျှောက်ထွက်​လာတယ်။

လိပ်စာ​အတိုင်း ဂျွန် ရောက်​သွားတဲ့​အခါ ယေဟောဝါသက်သေ​ဖြစ်တဲ့ အိမ်ရှင်မ​က စာအိတ်​ကို လက်ခံ​ယူ​တော့ ဂျွန်​ရဲ့ လက်​ဒဏ်ရာ​ကို သတိထား​မိတယ်။ ချက်ချင်း ဆေး​သေတ္တာ သွား​ယူ၊ ဒဏ်ရာ​ကို ပိုးသတ်ဆေး​နဲ့ ဆေးကြော​ပြီး ပတ်တီး​စည်း​ပေး​လိုက်တယ်။ ပြီးတော့ လက်ဖက်ရည် ပူ​ပူ​လေး တိုက်​ပြီး ကျမ်းစာ​အကြောင်း ရင်းရင်းနှီးနှီး ပြောပြတယ်။

စကားပြော​ရင်း သက်သေခံ​တွေ​အပေါ် ဂျွန်​ရဲ့ စိတ်​ကွက်​မှု ပျော့ပျောင်း​လာတယ်။ ဒါကြောင့် ဖခင်​နဲ့ မိမိရဲ့ ယုံကြည်ချက် ကွဲပြားမှု​နှစ်ခု​အကြောင်း မေးကြည့်​တ​ယ်။ ယေရှုက ဘုရား​လား၊ မာရိ​ဆီ ခရစ်ယာန်တွေ ဆုတောင်း​သင့်​သလား ဆိုတာ​တွေ​ပေါ့။ သက်သေခံ ညီအစ်မ​က ဂျွန်​ရဲ့ ဂူ​ဂျ​ရာ​တီ​စကား တတ်​ထား​လို့ ကျမ်းစာက​နေ အဖြေ​ပေးပြီး “နိုင်ငံ​တော်​နှင့်ယှဉ်သော ဤ​သတင်းကောင်း” စာအုပ်​ငယ်​ကို ပေး​လိုက်တယ်။

နောက်ပိုင်း အဲဒီ​စာအုပ်​ငယ်​ကို ဖတ်​ပြီး ကျမ်းစာ​အမှန်တရားကို ဦးဆုံးအကြိမ် သိရ​တာပဲ​လို့ ဂျွန် ခံစား​လိုက်ရတယ်။ ဒါနဲ့ ဘုန်းတော်ကြီး​ဆီ သွားပြီး အထက်​က မေးခွန်း​နှစ်ခု​ကို မေးခဲ့တယ်။ ဘုန်းတော်ကြီး ဒေါသထွက်ပြီး ကျမ်းစာနဲ့ ပစ်ပေါက်​လိုက်တယ်။ “မင်း စာတန် ဖြစ်သွား​ပြီ။ ယေရှု ဘုရား မဟုတ်ဘူး၊ မာရိ​ကို မကိုးကွယ်​ရ​ဘူးလို့ ပြော​ထားတဲ့​ကျမ်းချက် ငါ့ကို ပြ​စမ်း။ ပြ​စမ်း” လို့ အော်​ပြောတယ်။ ဘုန်းတော်ကြီး​ရဲ့ လုပ်ရပ်​ကြောင့် ဂျွန် အံ့အားသင့်​သွားပြီး “ကက်သလစ် ဘုရားကျောင်း​မှာ ဘယ်တော့မှ ခြေ​မချ​တော့ဘူး” လို့ပြော​လိုက်တယ်။ တကယ်​လည်း ခြေ​မချ​တော့​ပါဘူး။

မကြာခင်​မှာပဲ သက်သေခံ​တွေနဲ့ ကျမ်းစာ လေ့လာပြီး စစ်မှန်တဲ့ ဝတ်ပြုရေး​ဘက် ရပ်တည်​ခဲ့တယ်။ ယေဟောဝါကို စတင် ဝတ်ပြု​လာတယ်။ အချိန်တန်​တော့ တခြား​မိသားစုဝင် အတော်များများ​လည်း ဝတ်ပြု​လာကြတယ်။ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်​တုန်းက ညာဘက်​လက်ညှိုး​မှာ ရခဲ့တဲ့​ဒဏ်ရာ အမာရွတ် ဒီနေ့​ထိ ရှိနေတုန်း​ပါပဲ။ စင်ကြယ်​တဲ့ ဝတ်ပြုရေး​ဘက် ဆွဲဆောင်​ခဲ့တဲ့ ခရစ်ယာန်​ကြင်နာမှု လုပ်ရပ်​တစ်ခုကို ဂျွန် အမှတ်ရ​နေတုန်း​ပါပဲ။—၂ ကော. ၆:၄၊ ၆