မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗေလရှာဇာ နာမည် ပါတဲ့ ရွှံ့စေး​ထုလုံးရှည်

သင် သိပါသလား

သင် သိပါသလား

ဗာဗုလုန်​ဘုရင် ဗေလရှာဇာ​ရဲ့ အခန်းကဏ္ဍကို ရှေးဟောင်း​သုတေသန တွေ့ရှိချက်​က ဘယ်လို ထောက်ခံ​သလဲ။

ဒံယေလ​ကျမ်းမှာ ဖော်ပြ​ထားတဲ့ ဘုရင် ဗေလရှာဇာဆိုတာ တကယ် မရှိဘူးလို့ ကျမ်းစာ ဝေဖန်ရေးသမားတွေ နှစ်ပေါင်းများစွာ ငြင်းဆို​ခဲ့​ကြတယ်။ (ဒံ. ၅:၁) ဗေလရှာဇာ တကယ် အသက်ရှင်ခဲ့​ပါတယ်​ဆိုတဲ့ အထောက်အထားကို ရှေးဟောင်း​သုတေသီ​တွေ ရှာမတွေ့​ကြ​လို့ ဖြစ်တယ်။ ဒါပေမဲ့ ၁၈၅၄ မှာ အဲဒီ​အမြင် ပြောင်း​သွားတယ်။ ဘာကြောင့်လဲ။

အဲဒီ​နှစ်မှာ ဗြိတိန် အရာရှိ ဂျေ ဂျီ တေလာက လက်ရှိ အီရတ်​နိုင်ငံ​တောင်ပိုင်း ရှေး​ဥရ​မြို့မှာ​ရှိတဲ့ အပျက်အယွင်း​တွေကို စူးစမ်း​ရှာဖွေခဲ့​တယ်။ အဆောက်အအုံ​ကြီး​တစ်ခုမှာ ရွှံ့စေး​ထုလုံးရှည် များစွာကို တွေ့ရှိခဲ့တယ်။ ထုလုံးရှည် တစ်ခုစီဟာ လေးလက်​မလောက် ရှည်ပြီး ကျူနီဖောင်းစာ ရေးထွင်း​ထားတယ်။ ထုလုံးရှည်​တစ်ခုမှာ ဗာဗုလုန် ဘုရင် နဗိုနိုက်ဒက်စ်နဲ့ သားကြီး ဗေလရှာဇာ​တို့ အသက်​ရှည် ကျန်းမာပါစေကြောင်း ဆုမွန်​ကောင်း တောင်း​ထားတာ ပါတယ်။ ဒီ​ရှာဖွေ​တွေ့ရှိချက်​ကြောင့် ဗေလရှာဇာ တကယ် ရှိခဲ့​ပါတယ်​ဆိုတာ ဝေဖန်ရေးသမားတွေတောင် လက်ခံ​လိုက်ရတယ်။

ဒါပေမဲ့ ဗေလရှာဇာ​ဟာ ဘုရင်​တစ်ပါး ဖြစ်တယ်​ဆိုပြီး​လည်း ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ ဒါကိုလည်း ဝေဖန်ရေးသမားတွေ လက်မခံနိုင်​ပြန်​ဘူး။ ဥပမာ၊ ၁၈၇၅ ဝန်းကျင်​မှာ အင်္ဂလိပ် သိပ္ပံ​ပညာရှင် ဝီလျံ တဲလ်ဘတ်က “ဘဲလ်–ဆာရ်–ဥဆာရ် [ဗေလရှာဇာ] ဟာ ဖခင် နဗိုနိုက်ဒက်စ်နဲ့ တွဲဖက်​အုပ်ချုပ်​ခဲ့တယ်​လို့ တချို့ ပြော​ကြပေမဲ့ အထောက်အထား မရှိဘူး” လို့ ရေးခဲ့တယ်။

ဗာဗုလုန်​မြို့မှာ ဗေလရှာဇာ​ရဲ့ ဖခင် ဘုရင်​နဗိုနိုက်ဒက်စ် နှစ်​အတော်ကြာ မရှိတဲ့​အကြောင်း ဖော်ပြတဲ့ ရွှံ့စေး​ထုလုံးရှည်တွေကို တွေ့​ချိန်မှာတော့ အဲဒီ​အငြင်းပွားမှု အဆုံးတိုင်​သွားတယ်။ ဘုရင်​နဗိုနိုက်ဒက်စ် မရှိတဲ့​အချိန်မှာ ဘာ​ဖြစ်ခဲ့သလဲ။ “နဗိုနိုက်ဒက်စ် တိုင်းတစ်ပါး​မှာ ရှိ​နေချိန် ထီးနန်း​နဲ့ စစ်တပ်​ကို ဗေလရှာဇာ​ဆီ အပ်နှင်းခဲ့​တယ်” လို့ ဗြိတိန်နီကာ စွယ်စုံကျမ်း​က ဖော်ပြတယ်။ အဲဒီ​အချိန်အတွင်း ဗေလရှာဇာ​ဟာ ဗာဗုလုန်​မှာ တွဲဖက်​ဘုရင်​အနေနဲ့ အုပ်ချုပ်​ခဲ့တယ်။ ဒါကြောင့် “ဒံယေလ​ကျမ်းမှာ ဗေလရှာဇာ​ကို ‘ဘုရင်’ လို့ ခေါ်​ထားတာ” သင့်တော်​ကြောင်း ရှေးဟောင်း​သုတေသီ၊ ဘာသာဗေဒ ပညာရှင် အယ်လန် မီလတ် ဖော်ပြတယ်။

ဘုရားသခင့် ကျေးကျွန်တွေ​အတွက် ဒံယေလကျမ်းဟာ ယုံကြည်​စိတ်ချ​ထိုက်​ပြီး စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးသား​ထားတယ်​ဆိုတဲ့ အဓိက အထောက်အထား​ကတော့ ကျမ်းစာ​ကိုယ်နှိုက်​ပါပဲ။—၂ တိ. ၃:၁၆