မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

ရှေး​ခေတ်​တုန်း​က တစ်​ယောက်​ယောက် သူ​တစ်ပါး​ရဲ့​လယ်​မှာ ပေါင်း​မျိုး​စေ့ ကြဲ​တာ​မျိုး တ​ကယ် ဖြစ်​နိုင်​သလား။

ရော​မဧ​က​ရာဇ် ဂျပ်စ္စ​တင်း​နီး​ယန်း ရေး​သားတဲ့ ၁၄၆၈​ ခု​နှစ်​ထုတ် ဒိုင်​ဂျက်စ်​ဟာ ရှေး​ခေတ် တ​ရားရေး​ကိစ္စ​တွေ​အကြောင်း အသေး​စိတ် ဖော်ပြတဲ့ မှတ်​တမ်း​တစ်​ခု ဖြစ်

မဿဲ ၁၃:၂၄-၂၆ မှာ ယေရှု ဒီ​လို​ပြော​တယ်– “ကောင်း​ကင်​နိုင်​ငံ​တော်​သည် လယ်​၌ ကောင်း​သော​မျိုး​စေ့​ကို ကြဲ​သော​သူ​နှင့် တူ​၏။ လူ​တို့ အိပ်​ပျော်​နေ​ကြ​စဉ် သူ​၏​ရန်​သူ​သည် လာ၍ ဂျုံ​စ​ပါး​စေ့​ကြား​တွင် ပေါင်း​မျိုး​စေ့​ကို ကြဲ​ပြီး ထွက်​သွား​လေ​၏။ အပင်​ပေါက်​၍ အနှံ​ထွက်​သော​အခါ ပေါင်း​ပင်​များ​လည်း ပေါ်​ထွက်​လာ၏။” အဲဒီ​ပုံ​ဥပမာ​ကို တ​ကယ်​ဖြစ်​တယ်​လို့ ယူ​ဆ​ရ​မလား​ဆို​ပြီး စာ​ရေး​သူ​တွေ အငြင်း​ပွား​ခဲ့​ကြ​တယ်။ ဒါ​ပေမဲ့ ရော​မတ​ရား​ဝင်​မှတ်​တမ်း​တွေ​က​တော့ ယူ​ဆ​သင့်​တယ်​လို့ ဆို​တယ်။

“က​လဲ့​စား​ချေ​လို​တဲ့ ရည်​ရွယ်​ချက်​နဲ့ ပေါင်း​မျိုး​စေ့​တွေ ကြဲ​တာ​ဟာ ရောမ​ဥ​ပဒေ​အရ ရာ​ဇ​ဝတ်​မှု မြောက်​တယ်။ ဒီ​ကိစ္စ​နဲ့​ပတ်​သက်​တဲ့ ဥ​ပဒေ​တွေ ရှိ​တာ​ကို​က အဲဒီ​လို​အမှု​တွေ တ​ကယ်​ရှိ​ခဲ့​မှန်း ဖော်ပြတယ်” လို့ ကျမ်း​စာ​အဘိ​ဓာန်​တစ်​အုပ်​က ဆို​တယ်။ အေဒီ ၅၃၃ မှာ ရော​မဧ​က​ရာဇ် ဂျပ်စ္စ​တင်း​နီး​ယန်း​က ဒိုင်​ဂျက်စ် စာ​အုပ် ထုတ်​ဝေ​ခဲ့​တယ်​လို့ ဥ​ပဒေ​ပညာ​ရှင် အလာ​စ​တာ ကယ်​ရာ ပြော​ခဲ့​တယ်။ အဲဒီ​စာ​အုပ်​ဟာ ရော​မဥ​ပဒေ​ပေါင်း​ချုပ် ဖြစ်​ပြီး အေဒီ ၁၀၀-၂၅၀ အတွင်း ဥ​ပဒေ​ပညာ​ရှင်​တွေ​ရဲ့ ​ကောက်​နုတ်​ချက်​တွေ ပါ​ဝင်​တယ်။ ဥ​ပဒေ​ပညာ​ရှင်​တစ်​ယောက်​ဖြစ်​တဲ့ အာလ်​ပီ​ယန်​က ဒုတိ​ယ​ရာ​စု အမှု​တစ်​ခု​ကို ရည်​ညွှန်း​ထား​တယ်။ တစ်​ယောက်​ယောက်​က သူ​တစ်ပါး​ရဲ့​လယ်​မှာ ပေါင်း​မျိုး​စေ့​တွေ ကြဲ​သွား​တဲ့​အတွက် အသီး​အနှံ​တွေ ပျက်​စီး​သွား​တယ်။ လယ်​သမား ရ​ထိုက်​တဲ့ တ​ရားရေး​အခွင့်​အရေး​တွေ​နဲ့ ဆုံး​ၡုံး​မှု​အတွက် လျော်​ကြေး​တွေ​ကို အဲဒီ​စာ​အုပ်​မှာ ဆွေး​နွေး​ထား​တယ်။

ရှေး​ခေတ် ရော​မအင်​ပါ​ယာ​မှာ အဲဒီ​လို​အမှု​တွေ ဖြစ်​ခဲ့​တာ​က ယေရှု​ပြော​ခဲ့​တဲ့ ပုံ​ဥပမာ​ဟာ တ​ကယ်​ဖြစ်​တယ်​ဆို​တာ ဖော်ပြတယ်။

ပထ​မရာ​စု​တုန်း​က ယုဒ​နယ်​ကို အုပ်​ချုပ်​တဲ့ ဂျူး​အာ​ဏာ​ပိုင်​တွေ​ကို ရော​မတွေ လွတ်​လပ်​ခွင့် ဘယ်​လောက် ပေး​ထား​သလဲ။

အဲဒီ​တုန်း​က ယုဒ​နယ်​ကို စစ်​တပ်​နဲ့ ဘု​ရင်​ခံ​တစ်​ယောက်​ကိုယ်​စား​ပြု​တဲ့ ရော​မတွေ အုပ်​ချုပ်​တယ်။ အဓိ​က​တာဝန်​က​တော့ ရော​မနိုင်​ငံ​အတွက် အခွန်​ကောက်​ဖို့၊ ငြိမ်​ဝပ်​ပိ​ပြား​မှု​ရှိ​စေ​ဖို့ ဖြစ်​တယ်။ ဥ​ပဒေ​မဲ့ လှုပ်​ရှား​မှု​တွေ​ကို နှိပ်​ကွပ်​ရေး၊ ဆူ​ပူ​လှုပ်​ရှား​မှု ဖြစ်​စေ​သူ​တွေ​ကို တ​ရား​စီ​ရင်ရေး​တို့​ကို အလေး​ထား ဆောင်​ရွက်​တယ်။ နေ့​စဉ် စီ​မံ​အုပ်​ချုပ်​မှု​ကို​တော့ ဒေ​သခံ​ခေါင်း​ဆောင်​တွေ​လက်​ထဲ လွှဲ​အပ်​ထား​လေ့​ရှိ​တယ်။

ရုံး​ထိုင်​စစ်​ဆေး​နေ​တဲ့ ဂျူး​တ​ရား​ရုံး​ချုပ်

ဂျူး​တ​ရား​ရုံး​ချုပ်​က ဂျူး​ပညတ်​တ​ရား​နဲ့​ဆိုင်​တဲ့ ကိစ္စ​တွေ​ကို စီ​ရင်​ဆောင်​ရွက်​တယ်။ ယုဒ​နယ်​တစ်​ခွင်​မှာ အောက်​တ​ရား​ရုံး​တွေ ရှိ​တယ်။ အဲဒီ​တ​ရား​ရုံး​တွေ​မှာ တ​ရား​မမှု၊ ရာ​ဇ​ဝတ်​မှု​တို့​ကို ကိုင်​တွယ်​လေ့​ရှိ​ပြီး ရော​မတွေ ဝင်​မစွက်​ဖက်​ဘူး။ ဂျူး​တ​ရား​ရုံး​တွေ​အပေါ် ကန့်​သတ်​ချက်​တစ်​ခု​က​တော့ ရာ​ဇ​ဝတ်​သား​တွေ​ကို ကွပ်​မျက်​ပိုင်​ခွင့် မရှိ​တာ​ပဲ။ အဲ​ဒါ​ကို​တော့ ရော​မတွေ​ကိုယ်​တိုင်​ပဲ စီ​ရင်​တယ်။ ဖြစ်​ရိုး​ဖြစ်​စဉ် မဟုတ်​တဲ့​ အများ​သိ​အမှု​တစ်​ခု​က​တော့ ဂျူး​တ​ရား​ရုံး​ချုပ်​အဖွဲ့​ဝင်​တွေ သတေ​ဖန်​ကို အမှု​စစ်​ပြီး ကျောက်​ခဲ​နဲ့ ပေါက်​သတ်​ဖို့ စီ​ရင်ခဲ့​တာ​ပဲ။—တ. ၆:၈-၁၅။ ၇:၅၄-၆၀

ဒါ​ကြောင့် ဂျူး​တ​ရား​ရုံး​ချုပ်​ရဲ့ တ​ရား​စီ​ရင်​ပိုင်​ခွင့်​ဟာ ကျယ်​ပြန့်​တယ်။ ဒါ​ပေမဲ့ ကျမ်း​ပညာ​ရှင် အေမီလ်​ဆ​ကူ​ရာ အခု​လို ပြော​တယ်– “ရော​မအာ​ဏာ​ပိုင်​တွေ​က အချိန်​မရွေး ကြား​ဝင်​နိုင်​ပြီး အတား​အဆီး​မရှိ လုပ်​ဆောင်​နိုင်​တယ်။ နိုင်​ငံ​ရေး​ပြစ်​မှု​တစ်​ခု​ကို သံ​သယ​ဝင်​တဲ့​အခါ​မျိုး​တွေ​မှာ ဖြစ်​တယ်။” တပ်​မှူး က​လော​ဒိ​လု​သိ​ရဲ့ ကြီး​ကြပ်​မှု​အောက်​မှာ အဲဒီ​လို​ဖြစ်​ရပ်​တစ်​ခု ဖြစ်​ပျက်​ခဲ့​တယ်။ သူ​က ရော​မနိုင်​ငံ​သား တမန်​တော် ပေါလု​ကို အကျဉ်း​ချ​ခဲ့​တယ်။—တ. ၂၃:၂၆-၃၀