မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗာဗုလုန်ရောက် ဂျူးသုံ့ပန်းတွေအကြောင်း ကျမ်းစာဖော်ပြချက် တိကျမှန်ကန်ရဲ့လား

ဗာဗုလုန်ရောက် ဂျူးသုံ့ပန်းတွေအကြောင်း ကျမ်းစာဖော်ပြချက် တိကျမှန်ကန်ရဲ့လား

 လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၆၀၀ လောက်မှာ ဂျူးတွေဟာ ဗာဗုလုန်တွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရတဲ့အတွက် အနှစ် ၇၀ နီးပါး သုံ့ပန်းဘဝနဲ့ နေခဲ့ရကြတယ်။ ဗာဗုလုန်မှာ ဂျူးသုံ့ပန်းတွေ နေထိုင်ရမယ့် အခြေအနေနဲ့ပတ်သက်လို့ ဘုရားသခင်က “အဲဒီမှာ အိမ်တွေ ဆောက်ပြီး နေထိုင်ကြ။ ဥယျာဉ်တွေ စိုက်ပြီး အသီးတွေ စားသုံးကြ။ အိမ်ထောင်ပြုပြီး သားသမီးတွေ မွေးဖွားကြ။ . .  ငါပြည်နှင်ဒဏ်ပေးလိုက်လို့ မင်းတို့ရောက်နေတဲ့မြို့ကို ငြိမ်သက်အေးချမ်းအောင် ကြိုးစားကြ” ဆိုပြီး ကြိုဟောခဲ့ကြောင်း ကျမ်းစာမှာ ဖတ်ရတယ်။ (ယေရမိ ၂၉:၁၊ ၄-၇) ဂျူးတွေ အဲဒီလို တကယ် နေထိုင်ခဲ့ရသလား။

 ရှေးဗာဗုလုန်နဲ့ အနီးဝန်းကျင်မှာ တွေ့ရတဲ့ အုတ်ခွက်စာ ၁၀၀ ကျော်ကို သုတေသီတွေ လေ့လာဆန်းစစ်ခဲ့ကြတယ်။ အုတ်ခွက်စာတွေအရ ဂျူးသုံ့ပန်းတွေဟာ ဗာဗုလုန်လက်အောက်မှာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာတရားအတိုင်း ငြိမ်သက်အေးချမ်းစွာ နေထိုင်ခဲ့ကြောင်း သိရတယ်။ ဘီစီ ၅၇၂ မှ ၄၇၇ ရက်စွဲနဲ့ အုတ်ခွက်စာတွေမှာ ငှားရမ်းစာချုပ်၊ စီးပွားရေးလုပ်ငန်း၊ ငွေပေးချေရန် ကတိစာချုပ်နဲ့ တခြားစာရင်းအင်းမှတ်တမ်းတွေ ပါတယ်။ “ဂျူးသုံ့ပန်းတွေဟာ ထွန်ယက်စိုက်ပျိုးကြ၊ အိမ်ဆောက်ကြ၊ အခွန်ပေးကြ၊ ဘုရင့်အမှု ထမ်းကြရင်း သာမန်လူတွေလို နေထိုင်ကြကြောင်း ဒီအုတ်ခွက်စာတွေက အရိပ်အမြွက် ဖော်ပြတယ်” လို့ စာအုပ်တစ်အုပ်က ဆိုတယ်။

ယုဒမြို့မှ အုတ်ခွက်စာ

 အယ် ယာဟုဒူဆိုတဲ့ ယုဒမြို့မှာ ဂျူးအသိုင်းအဝိုင်းကြီး ရှိခဲ့ကြောင်းကိုလည်း အရေးကြီး မှတ်တမ်းမှတ်ရာတွေက ဖော်ပြတယ်။ အုတ်ခွက်စာတွေပေါ်မှာ ဂျူးမိသားစုတစ်စုရဲ့ မျိုးဆက်လေးဆက် နာမည်တွေ ရေးထွင်းထားတယ်။ တချို့ကို ရှေးဟီဘရူးအက္ခရာနဲ့ ရေးထားတယ်။ အဲဒီအုတ်ခွက်စာတွေ ရှာမတွေ့ခင်တုန်းက ဗာဗုလုန်ရောက် ဂျူးသုံ့ပန်းတွေရဲ့ အခြေအနေအကြောင်း ပညာရှင်တွေ သိပ်မသိကြဘူး။ အစ္စရေး ရှေးဟောင်းပစ္စည်း အာဏာပိုင်ဘုတ်အဖွဲ့ဝင် ဒေါက်တာ ဖိလစ် ဗူခါစာဗိုဗိချ်က “ဒီအုတ်ခွက်စာတွေကြောင့် ဂျူးသုံ့ပန်းတွေအကြောင်း ပိုသိရပြီ။ သူတို့ရဲ့ နာမည်၊ နေရပ်ကိုသာမက ဘယ်အချိန်မှာ အသက်ရှင်ခဲ့ပြီး ဘာတွေ လုပ်ခဲ့ကြတယ်ဆိုတာကိုပါ သိရပြီ” လို့ပြောတယ်။

ဗာဗုလုန်မှာ အရောင်းအဝယ် လုပ်နေတဲ့ ဂျူးသုံ့ပန်းများ

 ဂျူးသုံ့ပန်းတွေဟာ လွတ်လပ်မှု အတော်အတန် ရှိလို့ ကိုယ်ကြိုက်တဲ့နေရာမှာ နေထိုင်ခဲ့ကြတယ်။ “အယ် ယာဟုဒူမြို့မှာသာမက တခြားမြို့တွေမှာပါ” နေထိုင်ခဲ့ကြတယ်လို့ ဗူခါစာဗိုဗိချ် ပြောပြတယ်။ သက်မွေးပညာတချို့ကို တတ်မြောက်ကြတဲ့အတွက် နောက်ပိုင်း ဂျေရုဆလင်မြို့ ပြန်တည်ဆောက်ချိန်မှာ အသုံးဝင်ခဲ့တယ်။ (နေဟမိ ၃:၈၊ ၃၁၊ ၃၂) အယ် ယာဟုဒူ အုတ်ခွက်စာတွေအရ ဂျူးအတော်များများဟာ သုံ့ပန်းဘဝက လွတ်မြောက်ပြီးနောက်မှာတောင် ဗာဗုလုန်မှာ ကျန်နေခဲ့ဖို့ ရွေးချယ်ခဲ့ကြတယ်။ ဒါကိုကြည့်ရင် ကျမ်းစာ ဖော်ပြချက်အတိုင်း ဗာဗုလုန်မှာ ဂျူးတွေ တကယ်ပဲ ငြိမ်သက်အေးချမ်းစွာ နေထိုင်ခဲ့ကြကြောင်း သိနိုင်တယ်။