မာတိကာဆီ ကျော်သွား

သတိမေ့မြောနေချိန် ထူးထူးဆန်းဆန်းတွေ မြင်ရတာက နောင်ဘဝရှိတယ်ဆိုတာ သက်သေပြသလား

သတိမေ့မြောနေချိန် ထူးထူးဆန်းဆန်းတွေ မြင်ရတာက နောင်ဘဝရှိတယ်ဆိုတာ သက်သေပြသလား

သမ္မာကျမ်းစာဖြေဆိုရာ

 သေလုနီးပါး မေ့မြောခဲ့သူတချို့က သူတို့ရဲ့လိပ်ပြာဟာ ကိုယ်ခန္ဓာကနေ ထွက်သွားပြီး တောက်ပတဲ့အလင်းရောင် ဒါမှမဟုတ် လှပတဲ့နေရာတစ်ခုကို တွေ့ခဲ့တယ်လို့ ဆိုကြတယ်။ ‘ဒါဟာ တခြားဘဝတစ်ခုကို မြင်တွေ့ခွင့်ရတဲ့ အတွေ့အကြုံဖြစ်တယ်လို့ တချို့ ယူမှတ်တယ်’ ဆိုပြီး စာအုပ်တစ်အုပ်က ရှင်းပြတယ်။ (Recollections of Death) သတိမေ့မြောနေချိန် ထူးထူးဆန်းဆန်းတွေ မြင်ရတာနဲ့ပတ်သက်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတာမရှိပေမယ့် ဒါဟာ နောင်ဘဝ ဒါမှမဟုတ် တခြားဘဝတစ်ခုရှိတယ်ဆိုတဲ့သက်သေ မဟုတ်ဘူးဆိုတာ သမ္မာကျမ်းစာအမှန်တရားတွေအရ သိနိုင်တယ်။

 သေဆုံးသွားသူတွေက ဘာကိုမှ မသိကြတော့ဘူး။

“သေသောသူမူကား အဘယ်အရာကိုမျှမသိ” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေသနာ ၉:၅) ဒါကြောင့် ကျွန်ုပ်တို့ သေသွားတဲ့အခါ သိရှိခံစားနိုင်တဲ့ တခြားနေရာတစ်ခုကို ရောက်သွားတာမဟုတ်ဘဲ ကျွန်ုပ်တို့ မတည်ရှိတော့တာဖြစ်တယ်။ လူသေသွားပေမဲ့ ဝိညာဉ်မသေဘူးဆိုတဲ့ သွန်သင်ချက်က သမ္မာကျမ်းစာကလာတာ မဟုတ်ပါဘူး။ (ယေဇကျေလ ၁၈:၄) သတိမေ့မြောနေချိန် ထူးထူးဆန်းဆန်းတွေ မြင်ရတာက ကောင်းကင်၊ ငရဲ၊ နောင်ဘဝ စတာတွေကို မြင်တွေ့ရတာ မဟုတ်ပါဘူး။

 နောင်ဘဝအကြောင်း လာဇရု ဘာပြောခဲ့သလဲ။

ကျမ်းစာပါ လာဇရုမှတ်တမ်းက တကယ်သေဆုံးခဲ့တဲ့ အတွေ့အကြုံကို ဖော်ပြပါတယ်။ လာဇရုဟာ လေးရက်လုံးလုံး သေဆုံးခဲ့ပေမဲ့ သူ့ကို ယေရှုက အသက်ပြန်ရှင်စေခဲ့တယ်။ (ယောဟန် ၁၁:၃၈–၄၄) အကယ်၍ လာဇရုက သေဆုံးပြီးနောက် ကောင်းမွန်တဲ့တခြားနေရာတစ်ခုကို ရောက်နေတယ်ဆိုရင် ယေရှု သူ့ကို မြေကြီးပေါ် အသက်ပြန်ရှင်အောင် လုပ်ပေးတာက ရက်စက်ရာ ကျပါလိမ့်မယ်။ လာဇရုသာ အမှန်တကယ် တစ်ခြားဘဝတစ်ခုကို ရောက်ခဲ့တယ်ဆိုရင် အဲဒီအကြောင်း သူ ပြောကိုပြောမှာဖြစ်တယ်။ ဒါပေမဲ့ လာဇရုဟာ သေဆုံးပြီးနောက် တစ်ခြားဘဝအကြောင်း ပြောခဲ့တယ်ဆိုတဲ့ ကျမ်းစာမှတ်တမ်းမရှိပါဘူး။ ယေရှုကလည်း လာဇရုသေတာကို အိပ်ပျော်တာနဲ့ နှိုင်းယှဉ်ခဲ့တယ်။ လာဇရုသေတဲ့အချိန်မှာ သူ ဘာကိုမှ မသိဘူးလို့ ကိုယ်တော်ဆိုလိုနေတယ်ဆိုတာ ထင်ရှားပါတယ်။—ယောဟန် ၁၁:၁၁–၁၄