မာတိကာဆီ ကျော်သွား

လိင်သာယာမှု ခံစားတာကို ကျမ်းစာထဲမှာ တားမြစ်ထားသလား

လိင်သာယာမှု ခံစားတာကို ကျမ်းစာထဲမှာ တားမြစ်ထားသလား

သမ္မာကျမ်းစာဖြေဆိုရာ

 သမ္မာကျမ်းစာက လိင်သာယာမှု ခံစားတာကို တားမြစ်မယ့်အစား ဒါကို လက်ထပ်ထားတဲ့ အိမ်ထောင်သည်တွေအတွက် ဘုရားပေးလက်ဆောင်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဘုရားသခင်က “လူယောက်ျား လူမိန်းမ” ကိုဖန်ဆင်းပြီးနောက် “အလွန်ကောင်း” တယ်လို့ မှတ်ချက်ချခဲ့တယ်။ (ကမ္ဘာဦး ၁:၂၇၊ ၃၁) ပထမဦးဆုံး ယောက်ျားနဲ့ မိန်းမကို ပေါင်းဖက်ပေးပြီး “သူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်” လို့ ပြောခဲ့တယ်။ (ကမ္ဘာဦး ၂:၂၄) ဒီပေါင်းဖက်ပေးမှုကြောင့် လိင်ဆက်ဆံခြင်းကနေ သာယာမှုခံစားရပြီး စိတ်ခံစားချက်တွေ နီးစပ်လာကြတယ်။

 “အသက်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့။ . . . သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍ သူ့ကိုချစ်သောစိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့” ဆိုတဲ့ ကျမ်းစကားတွေကြောင့် ခင်ပွန်းသည်တွေဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ လိင်သာယာမှု ရရှိတယ်ဆိုတာ သိရတယ်။ (သုတ္တံ ၅:၁၈၊ ၁၉) ဘုရားသခင်ဟာ ဇနီးသည်တွေကိုလည်း လိင်သာယာမှု ခံစားစေလိုပါတယ်။ ကျမ်းစာမှာ ခုလို ပြောထားတယ်– “ခင်ပွန်းသည် ဆက်ဆံခြင်းဝတ်ကို မိမိဇနီးအား ပြုစေလော့။ ဇနီးသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိခင်ပွန်းအား ပြုစေလော့။”​—၁ ကောရိန္သု ၇:၃

ကိုယ့်အိမ်ထောင်ဖက်နဲ့ပဲ လိင်သာယာမှုခံစားပါ

 ဘုရားသခင်က လိင်ဆက်ဆံခြင်းကို အိမ်ထောင်သည်တွေအတွက်ပဲ ပေးထားတယ်ဆိုတာ ကျမ်းစာမှာ အခုလိုဖော်ပြတယ်–“လူအပေါင်းတို့ရှေ့တွင် မင်္ဂလာဆောင်ခြင်းအမှုကို ဂုဏ်အသရေရှိစေလော့။ မင်္ဂလာအိပ်ရာကို မညစ်ညူးစေနှင့်။ အကြောင်းမူကား မတရားမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်သူကို ဘုရားသခင် စီရင်တော်မူလိမ့်မည်။” (ဟေဗြဲ ၁၃:၄) ဒါကြောင့် ဇနီးမောင်နှံတွေဟာ အချင်းချင်းသစ္စာရှိပြီး သူတို့ပြုထားတဲ့ ကတိကဝတ်ကို စောင့်ထိန်းရမယ်။ လိင်သာယာမှုခံစားတာကို ကိုယ့်အတွက် ဦးစားမပေးဘဲ “ခံယူခြင်းထက် ပေးကမ်းခြင်းက သာ၍ပျော်ရွှင်” တယ်ဆိုတဲ့ ဒီကျမ်းစာမူကို လက်တွေ့ကျင့်သုံးမယ်ဆိုရင် ဇနီးမောင်နှံ နှစ်ယောက်စလုံး အပြည့်အဝ ကျေနပ်အားရကြမှာဖြစ်တယ်။​—တမန်တော်၂၀:၃၅။