မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း

ကလေးတွေ စာဖတ်ဖို့ ဘာကြောင့် အရေးကြီးသလဲ—အပိုင်း ၂။ ပုံနှိပ်စာအုပ်ကနေ ဖတ်မလား၊ ဖုန်း/တက်ဘလက်ကနေ ဖတ်မလား

ကလေးတွေ စာဖတ်ဖို့ ဘာကြောင့် အရေးကြီးသလဲ—အပိုင်း ၂။ ပုံနှိပ်စာအုပ်ကနေ ဖတ်မလား၊ ဖုန်း/တက်ဘလက်ကနေ ဖတ်မလား

 သင့်ကလေး ဘာကို ဖတ်ရတာ ပိုအားသန်သလဲ။ ပုံနှိပ်စာအုပ်ကနေလား၊ ဖုန်း/တက်ဘလက်ကနေလား။

 လူငယ်အတော်များများက ဖုန်း/တက်ဘလက်ကို ရွေးကြမယ်။ ဒေါက်တာ ဂျီးန် အမ် တွမ်ငယ်က “လင့်နှိပ်လိုက်ရုံနဲ့ နောက်စာမျက်နှာ၊ နောက်အကြောင်းအရာကို ဖတ်နိုင်တဲ့ မျိုးဆက်အတွက် စာအုပ်စာပေတွေက ဆွဲဆောင်မှု မရှိတော့ဘူး” ဆိုပြီး ရေးတယ်။ a

 ဖုန်း/တက်ဘလက်တွေ သုံးပြီး စာဖတ်တာဟာ အကျိုးရှိတာ မှန်ပါတယ်။ “ကျွန်တော် ကျောင်းမှာ အီလက်ထရောနစ်စာအုပ်တွေ သုံးတယ်။ သိချင်တဲ့ စကားလုံး ရိုက်ပြီး ရှာလိုက်ရုံနဲ့ အချက်အလက်တွေကို မြန်မြန်ဆန်ဆန် ရှာတွေ့တယ်” ဆိုပြီး အသက် ၂၀ အရွယ် ဂျွန် ပြောတယ်။

 ဖုန်း/တက်ဘလက်တွေ သုံးပြီး စာဖတ်ခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးတွေ ရှိသေးတယ်။ ဥပမာ၊ ခလုတ်တစ်ချက် နှိပ်ရုံနဲ့ စကားလုံးရဲ့ အဓိပ္ပာယ် ရှာလို့ ရတယ်။ အသံဖိုင် နားထောင်လို့ ရတယ်။ ဗီဒီယို ကြည့်လို့ ရတယ်။ လင့်နှိပ်လိုက်ရုံနဲ့ ထပ်ဆင့် အချက်အလက်တွေ ရှာနိုင်တယ်။ ဒါဆိုရင် ပုံနှိပ်စာပေတွေ ဖတ်တာ သိပ်အကျိုးမရှိဘူးဆိုတဲ့ သဘောလား။

 တချို့က အလေးအနက် လေ့လာဖို့ ပုံနှိပ်စာပေ ဖတ်ရတာကို ပိုအားသန်ကြတယ်။ အကြောင်းရင်းက ဘာလဲ။

  •   အာရုံစိုက်နိုင်စွမ်း။ “ဖုန်း/တက်ဘလက်ကနေ ဖတ်တဲ့အခါ ကြော်ငြာတွေ၊ စာတိုတွေ ရုတ်တရက် ပေါ်လာလို့ အာရုံစိုက်ရ ခက်တယ်” ဆိုပြီး နေသန်ဆိုတဲ့ ဆယ်ကျော်သက် ပြောတယ်။

     အသက် ၂၀ အရွယ် ကယ်ရင်က “ဖုန်း/တက်ဘလက်နဲ့ စာဖတ်တဲ့အခါ မဆီမဆိုင် အက်ပ်တွေဆီ ရောက်သွားတယ်။ ဂိမ်းဆော့ချင်စိတ်တွေ ပေါ်လာတယ်။ ဒါကြောင့် အာရုံပျက်တယ်” ဆိုပြီး ပြောတယ်။

     ကျမ်းစာ အခြေခံမူ။ “အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။”—ကောလောသဲ ၄:၅

     စဉ်းစားစရာ။ သင့်ကလေးဟာ ဖုန်း/တက်ဘလက်တွေ သုံးပြီး စာဖတ်တဲ့အခါ၊ လေ့လာတဲ့အခါ အာရုံမပျံ့အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်သလား။ အာရုံမစိုက်နိုင်ရင် ဘယ်လို ကူညီပေးမလဲ။

     အကြံပြုချက်။ ဖုန်း/တက်ဘလက်မှာ ပါတဲ့ အာရုံပျံ့လွင့်စရာတွေကြောင့် အိမ်စာ မပြီးတာ၊ တခြားလုပ်ချင်တာတွေအတွက် အချိန်မရတာတို့ ဖြစ်တတ်တယ်ဆိုတာ ကလေး နားလည်အောင် ကူညီပေးပါ။

  •   သဘောပေါက် နားလည်နိုင်စွမ်း။ “ဖန်သားပြင်မှာ ဖတ်တာက စာအုပ်နဲ့ ဖတ်သလောက် ကောင်းကောင်း သဘောမပေါက်ကြောင်း လေ့လာမှု အတော်များများက ဖော်ပြတယ်” လို့ မိဘကောင်း ဖြစ်ပါ စာအုပ်က ဆိုတယ်။

     ဖန်သားပြင်မှာ စာဖတ်သူတွေဟာ အကြောင်းအရာကို အသေအချာ မစဉ်းစားဘဲ သာမန်ကာလျှံကာ ဖတ်လေ့ရှိတယ်။ ဝက်ဘ်ဆိုက်ပေါ်ကနေ စာဖတ်တဲ့အခါ ခပ်မြန်မြန်၊ ခပ်သွက်သွက်ပဲ လေ့လာချင်ကြတယ်” b ဆိုပြီး စာရေးဆရာ နစ်ကိုလပ်စ် ကားလ် ပြောတယ်။

     တစ်ခါတလေတော့ အဲဒီလို အပေါ်ယံ လျှပ်ပြီး ဖတ်တာ အကျိုးရှိပါတယ်။ ပြဿနာက လူအတော်များများဟာ “အဲဒီလိုပဲ ဖတ်တဲ့အကျင့် ရှိလာတယ်” လို့ ကားလ် ပြောတယ်။ ဒါကြောင့် ကလေးတွေဟာ အကြောင်းအရာကို နားမလည်ဘဲ သာမန်ကာလျှံကာ ဖတ်တဲ့အကျင့် ရှိလာကြပြီ။

     ကျမ်းစာ အခြေခံမူ။ “ဆည်းပူးနိုင်သမျှထဲမှာ သိနားလည်နိုင်စွမ်းကိုလည်း မပျက်မကွက် ဆည်းပူးပါ။”—ပညာအလိမ္မာ ၄:၇

     စဉ်းစားစရာ။ ပုံနှိပ်စာပေကပဲ ဖြစ်စေ၊ ဖန်သားပြင်ပေါ်ကပဲ ဖြစ်စေ အကြာင်းအရာတစ်ခုကို နက်နက်နဲနဲ ရှာဖွေလေ့လာတတ်ဖို့ ကလေးကို ဘယ်လို ကူညီပေးမလဲ။

     အကြံပြုချက်။ မျှတတဲ့အမြင် ရှိပါ။ ဒီနည်း ကောင်းတယ်၊ ဟိုနည်း ကောင်းတယ်ဆိုပြီး ပုံသေ သတ်မှတ်လို့ မရဘူး။ နည်းနှစ်မျိုးစလုံးမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီ ရှိပါတယ်။ တချို့အီလက်ထရောနစ်ပုံစံတွေက ပိုသဘောပေါက် နားလည်နိုင်အောင် အထောက်အကူပြုတယ်။ ဒါကြောင့် ကလေးတွေကို စာဖတ်နည်းအကြောင်း ပြောပြတဲ့အခါ ကောင်းကျိုးဆိုးကျိုးတွေကို ထည့်ပြောပါ။ ကလေး တစ်ယောက်နဲ့တစ်ယောက် မတူညီကြတာကိုလည်း အသိအမှတ်ပြုပါ။

  •   မှတ်မိနိုင်စွမ်း။ ပုံနှိပ်စာပေကနေ ဖတ်တာနဲ့ ဖုန်း/တက်ဘလက်၊ ကွန်ပျူတာကနေ ဖတ်တာကို နှိုင်းယှဉ်တဲ့အခါ ဖုန်း/တက်ဘလက်၊ ကွန်ပျူတာ သုံးတာက “စိတ်ပင်ပန်းစေလို့ . . . ဖတ်ခဲ့တာကို မှတ်မိဖို့ ခက်တယ်” ဆိုပြီး သိပ္ပံနည်းကျ အမေရိကန် မဂ္ဂဇင်း ဆောင်းပါးတစ်ပုဒ်မှာ ဖဲရစ် ဂျေဘာ ဖော်ပြတယ်။

     ဥပမာ၊ ပုံနှိပ်စာပေကနေ ဖတ်တဲ့အခါ စာမျက်နှာပေါ်က အကြောင်းအရာတွေဟာ စိတ်ကူး “မြေပုံ” ထဲ ပုံပေါ်လာတဲ့အတွက် မှတ်မိရလွယ်တယ်။ နောက်နောင် ပြန်ကိုးကားဖို့ စိတ်ကူးထဲ “စာညှပ်ကြိုး” နဲ့ မှတ်ထားသလို ပြန်မှတ်မိစေတယ်။

     အဲဒီအပြင် ပုံနှိပ်စာပေကနေ ဖတ်သူတွေက အကြောင်းအရာတစ်ခုကို ကောင်းကောင်း သင်ယူမှတ်သားထားတဲ့အတွက် ပိုမှတ်မိလေ့ရှိတယ်။

     ကျမ်းစာ အခြေခံမူ။ “လက်တွေ့ကျ ဉာဏ်ပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကာကွယ်စောင့်ရှောက်ပါ။”—ပညာအလိမ္မာ ၃:၂၁

     စဉ်းစားစရာ။ သင့်ကလေးက ဖတ်ခဲ့၊ လေ့လာခဲ့တာတွေကို နားလည်ဖို့၊ မှတ်မိဖို့ ခက်နေသလား။ ဒါဆိုရင် ဘယ်လို ကူညီပေးနိုင်မလဲ။ ပုံနှိပ်စာပေတွေ သုံးရင် အကျိုးရှိမလား။

     အကြံပြုချက်။ ကိုယ့်ကလေး သဘောကျတဲ့ လေ့လာနည်းကို မဟုတ်ဘဲ ဘယ်လောက် ကောင်းကောင်း လေ့လာနေသလဲဆိုတာ စဉ်းစားပါ။ ဖန်သားပြင်ကနေ ဖတ်တဲ့အခါ ကိုယ့်ရဲ့ စာဖတ်စွမ်းရည်ကို ပုံကြီးချဲ့မိနိုင်လို့ပါ။

a iGen စာအုပ်မှ။

b Shallow စာအုပ်မှ။