မာတိကာဆီ ကျော်သွား

JW.ORG အကျိုးပြုပုံ​ကို ဖိလစ်ပိုင်​နိုင်ငံက ကျောင်းဆရာ/မ​တွေ သိမြင်

JW.ORG အကျိုးပြုပုံ​ကို ဖိလစ်ပိုင်​နိုင်ငံက ကျောင်းဆရာ/မ​တွေ သိမြင်

ယေဟောဝါ​သက်သေတွေဟာ jw.org က ဗီဒီယိုတွေ၊ ဆောင်းပါး​တွေ ပညာပေး​ပုံ​အကြောင်း ဖိလစ်ပိုင်​နိုင်ငံ၊ ဇ​မ်ဘို​အန်​ဂါ ဒယ်​နော​တီ ပြည်နယ်​က ကျောင်းဆရာ/မ​တွေကို ၂၀၁၆ ခုနှစ်မှာ ဝေမျှပေး​ခဲ့​ကြတယ်။ ပြည်နယ်​ရဲ့​မြို့တော် ဒီ​ပို​လော့​မှာ​ရှိတဲ့ ပညာရေး​ဌာန​ကို ဦးဆုံး သွားကြတယ်။ ပညာရေးမှူး​တွေ​က jw.org ကို သဘောကျ​လွန်း​လို့ ဇ​မ်ဘို​အန်​ဂါ ဒယ်​နော​တီ​ပြည်နယ်​တစ်ဝိုက်​က ကျောင်းဆရာ/မ​တွေရဲ့ ဆွေးနွေးပွဲ သုံးခုမှာ မိနစ် ၃၀ ကြာ လာရောက် ပြသ​ပေးဖို့ ဖိတ်ခေါ်​ကြတယ်။

ဘယ်လို တင်ဆက်​ပြသ​ကြသလဲ

ဆရာ/မ ၃၀၀ နီးပါး တက်ရောက်တဲ့ ဆွေးနွေးပွဲ တစ်ခုစီ​မှာ ဗီဒီယို​နဲ့ ဝက်​ဘ်​ဆောင်းပါး​တချို့ကို ပြသ​ကြတယ်။ “အကြွေး​ကိစ္စ ဖြေရှင်းခြင်း” အကြောင်းကို တော်​တော် ကြိုက်​ကြတယ်။ အကြောင်းအရာတွေ​က ကျောင်းသား/သူတွေ​သာမက ဆရာ/မ​တွေ​အတွက်ပါ အကျိုးရှိ​တယ်လို့ ပြော​ကြတယ်။ jw.org ဝက်ဘ်ဆိုက်ရဲ့ စိတ်ဝင်စားစရာ အချက်အလက်​တွေကို ဖော်ပြ​ပေးထားတဲ့ ဘဝနဲ့​ပတ်သက်တဲ့ မေးခွန်းတွေရဲ့​အဖြေကို ဘယ်မှာ ရှာတွေ့​နိုင်မလဲ ဆိုတဲ့ ဝေစာ​တစ်စောင်​စီ ယူ​ကြတယ်။ တချို့​ဆရာ/မ​တွေ​က ဝက်ဘ်ဆိုက်​ကနေ ဗီဒီယိုတွေ ကူးယူ​ကြတယ်။

အဲဒီ​ပြသမှု သုံးကြိမ်​စ​လုံး အောင်မြင်ခဲ့တယ်။ ဒါကြောင့် ဆရာ/မ​နဲ့ ပညာရေး​ဝန်ထမ်း ၆၀၀ နီးပါး​ကို နောက်​တစ်ကြိမ် ထပ်​ပြပေး​ဖို့ ပြည်နယ်​ပညာရေး​ဌာန​က စီစဉ်ခဲ့​တယ်။ ဒီ​တစ်ခေါက်​မှာလည်း အတော်များများ​က ကျေးဇူးတင်ကြောင်း စိတ်ရင်းမှန်နဲ့ ပြော​ကြတယ်။

“တော်​တော် အထောက်အကူ​ပြုတဲ့ ဝက်ဘ်ဆိုက်​ပဲ”

တက်ရောက်သူ​တချို့က ဝက်ဘ်ဆိုက်​အကြောင်း ပြသမှု အကျိုးပြုပုံ​ကို နောက်ပိုင်းမှာ ပြောပြ​ကြတယ်။ ဆရာမ​တစ်ယောက်က “စာသင်​တဲ့အခါ အသုံးဝင်​တာ တွေ့ရလို့ ဒီ​ဝက်ဘ်ဆိုက်​အတွက် ကျေးဇူးတင်ကြောင်း ပြော​ချင်​ပါတယ်” လို့ ပြောတယ်။ နောက်​တစ်ယောက်က “ကျွန်မ အများကြီး သိလာ​ရတယ်။ အထူးသဖြင့် ဖိစီးမှုကို ရင်ဆိုင်​ဖြေရှင်းပုံ​အကြောင်း​ပေါ့။ ဒီ​ဝက်ဘ်ဆိုက်​က လူငယ်တွေကို​သာမက လူကြီးတွေကို​ပါ တော်​တော် အထောက်အကူ​ပြုတဲ့ ဝက်ဘ်ဆိုက်​ပဲ” လို့ ပြောတယ်။

jw.org ဝက်ဘ်ဆိုက် ပြသမှု​ကို ကြည့်​ခဲ့​သူ ဆရာ/မ ၃၅၀ ကျော်​က နောက်ထပ် သိချင်​သေးတယ်​လို့ ပြော​ကြတယ်။ ဒါကြောင့် စာစောင်​တွေ ပေးပြီး ကျမ်းစာထဲက လက်တွေ့ကျ အကြံပြုချက်​တွေ ဝေမျှပေး​ကြတယ်။

ယေဟောဝါသက်သေတွေရဲ့ တင်ဆက်​ပြသမှု​ကို ဇ​မ်ဘို​အန်​ဂါ ဒယ်​နော​တီ​ပြည်နယ်​က ပညာရေး​ဝန်ထမ်း ၁,၀၀၀ ကျော် တက်ရောက်ပြီး စာသင်ကြား​တဲ့အခါ jw.org ဝက်ဘ်ဆိုက် အသုံးဝင်​ပုံကို လေ့လာ​ခဲ့​ကြတယ်။ ကမ္ဘာ​တစ်ဝန်း​က ကျောင်းဆရာ/မ​တွေ​က ဒီ​သင်ကြားမှု ကိရိယာ​ကို အသုံးပြုပြီး လူ့​ကျင့်ဝတ်​တွေ၊ စာရိတ္တစံနှုန်း၊ ဘာသာရေး​စံနှုန်းတွေ သင်ပေး​နိုင်တယ်။ *

^ အပိုဒ်၊ 9 ဖိလစ်ပိုင်​နိုင်ငံက ပညာရေး အဖွဲ့အစည်း​တွေ​မှာ ကျောင်းသား/သူတွေကို ပညာပေး​ရုံ​မ​က “လူ့​ကျင့်ဝတ်​နဲ့ ဘာသာရေး​စံနှုန်း ကြံ့ခိုင်​စေဖို့၊ အကျင့်​စာရိတ္တ ကောင်းပြီး စည်းကမ်း ရှိစေ” ဖို့​လည်း တာဝန် ရှိတယ်။​—၁၉၈၇ ခုနှစ် ဖိလစ်ပိုင် ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ၊ အခန်း ၁၄၊ အပိုဒ် ၃.၂။