မာတိကာဆီ ကျော်သွား

ဂျိုးဇက်အတွက် ရဲအစောင့်အကြပ်

ဂျိုးဇက်အတွက် ရဲအစောင့်အကြပ်

 သင်ဟာ ယေဟောဝါသက်သေတစ်ယောက်ဆိုရင် တစ်အိမ်တက်ဆင်း သတင်းကောင်း ဟောပြောဖို့ ရဲတွေ လိုက်ပို့ပေးနေတာကို မြင်ယောင်ကြည့်ပါ။ မိုက်ခရိုနီးရှားက ဂျိုးဇက်ဟာ ၂၀၁၇ ခုနှစ်တုန်းက အဲဒီအတိုင်း တွေ့ကြုံခဲ့တယ်။ ဝေးလံတဲ့ ကျွန်းငယ်တွေဆီ သတင်းကောင်း ရောက်ရှိဖို့ သက်သေခံသုံးယောက်နဲ့အတူ အထူးကင်ပိန်းတစ်ခုမှာ ပါဝင်ခဲ့တယ်။

 မွန်းတည့်ချိန်လောက်မှာ လူဦးရေ ၆၀၀ ခန့်ရှိတဲ့ သန္တာကျောက်ကျွန်းလေးဆီ ရောက်သွားကြတယ်။ ကမ်းခြေမှာ ကျွန်းရဲ့ မြို့တော်ဝန်က စောင့်ကြိုနေတယ်။ ဘာဆက်ဖြစ်သလဲဆိုတာကို ဂျိုးဇက် ပြောပြတယ်– “အိမ်တိုင်းဆီ ရဲကားနဲ့ လိုက်ပို့ပေးမယ်လို့ မြို့တော်ဝန်က ပြောတယ်။ ဒီလိုကမ်းလှမ်းလာတော့ အံ့ဩသွားပေမဲ့ ရိုရိုသေသေနဲ့ ငြင်းလိုက်ကြတယ်။ တစ်အိမ်တက်ဆင်း ဟောနေကျပုံစံအတိုင်းပဲ လူတွေဆီ သွားချင်လို့ပါ။”

 လူများနိုင်သမျှများများ တွေ့ချင်တဲ့စိတ်နဲ့ လမ်းစလျှောက်ကြပါလေရော။ “လူတွေ ဧည့်ဝတ်ကျေပွန်ကြတယ်။ ကျွန်တော်တို့ ဟောပြောတဲ့ သတင်းကိုလည်း စိတ်ဝင်စားကြတယ်။ ဒါကြောင့် အိမ်တိုင်းမှာ ထင်ထားတာထက် အချိန်ပိုကြာသွားတာပေါ့။”

 နောက်တော့ သူတို့နားမှာ ရဲကား နှစ်ကြိမ် ဖြတ်သွားတယ်။ တတိယအကြိမ်မှာတော့ ကားရပ်တယ်။ မသွားရသေးတဲ့ အိမ်တွေဆီ ကားနဲ့ ပို့ပေးချင်တယ်ဆိုပြီး ရဲတွေက ပြောတယ်။ ဂျိုးဇက်က “မလိုက်တော့ဘူး” လို့ ပြန်ဖြေပေမဲ့ ဒီတစ်ကြိမ်တော့ အတင်းခေါ်ကြတယ်။ ‘ကျွန်းကနေ ခဏနေ ပြန်ကြတော့မှာ မဟုတ်လား။ ကျန်တဲ့အိမ်တွေဆီ လိုက်ပို့ပေးမယ်လေ’ ဆိုပြီးတော့ပေါ့။ သွားရမယ့် အိမ်တွေ အများကြီး ရှိနေသေးလို့ မငြင်းနိုင်တော့ဘူး။ အိမ်တစ်အိမ်နား ရောက်ပြီဆိုရင် ရဲတွေက အိမ်သားတွေရဲ့ နာမည်ကို ပြောပြတယ်။ တံခါးခေါက်လို့ လာမဖွင့်ရင် ကားဟွန်းကို တီးပြီး အိမ်ရှင်ကို ခေါ်ပေးမယ်တဲ့။

 “အဲဒီနေ့မှာ သူတို့အကူအညီနဲ့ အိမ်တိုင်းကို ရောက်နိုင်ခဲ့တယ်။ စာစောင် အများကြီး ဝေငှပြီး စိတ်ဝင်စားသူတွေဆီ ပြန်လာဖို့လည်း စီစဉ်နိုင်ခဲ့တယ်။”

 “သတင်းကောင်း လိုက်ပြောပြရတာ ပျော်စရာကြီး” ဆိုပြီး ရဲတွေက ဂျိုးဇက်ကို ပြောကြတယ်။ နေဝင်ချိန်ရောက်လို့ သက်သေခံတွေ ထွက်ခွာတော့ ကမ်းခြေမှာ ရဲတွေက ကျမ်းစာစာစောင်တွေ ကိုင်ပြီး အပြုံးမျက်နှာနဲ့ လက်ပြနှုတ်ဆက်ကြတယ်။