မာတိကာဆီ ကျော်သွား

ဒေါသကြီးတဲ့ ဘုန်းတော်ကြီးတွေကို သိမ်မွေ့စွာ တုံ့ပြန်

ဒေါသကြီးတဲ့ ဘုန်းတော်ကြီးတွေကို သိမ်မွေ့စွာ တုံ့ပြန်

 အာမေးနီးယားနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ တိုက်နယ်ကြီးကြပ်မှူး အာသာဟာ အသင်းတော်တစ်ခုကို လည်ပတ်နေတယ်။ ကျမ်းစာစာပေ လက်တွန်းစင် အသုံးပြုတဲ့ အများရှေ့ သက်သေခံခြင်းမှာ အဲဒီအသင်းတော် မပါဝင်ဖူးသေးမှန်း သိလိုက်ရတယ်။ ဒါကြောင့် အများရှေ့ သက်သေခံခြင်းမှာ ပါဝင်ကြဖို့ အားပေးတဲ့အနေနဲ့ အာသာ၊ ဇနီးအဲနာတို့ဟာ ညီအစ်ကို ဇီရာနဲ့အတူ ကျမ်းစာစာပေ လက်တွန်းစင်တစ်ခုကို ယူပြီး လူသွားလူလာများတဲ့ နေရာတစ်ခုမှာ ရပ်နေကြတယ်။

 လမ်းသွားလမ်းလာတွေက စိတ်ဝင်တစား စာစောင်တွေ လာယူကြတော့တယ်။ မကြာခင်မှာပဲ ဒီသက်သေခံနည်းသစ်ကို ဆန့်ကျင်သူတွေ သတိပြုမိသွားတယ်။ ဘုန်းတော်ကြီးနှစ်ဦး ရောက်လာပြီး တစ်ယောက်က မပြောမဆို လက်တွန်းစင်ကို ကန်ပစ်တယ်။ ပြီးတော့ အာသာကို ပါးရိုက်လိုက်တာ မျက်မှန် လွင့်စင်သွားတယ်။ အာသာ၊ အဲနာ၊ ဇီရာတို့က ဘုန်းတော်ကြီးတွေကို စိတ်ထိန်းဖို့ ပြောပေမဲ့ အရာမရောက်ဘူး။ လက်တွန်းစင်ကို ဆောင့်နင်းကြလို့ စာစောင်တွေ ပျံ့ကျဲကုန်တယ်။ သက်သေခံတွေကို ဆဲဆိုကြိမ်းမောင်းပြီးမှ ထွက်သွားကြတယ်။

 အာသာ၊ အဲနာ၊ ဇီရာတို့လည်း ရဲစခန်းကို သွားပြီး တိုင်ချက်ဖွင့်တယ်။ ဖြစ်ကြောင်းကုန်စင် ပြောပြပြီးနောက် ရဲစခန်းက ဝန်ထမ်းတွေကို ကျမ်းစာအကြောင်း အတိုချုပ် ပြောပြကြတယ်။ ဒါနဲ့ စခန်းမှူးဆီ ခေါ်သွားကြတယ်။ အစပိုင်းမှာတော့ စခန်းမှူးက ဘာဖြစ်ခဲ့တယ်ဆိုတာကိုပဲ သိချင်တယ်။ ဒါပေမဲ့ ပါးရိုက်ခံရချိန်မှာ သန်မာထွားကျိုင်းတဲ့ အာသာ လက်တုံ့မပြန်တာကို သိရတဲ့အခါ အမှုကို ဆက်မမေးတော့ဘဲ သက်သေခံတွေရဲ့ ယုံကြည်ချက်တွေကို မေးတယ်။ ဒီလိုနဲ့ လေးနာရီကြာ ဆွေးနွေးဖြစ်ကြတယ်။ ကြားသိရတာတွေကို သဘောကျလို့ စခန်းမှူးက “သိပ်ကောင်းတဲ့ ဘာသာပဲ။ ကျုပ်လည်း ဘာသာဝင် ဖြစ်ချင်တယ်” လို့ ပြောတယ်။

အာသာနဲ့ အဲနာ

 နောက်တစ်ရက် အများရှေ့ သက်သေခံခြင်းမှာ အာသာ ပြန်ပါဝင်တဲ့အခါ မနေ့က ဖြစ်ပျက်ခဲ့တာတွေကို မြင်တွေ့ခဲ့သူတစ်ဦး ရောက်လာတယ်။ လက်တုံ့မပြန်ဘဲ အေးဆေးတည်ငြိမ်မှုရှိတဲ့အတွက် အာသာကို ချီးမွမ်းတယ်။ မနေ့ကအဖြစ်ကို မြင်ရလို့ ဘုန်းတော်ကြီးတွေကို အကြည်ညိုပျက်မိတယ်လို့ ပြောသေးတယ်။

 ညနေပိုင်းရောက်တော့ စခန်းမှူးက အခေါ်လွှတ်ပြန်တယ်။ အမှုအကြောင်း ဆွေးနွေးဖို့ မဟုတ်ဘဲ ကျမ်းစာမေးခွန်းတွေ မေးစရာ ရှိလို့ပါ။ နောက်ထပ် ရဲနှစ်ဦးပါ လာထိုင်နားထောင်ကြတယ်။

 နောက်တစ်ရက်မှာ ရဲစခန်းကို အာသာ ပြန်သွားတယ်။ ဒီတစ်ခေါက်တော့ ကျမ်းစာအခြေပြု ဗီဒီယိုတွေ ပြဖို့ပါ။ စခန်းမှူးက ကျန်တဲ့ရဲတွေကိုပါ လာကြည့်ခိုင်းတယ်။

 ဘုန်းတော်ကြီးတွေရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကြောင့် ရဲတွေကို ပထမဆုံးအကြိမ် သက်သေခံခွင့် ရခဲ့တယ်။ ယေဟောဝါသက်သေတွေကို အထင်ကြီးလေးစားသွားကြတယ်။