မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ

နောက်အိမ်ထောင်ပြုသူများ အောင်မြင်မှုရရှိနိုင်

နောက်အိမ်ထောင်ပြုသူများ အောင်မြင်မှုရရှိနိုင်

ဟာမန်– * “အိမ်ထောင်သက် ၃၄ နှစ်အကြာမှာ ကျွန်တော့်ရဲ့ပထမဇနီးက ကင်ဆာရောဂါနဲ့ ဆုံးသွားတယ်။ နောက်အိမ်ထောင်ပြုတဲ့အခါ လက်ရှိဇနီး လင်ဒါက သူ့ကို အရင်ဇနီးနဲ့ အမြဲနှိုင်းယှဉ်တယ်ဆိုပြီး ခံစားနေရတယ်။ ပိုဆိုးတာက သူ့ရှေ့မှာ ကျွန်တော့်ရဲ့မိတ်ဆွေဟောင်းတွေက အရင်ဇနီးရဲ့ အရည်အသွေးကောင်းတွေအကြောင်း မကြာခဏ ပြောဆိုတော့ သူဝမ်းနည်းရတယ်။”

လင်ဒါ– “ဟာမန်နဲ့ ကျွန်မ လက်ထပ်ပြီးတဲ့နောက် သူရော တခြားသူတွေကပါ ကျွန်မကို အရင်ဇနီးလောက် တန်ဖိုးမထားဘူးလို့ ခံစားရတယ်။ အရင်ဇနီးက အရမ်းချစ်ဖို့ကောင်းတယ်၊ စကားပြောနူးညံ့တယ်၊ ယဉ်ကျေး သိမ်မွေ့တယ်။ သူ့လောက် ကျွန်မ ဟာမန်နဲ့ ရင်းနှီးလာပါ့မလားလို့ တစ်ခါတလေ စဉ်းစားမိတယ်။”

လင်ဒါဟာ ပထမအိမ်ထောင်နဲ့ ကွာရှင်းထားသူဖြစ်တယ်။ အခု ဟာမန်နဲ့လက်ထပ်ပြီး ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ သူတို့ဇနီးမောင်နှံ ဝန်ခံတဲ့အတိုင်းပဲ အရင်အိမ်ထောင်မှာ မကြုံခဲ့ရတဲ့ အခက်အခဲတွေ နောက်အိမ်ထောင်မှာ ကြုံရနိုင်ပါတယ်။ *

သင်ဟာ နောက်အိမ်ထောင်ပြုထားသူဆိုရင် နောက်အိမ်ထောင်နဲ့ပတ်သက်ပြီး ဘယ်လိုခံစားရပါသလဲ။ ကွာရှင်းပြီး သုံးနှစ်အကြာမှာ နောက်အိမ်ထောင်ပြုလိုက်တဲ့ တာမရာဆိုသူ ဇနီးသည်က ဒီလိုပြောပြတယ်– “ပထမအကြိမ် အိမ်ထောင်ပြုတုန်းက သက်ဆုံးတိုင် ပေါင်းဖက်သွားမယ်ဆိုတဲ့ ခံစားချက်မျိုး ရှိခဲ့တယ်။ ဒါပေမဲ့ နောက်အိမ်ထောင်ပြုတော့ အဲဒီလိုခံစားချက်မျိုး ရှိချင်မှရှိမယ်။ ဘာကြောင့်လဲဆိုတော့ အရင်အိမ်ထောင်က အဆုံးသတ်သွားတယ်ဆိုပြီး စိတ်ထဲမှာ စွဲနေလို့ပဲ။”

ဒါပေမဲ့ နောက်အိမ်ထောင်ပြုပြီးတဲ့နောက် ပျော်ရွှင်နေတဲ့ ဇနီးမောင်နှံတွေ အတော်များများ ရှိကြပါတယ်။ သူတို့ဟာ အိမ်ထောင်ခိုင်မြဲအောင် ကြိုးစားခဲ့ကြတယ်။ ဒါကြောင့် သင်လည်းပဲ အောင်မြင်မှု ရရှိနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲသုံးခုနဲ့ အဲဒီအခက်အခဲတွေကို ဖြေရှင်းဖို့ ကျမ်းစာမူတွေက ဘယ်လိုထောက်ကူပေးနိုင်တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ *

အခက်အခဲ ၁– လက်ရှိအိမ်ထောင်ကို အရင်အိမ်ထောင်နဲ့ မနှိုင်းယှဉ်မိဖို့ ကြိုးစားနေရတယ်။

“အရင်အိမ်ထောင်က အမှတ်ရစရာ အဖြစ်အပျက်တွေကို မမေ့နိုင်ဘူးဖြစ်နေတယ်။ အထူးသဖြင့် ခင်ပွန်းဟောင်းနဲ့အတူတူ အားလပ်ရက်ခရီးထွက်ခဲ့တဲ့ နေရာတွေကို ရောက်သွားတဲ့အခါမျိုးမှာဖြစ်တယ်။ တစ်ခါတလေ လက်ရှိခင်ပွန်းကို ခင်ပွန်းဟောင်းနဲ့ သွားနှိုင်းယှဉ်မိတယ်” ဆိုပြီး တောင်အာဖရိကနိုင်ငံက အယ်လန်လို့ခေါ်တဲ့ ဇနီးသည်က ပြောပြတယ်။ ဒါကြောင့် သင့်အိမ်ထောင်ဖက်က လက်ထပ်ခဲ့ဖူးသူဖြစ်ပြီး အရင်အိမ်ထောင်အကြောင်း မကြာခဏ ပြောဆိုနေမယ်ဆိုရင် သင် မကျေမနပ်ဖြစ်မိနိုင်ပါတယ်။

သင်တို့ဇနီးမောင်နှံကို စည်းလုံးစေမယ့် အမှတ်ရစရာအသစ်တွေ ဖန်တီးပါ

အကြံပြုချက်– သင် ဒါမှမဟုတ် သင့်အိမ်ထောင်ဖက်က အိမ်ထောင်ဖက်ဟောင်းကို မေ့သွားမှာပါဆိုပြီး မျှော်လင့်တာက လက်တွေ့မကျတဲ့အတွက် အဖြစ်မှန်ကို လက်ခံလိုက်ပါ။ အထူးသဖြင့် အိမ်ထောင်သက် တော်တော်ကြာခဲ့မယ်ဆိုရင် လွယ်လွယ်နဲ့ မေ့နိုင်မှာမဟုတ်ပါဘူး။ တချို့ဆိုရင် လက်ရှိခင်ပွန်း/ဇနီးသည်ကို အိမ်ထောင်ဖက်ဟောင်းရဲ့ နာမည်နဲ့ မှားခေါ်မိတယ်ဆိုပြီး ပြောပြကြတယ်။ အဲဒီလိုအခြေအနေမျိုးကို သင် ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်မလဲ။ “တစ်ယောက်ကိုတစ်ယောက် နားလည်ပေးဖို့ ကြိုးစားပါ” ဆိုပြီး ဘာသာပြန်ကျမ်းတစ်ကျမ်းမှာ တိုက်တွန်းထားပါတယ်။—၁ ပေတရု ၃:၈New Century Version.

အရင်အိမ်ထောင်အကြောင်း ဘာမှမပြောရဆိုပြီး မနာလိုစိတ်နဲ့ မတားမြစ်ပါနဲ့။ အရင်အိမ်ထောင်အကြောင်း ပြောဆိုဖို့လိုတယ်လို့ သင့်အိမ်ထောင်ဖက်က ခံစားလာရတယ်ဆိုရင် သူပြောတာတွေကို စာနာစိတ်နဲ့ နားထောင်ပေးပါ။ သင့်ကို နှိုင်းယှဉ်နေတယ်ဆိုပြီး အလျင်စလို ကောက်ချက်မချလိုက်ပါနဲ့။ “ကျွန်တော့်ဇနီးဟောင်းအကြောင်း မပြောရဆိုတဲ့အမြင်မျိုး ကျွန်တော့်ဇနီး ကိတ်လင်းမှာ မရှိဘူး။ အဲဒီအစား ကျွန်တော် ဘယ်လိုလူစားမျိုးလဲဆိုတာ သိရှိနိုင်တဲ့ နည်းလမ်းအဖြစ် သူရှုမြင်တယ်” လို့ နောက်အိမ်ထောင်ပြုတာ ဆယ်နှစ်ရှိပြီဖြစ်တဲ့ အီယန်က ပြောပြတယ်။ အဲဒီလိုစကားစမြည်ပြောဆိုခြင်းက သင့်အိမ်ထောင်ဖက်အသစ်နဲ့ ပိုပြီးရင်းနှီးလာစေတယ်လို့တောင် သင်ခံစားရနိုင်တယ်။

သင့်လက်ရှိအိမ်ထောင်ဖက်ရဲ့ ထူးခြားတဲ့ အရည်အသွေးကောင်းတွေကို အာရုံစိုက်ပါ။ သင့်အိမ်ထောင်ဖက်မှာ အရင်အိမ်ထောင်ဖက်မှာရှိတဲ့ အရည်အချင်းမျိုး ရှိချင်မှရှိမယ်။ ဒါပေမဲ့ သင့်လက်ရှိအိမ်ထောင်ဖက်က တခြားနေရာမှာ သာကောင်းသာနိုင်ပါတယ်။ ဒါကြောင့် ‘သူတစ်ပါးနှင့် မနှိုင်းယှဉ်ဘဲ’ သင့်အိမ်ထောင်ဖက်နဲ့ပတ်သက်တဲ့ သင် နှစ်သက်ရာတွေကို ပြန်စဉ်းစားပြီး တန်ဖိုးထားလေးမြတ်ခြင်းအားဖြင့် သင့်ရဲ့အိမ်ထောင်ကို ခိုင်မြဲအောင် ကြိုးစားပါ။ (ဂလာတိ ၆:၄) အိမ်ထောင်နှစ်ဆက်ကျဖူးတဲ့ အက်ဒ်မန်ဆိုသူ အမျိုးသားတစ်ယောက်က ဒီလိုပြောပြတယ်– “မိတ်ဆွေနှစ်ယောက်ကို ဆက်ဆံပုံချင်းမတူသလို အိမ်ထောင်နှစ်ဆက်နဲ့ ဆက်ဆံပုံချင်းလည်း တူမှာမဟုတ်ဘူး။”

သင့်ရဲ့အရင်အိမ်ထောင်က နှစ်သက်စဖွယ် အမှတ်ရစရာတွေနဲ့ နောက်အိမ်ထောင်သစ် ထူထောင်တာကို ဘယ်လိုဟန်ချက်ညီစေနိုင်မလဲ။ “ကျွန်တော့်ရဲ့ဇနီးဟောင်းနဲ့အတူ ရှိတုန်းက တွေ့ကြုံခံစားခဲ့ရတဲ့ အမှတ်ရစရာတွေကို ကျွန်တော် တန်ဖိုးထားတယ်။ ဒါကြောင့် တစ်ခါတလေမှာ အဲဒါတွေကို ပြန်ပြန်စဉ်းစားမိတယ်။ ဒါပေမဲ့ အခု လက်ရှိဇနီးနဲ့ အတူနေရတာကို ကျွန်တော် ပျော်တယ်လို့ လက်ရှိဇနီးကို ပြောပြတယ်” လို့ဂျရတ်က ပြောပြတယ်။

ကြိုးစားကြည့်ပါ– အရင်အိမ်ထောင်အကြောင်း ပြောစရာပေါ်လာတဲ့အခါ သင့်အိမ်ထောင်ဖက်ကို အနေရခက်မခက် မေးကြည့်ပါ။ အရင်အိမ်ထောင်အကြောင်း ပြောဖို့မသင့်တဲ့ အချိန်တွေကို သတ်မှတ်ထားပါ။

အခက်အခဲ ၂– အိမ်ထောင်ဖက်အသစ်နဲ့ မရင်းနှီးတဲ့ မိတ်ဆွေဟောင်းတွေနဲ့တွေ့တဲ့အခါ သင် အလိုက်သင့်နေဖို့ ကြိုးစားနေရတယ်။

“ကျွန်တော်တို့ လက်ထပ်ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ လက်ရှိဇနီးက ကျွန်တော့်မိတ်ဆွေတချို့ သူ့ကို အကဲစမ်းနေတယ်ဆိုပြီး ခံစားလာရတယ်” လို့ ကွာရှင်းပြီး ခြောက်နှစ်အကြာမှာ နောက်အိမ်ထောင်ပြုခဲ့တဲ့ ခါဗီယာက ပြောပြတယ်။ လီအိုလို့ခေါ်တဲ့ ခင်ပွန်းသည်တစ်ယောက်က သူတွေ့ကြုံခဲ့တာတွေကို ဒီလိုပြောပြတယ်– “တချို့က ကျွန်တော့်ဇနီးရဲ့ ခင်ပွန်းဟောင်းကို သူတို့ ဘယ်လောက်ချစ်ကြောင်း၊ ဘယ်လောက်သတိရကြောင်း ကျွန်တော့်ရှေ့မှာပဲ ဇနီးသည်ကို ပြောပြနေတယ်။”

အကြံပြုချက်– မိတ်ဆွေတွေရဲ့ ခံစားချက်ကို နားလည်ပေးဖို့ ကြိုးစားပါ။ “တစ်ခါတလေမှာ မိတ်ဆွေဟောင်းတွေအတွက် အခုမှ သိလာရတဲ့ သူစိမ်းတစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံဖို့ဆိုတာ ဝမ်းနည်းစရာ၊ စိတ်ကသိကအောက်ဖြစ်စရာလို့ ကျွန်တော်ထင်တယ်” ဆိုပြီး အီယန်က ပြောပြတယ်။ ဒါကြောင့် အားလုံးအပေါ် “အကျိုးသင့်အကြောင်းသင့်သဘောနှင့် နူးညံ့သိမ်မွေ့ခြင်းကို အတတ်နိုင်ဆုံး တင်ပြ” ပါ။ (တိတု ၃:၂) မိတ်ဆွေတွေနဲ့ မိသားစုတွေကို နေသားကျလာတဲ့အထိ အချိန်ပေးလိုက်ပါ။ သင့်အိမ်ထောင်မှာ အပြောင်းအလဲတွေ ဖြစ်လာတာနဲ့အမျှ မိတ်ဆွေတွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ မိတ်ဆွေဟောင်းတွေနဲ့ အဆက်အသွယ်ပြန်လုပ်ရတယ်ဆိုပြီး ခါဗီယာက ပြောပြတယ်။ “ဒါပေမဲ့ မိတ်ဆွေသစ်တွေ ဖွဲ့ဖို့လည်း ကျွန်တော်တို့ ကြိုးစားကြတယ်။ အဲဒါက အကူအညီဖြစ်စေတယ်” လို့ သူဆက်ပြောပြတယ်။

မိတ်ဆွေဟောင်းတွေကို သင် အချိန်ပေးတဲ့အခါ သင့်အိမ်ထောင်ဖက်ရဲ့ ခံစားချက်တွေကိုလည်း ထည့်စဉ်းစားပေးပါ။ ဥပမာ၊ စကားလက်ဆုံပြောနေရင်းနဲ့ အရင်အိမ်ထောင်အကြောင်း ပါလာတဲ့အခါ ပါးနပ်မှုရှိရှိနဲ့ ချင့်ချင့်ချိန်ချိန် ပြောဆိုပါ။ ဒီလိုလုပ်မယ်ဆိုရင် သင့်လက်ရှိ အိမ်ထောင်ဖက်က ပယ်ထားခံရတယ်လို့ ခံစားရတော့မှာမဟုတ်ပါဘူး။ “မဆင်မခြင် ပြောလိုက်တဲ့စကားက လူတစ်ယောက်ကို ဓားနဲ့ထိုးဆွလိုက်သလို နာကျင်စေပေမဲ့ ဂရုတစိုက်နဲ့ ပြောဆိုလိုက်တဲ့စကားက စိတ်ထိခိုက်နေတဲ့သူကို စိတ်သက်သာရာရစေနိုင်တယ်” ဆိုပြီး ဘာသာပြန်ကျမ်းတစ်ကျမ်းမှာ ဖော်ပြထားတယ်။—သုတ္တံ ၁၂:၁၈Holy Bible—Easy-to-Read Version.

ကြိုးစားကြည့်ပါ– သင် ဒါမှမဟုတ် သင့်အိမ်ထောင်ဖက်ကို အနေရခက်စေနိုင်တဲ့ လူမှုရေးစုဆုံပွဲတွေ ပေါ်ပေါက်လာနိုင်တယ်ဆိုတာ မျှော်လင့်ထားပါ။ သင့်မိတ်ဆွေတွေ မေးလာတဲ့ မေးခွန်းတွေ၊ အရင်အိမ်ထောင်နဲ့ပတ်သက်တဲ့ မှတ်ချက်စကားတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းကို ကြိုတင်ဆွေးနွေးထားပါ။

အခက်အခဲ ၃– အရင်အိမ်ထောင်ဖက်က သစ္စာဖောက်ခဲ့တဲ့အတွက် လက်ရှိအိမ်ထောင်ဖက်ကို ယုံကြည်စိတ်ချဖို့ ကြိုးစားနေရတယ်။

“ထပ်သစ္စာဖောက်ခံရမလားဆိုပြီး လန့်နေမိတယ်။ ရိုင်လီရဲ့ ခင်ပွန်းဟောင်းလောက် ကျွန်တော် ကောင်းနိုင်ပါ့မလားလို့လည်း တွေးမိတယ်။ ကျွန်တော်က သိပ်မဟန်ပါဘူးလို့ သူဆုံးဖြတ်လိုက်ပြီး ထားသွားမှာကိုတောင် စိုးရိမ်မိတယ်” လို့ အရင်ဇနီး ထားသွားတာကို ခံလိုက်ရပြီးတဲ့နောက် လက်ရှိဇနီးဖြစ်သူ ရိုင်လီနဲ့ လက်ထပ်လိုက်တဲ့ အင်ဒရူးက ပြောပြတယ်။

အကြံပြုချက်– သင် စိုးရိမ်နေတဲ့အကြောင်း သင့်အိမ်ထောင်ဖက်ကို လွတ်လွတ်လပ်လပ် ပြောပြပါ။ “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏” လို့ကျမ်းစာမှာ ပြောထားပါတယ်။ (သုတ္တံ ၁၅:၂၂) ဆွေးနွေးတိုင်ပင်လိုက်တဲ့အတွက် အင်ဒရူးနဲ့ ရိုင်လီတို့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်စိတ်ချလာကြတယ်။ “ပြဿနာတွေကို ရှောင်ကွင်းဖို့ ထွက်ပေါက်ရှာတဲ့အနေနဲ့ ကွာရှင်းမှာမဟုတ်ဘူးလို့ ရိုင်လီကို ပြောလိုက်တယ်။ ရိုင်လီကလည်း အဲဒီအတိုင်းပဲလို့ ကျွန်တော့်ကို ပြန်ပြောတယ်။ ဒီလိုနဲ့ သူ့ကို ကျွန်တော် အပြည့်အဝ ယုံကြည်စိတ်ချလာတယ်” ဆိုပြီး အင်ဒရူးက ပြောပြတယ်။

သင့်လက်ရှိအိမ်ထောင်ဖက်က အရင်အိမ်ထောင်ရဲ့ သစ္စာဖောက်မှုကို ခံခဲ့ရသူဆိုရင် သူ့ရဲ့ယုံကြည်စိတ်ချမှုကို ရရှိဖို့ အစွမ်းကုန်လုပ်ဆောင်ပါ။ ဥပမာ၊ မီရှဲနဲ့ ဆာဘင်တို့နှစ်ယောက်စလုံး အရင်အိမ်ထောင်နဲ့ ကွာရှင်းထားသူတွေ ဖြစ်ကြတယ်။ ဒါကြောင့် အိမ်ထောင်ဖက်ဟောင်းနဲ့ အဆက်အသွယ်ရှိခဲ့မယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် ပြန်ပြောပြဖို့ သဘောတူထားကြတယ်။ “အဲဒီလိုသဘောတူထားလိုက်တော့ ကျွန်တော်တို့နှစ်ယောက်စလုံး စိတ်အေးသွားတယ်” ဆိုပြီး ဆာဘင်က ပြောပြတယ်။—ဧဖက် ၄:၂၅

ကြိုးစားကြည့်ပါ– ဆန့်ကျင်ဘက်လိင်ရှင်နဲ့ လူချင်းဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်နဲ့ဖြစ်စေ သီးသန့်ဆက်သွယ်တာတွေကို တတ်နိုင်သလောက် ရှောင်ပါ။

နောက်အိမ်ထောင်ပြုသူတွေ အတော်များများဟာ အောင်မြင်မှုတွေ ရရှိခဲ့ကြပါတယ်။ အရင်အိမ်ထောင်ကနေ ကိုယ့်အကြောင်းကို ကောင်းကောင်း သိလာပြီး သင်ယူနိုင်တဲ့အတွက် ကိုယ်လည်းပဲ အောင်မြင်နိုင်ပါတယ်။ “ရိုင်လီနဲ့ လက်ထပ်လိုက်တဲ့အတွက် နှစ်သိမ့်မှု အများကြီးရတယ်။ အိမ်ထောင်သက် ၁၃ နှစ်အကြာမှာ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် အဆုံးၡုံးမခံနိုင်လောက်အောင် အရမ်းရင်းနှီးလာကြတယ်” ဆိုပြီး အင်ဒရူးက ပြောပြတယ်။

^ စာပိုဒ်၊ 3 နာမည်တွေကို ပြောင်းထားပါတယ်။

^ စာပိုဒ်၊ 5 အိမ်ထောင်ဖက် ဆုံးပါးသွားလို့ အိမ်ထောင်ရေး အဆုံးသတ်သွားတာနဲ့ ကွာရှင်းပြီး အိမ်ထောင်ရေး အဆုံးသတ်လိုက်တာက အခြေအနေချင်း မတူပါဘူး။ ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲရှိပါစေ နောက်အိမ်ထောင်ပြုတဲ့အခါ အောင်မြင်မှုရရှိနိုင်ဖို့ အထောက်အကူအနေနဲ့ ဒီဆောင်းပါးကို ရေးသားဖော်ပြပေးခြင်းဖြစ်ပါတယ်။

^ စာပိုဒ်၊ 7 လင်ပါမယားပါ သားသမီးတွေကို ပြုစုပျိုးထောင်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ၂၀၁၂၊ ဧပြီလထုတ် နိုးလော့! မှာပါတဲ့ “မိထွေးပထွေးရှိတဲ့ မိသားစုကို ပျော်ရွှင်စည်းလုံးစေတဲ့ အချက်များ” ဆောင်းပါးတွဲကို ဖတ်ကြည့်ပါ။

သင့်ကိုယ်သင် မေးကြည့်ပါ . . .

  • ငါ အထူးတန်ဖိုးထားရတဲ့ ငါ့အိမ်ထောင်ဖက်ရဲ့ အရည်အသွေးတချို့က ဘာတွေလဲ။

  • အရင်အိမ်ထောင်အကြောင်း ပြောစရာပေါ်လာခဲ့ရင် လက်ရှိအိမ်ထောင်ဖက် စိတ်ချရအောင်၊ သိက္ခာမကျအောင် အကြောင်းအရာကို ဘယ်လိုပြောဆိုနိုင်မလဲ။