မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှု၏သော့ချက်များ

မြီးကောင်ပေါက်များနှင့် ဆက်သွယ်ပြောဆိုခြင်း

မြီးကောင်ပေါက်များနှင့် ဆက်သွယ်ပြောဆိုခြင်း

“အရင်တုန်းကတော့ သားလေးနဲ့ စကားပြောလို့ဆိုလို့ သိပ်ကောင်းတာပဲ၊ ဒါပေမဲ့ အခု ၁၆ နှစ်သားအရွယ် ရောက်လာတော့ သူ ဘာတွေ တွေးနေသလဲဆိုတာသိဖို့ ကျွန်မအတွက်ရော၊ ကျွန်မခင်ပွန်းအတွက်ပါ ခက်လာတယ်။ သူတစ်ယောက်ထဲ အခန်းအောင်းနေ တတ်ပြီး ကျွန်မတို့ကို စကားသိပ်မပြောတော့ဘူး။”—မိရိအံ၊ မက္ကစီကို။

“အရင်တုန်းကတော့ ကျွန်တော့်သားသမီးတွေက ကျွန်တော်ပြောသမျှ နားထောင်ချင်ကြတယ်။ ကျွန်တော် ဘာအကြောင်းပဲပြောပြော သူတို့နားထောင်ကြတယ်။ အခု သူတို့ ဆယ်ကျော်သက်အရွယ် ရောက်လာတော့ ကျွန်တော် သူတို့အပေါ် နားလည်မှု မပေးနိုင်ဘူးလို့ ထင်နေကြပြီ။”—စကော့၊ ဩစတြေးလျ။

သင်သည် မြီးကောင်ပေါက်တစ်ဦးကို ပြုစုပျိုးထောင်နေရပါက အထက်တွင် ကိုးကားထားသော မိဘများနှင့် ထပ်တူထပ်မျှ ခံစားရနိုင်သည်။ ယခင်က သင့်ကလေးနှင့် သင်၏ ပြောဆိုဆက်သွယ်ရေးမှာ နှစ်လမ်းမောင်းယာဉ်ကြောကဲ့သို့ အတော်ပင် အဆင်ပြေချောမွတ်ခဲ့ပေမည်။ ယခုအခါ ထိုဆက်သွယ်ရေး လမ်းကြောင်းတွင် အတားအဆီး ရှိနေပုံရသည်။ အီတလီနိုင်ငံရှိ အန်ဂျလာဟုခေါ်သော မိခင်တစ်ဦး ဤသို့ပြော၏– “သားလေးငယ်ငယ်တုန်းက ကျွန်မကို မေးခွန်းတွေ အဆက်မပြတ် မေးလေ့ရှိတယ်။ အခုတော့ ကျွန်မကပဲ စကားစပြောနေရတယ်။ ကျွန်မမှ စကားစမပြောရင် အကျိုးရှိတာတွေ ဘာမှမပြောလိုက်ရဘဲ တစ်နေ့တာ ကုန်လွန်သွားနိုင်တယ်။”

တစ်ချိန်က ကြက်တူရွေးကဲ့သို့ စကားများသော သင့်ကလေးသည် ယခုအခါ သုန်မှုန်ပြီး လူတောမတိုးသော မြီးကောင်ပေါက်တစ်ဦးဖြစ်နေကြောင်း အန်ဂျလာကဲ့သို့ပင် သင်လည်း သိလာပေမည်။ စကားစမြည် ပြောဆိုနိုင်ရန် သင်ကြိုးစားသမျှ တုံးတိတိ အဖြေတစ်ခုသာ ပြန်ရရှိပေမည်။ “သားရေ ဒီနေ့ အခြေအနေဘယ်လိုလဲ” ဟူသော သင့်အမေးကို “ကောင်းတယ်” ဟု တုံးတိတိပြန်ဖြေသည်။ “သမီးရေ ဒီနေ့ ကျောင်းမှာ ဘာတွေဖြစ်ခဲ့သလဲ” ဟူသော သင့်အမေးကို ပခုံးတွန့်၍ “ဘာမှ မဖြစ်ပါဘူး” ဟုပြန်ဖြေသည်။ စကားစမြည်ပြောဖြစ်အောင် သင်ကြိုးစားသည့်အနေဖြင့် “ဘာကြောင့် ကောင်းကောင်း မပြောပြသလဲ” ဟုမေးလိုက်သည့်အခါ လုံးဝ စကားစပြတ်သွားတော့သည်။

မြီးကောင်ပေါက်အချို့သည် စကားစမြည်ပြောဆိုရာတွင် အခက်အခဲ မရှိသည်မှာ မှန်ပါသည်။ သို့သော် သူတို့ပြောဆိုရာမှာ မိဘများကြားလိုသည့်စကား မဟုတ်ပေ။ “ကျွန်မက သမီးကို တစ်ခုခုလုပ်ခိုင်းတဲ့အခါတိုင်း ‘သမီးကို လာမခိုင်းနဲ့’ လို့ ပြန်ဖြေနေကျပဲ” ဟူ၍ နိုင်ဂျီးရီးယားနိုင်ငံမှ အဒ်နာအမည်ရှိ မိခင်တစ်ဦးက ပြောသည်။ မက္ကစီကိုနိုင်ငံမှ ရေမွန်သည် သူ၏ ၁၆ နှစ်အရွယ် သားဖြစ်သူမှာ အလားတူဖြစ်ကြောင်း သတိပြုမိသည်။ သူဤသို့ပြော၏– “နေ့တိုင်းလိုလို ကျွန်တော်တို့ စကားများကြတယ်။ တစ်ခုခုလုပ်ပေးဖို့ ကျွန်တော်ခိုင်းလိုက်တိုင်း သူ အမြဲ ဆင်ခြေပေးတယ်။”

တုံ့ပြန်မှုမရှိသော မြီးကောင်ပေါက်တစ်ဦးနှင့် ဆက်သွယ်ပြောဆိုရန် ကြိုးစားခြင်းက မိဘတစ်ဦးကို စိတ်ပျက်စေနိုင်သည်။ “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏” ဟုကျမ်းစာကဆိုသည်။ (သု. ၁၅:၂၂) “ကိုယ့်သား ဘာတွေးနေမှန်း မသိရတဲ့အခါ ဒေါသထွက်လွန်းလို့ အော်ဟစ်လိုက်ချင်တယ်” ဟု ရုရှားနိုင်ငံရှိ ကြင်ဖော်မဲ့မိခင် အန်နာက ပြောသည်။ ဆက်သွယ်ပြောဆိုခြင်းသည် အလွန်အရေးပါလှရာ လူငယ်များနှင့် မိဘများသည် အဘယ်ကြောင့် ဆက်သွယ်ပြောဆိုနိုင်စွမ်း မရှိတော့သည့်ပုံ ပေါက်နေရသနည်း။

အတားအဆီးများကို ခွဲခြားသိရှိခြင်း

ဆက်သွယ်ပြောဆိုခြင်းဟူသည် စကားပြောဆိုရုံမျှမကပါ။ “စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏” ဟု ယေရှုမိန့်ဆိုခဲ့သည်။ (လုကာ ၆:၄၅) ထို့ကြောင့် ကောင်းစွာ ဆက်သွယ်ပြောဆိုခြင်းဖြင့် အခြားသူများထံမှ ကျွန်ုပ်တို့သင်ယူသိရှိရပြီး ကျွန်ုပ်တို့အကြောင်းများကိုလည်း ထုတ်ဖော်ကြသည်။ သို့သော် မြီးကောင်ပေါက်များအတွက် ထိုသို့ထုတ်ဖော်ရန် အခက်တွေ့နိုင်သည်၊ အကြောင်းမှာ အလွန်ဖော်ရွေသော ကလေးတစ်ဦးပင် ပျိုဖော်ဝင်လာသည့်အခါ ရှက်ရွံ့စိတ်ဝင်လာနိုင်သောကြောင့် ဖြစ်၏။ မြီးကောင်ပေါက်များသည် မီးမောင်းထိုးထားသော စင်မြင့်ပေါ်ရောက်ရှိနေပြီး လူတိုင်းက သူတို့လုပ်သမျှ၊ ပြောသမျှကို စောင့်ကြည့်နေသည်ဟု ခံစားရကြောင်း ပညာရှင်များက ဆိုကြသည်။ အများတကာ၏ စောင့်ကြည့်ခြင်းခံရသည်ကို ရင်ဆိုင်မည့်အစား မိဘများ အလွယ်တကူ မဝင်ရောက်နိုင်သော ကန့်လန့်ကာနောက်ကွယ်ရှိ သီးခြားကမ္ဘာလေးထဲ ရှောင်ပုန်းကြပေမည်။

ဆက်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့စေသည့် နောက်အကြောင်းရင်းတစ်ခုမှာ မြီးကောင်ပေါက်များသည် လွတ်လပ်မှုကို တမ်းတခြင်းဖြစ်၏။ သင့်ကလေးသည် ကြီးပြင်းလာနေပြီး သီးခြားရပ်တည်လိုသည်ကို သင်ရှောင်လွှဲ၍ မရနိုင်ပေ။ သို့သော် ယင်းကြောင့် သင့်ကလေးသည် အိမ်နှင့်ခွဲနေရန် အသင့်ဖြစ်နေပြီဟု မဆိုလိုပါ။ သူသည် ကဏ္ဍများစွာတွင် သင့်အကူအညီကို ခါတိုင်းထက် ပို၍ လိုအပ်သည်။ လူတစ်ဦး အရွယ်ရောက်ခါနီး နှစ်များတွင် ထိုသို့ သီးခြားရပ်တည်လိုလေ့ရှိသည်။ မြီးကောင်ပေါက်များစွာသည် သူတို့၏ အတွေးအခေါ်ကို အခြားသူတို့အား မပြောပြမီ သူတို့ကိုယ်တိုင် စဉ်းစားတွေးခေါ်လိုကြသည်။

မြီးကောင်ပေါက်များသည် ရွယ်တူချင်းများနှင့် တစ်သီးပုဂ္ဂလနေကြမည် မဟုတ်ပေ၊ ယင်းကို မက္ကစီကိုနိုင်ငံရှိ ဂျက်စီကာအမည်ရှိ မိခင်တစ်ဦး သတိပြုမိသည်။ “ကျွန်မသမီး ငယ်ငယ်တုန်းက ကျွန်မဆီလာပြီး သူ့အခက်အခဲတွေအကြောင်း အမြဲပြောပြတယ်။ အခုတော့ သူ့သူငယ်ချင်းတွေဆီကိုပဲ သွားတယ်” ဟု သူပြောခဲ့သည်။ သင့်ကလေးလည်း ထိုသို့ဖြစ်နေပါက သင့်ကို မိဘအဖြစ်မှ “ငြင်းပယ်” ပြီဟု မထင်လိုက်ပါနှင့်။ ဆယ်ကျော်သက်များသည် ဝန်မခံချင်သည့်တိုင် မိမိတို့သူငယ်ချင်းများ၏ အကြံဉာဏ်ထက် မိဘများ၏အကြံဉာဏ်ကို ပို၍ တန်ဖိုးထားကြသည်ဟု ဆန်းစစ်ချက်တစ်ခုက ဖော်ပြသည်။ သို့ဆိုလျှင် ဆက်သွယ်ရေးလမ်းကြောင်း ပွင့်နေစေရန် သင် အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။

အောင်မြင်ရန် သော့ချက်များ​—အတားအဆီးများကို ချိုးဖျက်ခြင်း

သင်သည် ရှည်လျားဖြောင့်တန်းနေသော အဝေးပြေးလမ်းပေါ်တွင် ကားမောင်းနေသည်ဟု စိတ်ကူးကြည့်ပါ။ မိုင်ပေါင်းများစွာတစ်လျှောက် သင်သည် စတီယာရင်ကို အနည်းငယ်သာ ထိန်းမောင်းခဲ့ရ၏။ သို့သော် ရုတ်တရက် လမ်းကွေ့နှင့် တိုးသောအခါ ကားကို လမ်းကြောင်းပေါ်ဆက်ရှိနိုင်ရန် စတီယာရင်ကိုထိန်းကာ အလိုက်သင့် လှည့်ပေးရုံမှတစ်ပါး အခြားမရှိပါ။ သင့်ကလေး မြီးကောင်ပေါက်အရွယ် ရောက်လာချိန်တွင်လည်း အလားတူပင်ဖြစ်၏။ နှစ်များတစ်လျှောက် သင်နှင့် သင့်ကလေး၏ ပြောဆိုဆက်သွယ်ရေးမှာ ချောမောဖြောင့်ဖြူးခဲ့ပေမည်။ ယခု မြီးကောင်ပေါက်အရွယ်သည် သင့်ကလေး၏ ဘဝအချိုးအကွေ့ ဖြစ်သည်၊ ထို့ကြောင့် သင်၏ပြောဆိုဆက်သွယ်နည်းများကို အလိုက်သင့် ပြုပြင်ပြောင်းလဲခြင်းဖြင့် ‘လမ်းကွေ့အတိုင်း ထိန်းမောင်း’ ရမည်။ အောက်ပါမေးခွန်းများကို သင့်ကိုယ်သင် မေးပါ။

‘ကျွန်ုပ်၏သား သို့မဟုတ် သမီးသည် စကားပြောဆိုလိုစိတ် ရှိသောအခါ ကျွန်ုပ်အနေနှင့် ထိုသို့ဆက်သွယ်ပြောဆိုရန် အသင့်ရှိနေသလော။’ “အခန့်သင့်အချိန်တွင် ပြောဆိုသောစကားတစ်ခွန်းသည် ငွေထည်တွင်ရှိသော ရွှေပန်းသီးများနှင့် တူသည်” ဟုကျမ်းစာက ဆိုသည်။ (သု. ၂၅:၁၁၊ ကဘ) ထိုကျမ်းချက်တွင် ရှင်းလင်းစွာဖော်ပြသည့်အတိုင်း အသင့်တော်ဆုံးအချိန်ကို ရွေးချယ်ခြင်းမှာ သော့ချက်ဖြစ်၏။ ဥပမာ၊ လယ်သမားတစ်ဦးသည် ရိတ်သိမ်းချိန်ကို ရှေ့တိုး၍ မရသကဲ့သို့ ရွှေ့ဆိုင်း၍လည်းမရနိုင်ပေ။ ရိတ်သိမ်းချိန်ရောက်မှ ရိတ်သိမ်းရန်သာဖြစ်၏။ ထို့အတူ သင့်ကလေး ပို၍စကားစမြည် ပြောဆိုလိုစိတ်ရှိသော အချိန်တစ်ချိန်ရှိပေမည်။ ထိုအခွင့်ကောင်းကို အသုံးချပါ။ ဩစတြေးလျမှ ဖရန့်အမည်ရှိ ကြင်ဖော်မဲ့မိခင်တစ်ဦး ဤသို့ဆိုသည်– “သမီးက ညဘက်မှာ ကျွန်မအိပ်ခန်းကိုလာပြီး စကားပြောတတ်တယ်၊ တစ်ခါတလေဆို တစ်နာရီလောက် စကားပြောဖြစ်တယ်။ ကျွန်မက ညဉ့်နက်တဲ့အထိ မနေနိုင်တော့ သိပ်မလွယ်ဘူး၊ ဒါပေမဲ့ အဲဒီလိုညတွေမှာ ကျွန်မတို့သားအမိ ဖြစ်ကြောင်းကုန်စင်တွေ ပြောဖြစ်ကြတယ်။”

ဤအရာကို ကြိုးစားကြည့်ပါ– သင်၏ မြီးကောင်ပေါက်အရွယ်သားသမီးသည် သင့်ကို စကားပြောချင်ပုံမရပါက လမ်းလျှောက်ခြင်း၊ ကားမောင်းခြင်း၊ ဂိမ်းကစားခြင်း သို့မဟုတ် အိမ်မှုကိစ္စများ လုပ်ဆောင်ခြင်းစသော တစ်ခုခုကို အတူတူ လုပ်ဆောင်ပါ။ ထိုအခြေအနေမျိုးက သင့်သားသမီးကို စကားစမြည်ပြောဆိုရန် လမ်းဖွင့်ပေးနိုင်သည်။

‘စကားလုံးများနောက်ကွယ်ရှိ ခံစားချက်ကို ကျွန်ုပ် ပိုင်းခြားသိမြင်သလော။’ “ခံတွင်းသည် အစာကိုမြည်းစမ်းသကဲ့သို့ နားသည် စကားကို စုံစမ်းသည်မဟုတ်လော” ဟု ယောဘ ၁၂:၁၁ တွင် ဖော်ပြသည်။ ယခုအချိန်သည် သင့်သားသမီး၏စကားကို ခါတိုင်းထက်ပို၍ “စုံစမ်း” ရမည့်အချိန်ပင်။ မြီးကောင်ပေါက်များသည် မှန်သည်ဟု မိမိတို့ယူဆထားရာကို ပြောဆိုလေ့ရှိသည်။ ဥပမာ၊ သင့်သားက “သားကို အမြဲ ကလေးတစ်ယောက်လို ဆက်ဆံတယ်” သို့မဟုတ် သင့်သမီးက “သမီးရဲ့စကားကို ဘယ်တော့မှ နားမထောင်ပေးဘူး” ဟုပြောပေမည်။ “အမြဲ၊” “ဘယ်တော့မှ” စသောစကားလုံးများကို အထအနကောက်မည့်အစား သင့်ကလေးသည် ထိုသို့အမှန်ဆိုလိုနေခြင်း မဟုတ်ကြောင်း သိမြင်ပါ။ ဥပမာ၊ “သားကို အမြဲ ကလေးတစ်ယောက်လို ဆက်ဆံတယ်” ဟုဆိုခြင်းက “သားကို မယုံကြည်ဘူးလို့ ခံစားရတယ်” ဟု ဆိုလိုခြင်းဖြစ်နိုင်ပြီး “သမီးရဲ့စကားကို ဘယ်တော့မှ နားမထောင်ပေးဘူး” ဟုဆိုခြင်းက “သမီး တကယ်ခံစားနေရတာကို ပြောပြချင်တယ်” ဟု ဆိုလိုခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် စကားလုံးများ နောက်ကွယ်ရှိ ခံစားချက်ကို ပိုင်းခြားသိမြင်ရန် ကြိုးစားပါ။

ဤအရာကို ကြိုးစားကြည့်ပါ– သင့်ကလေးသည် စိတ်ထင်ရာ ရင့်ရင့်သီးသီးပြောဆိုသောအခါ ဤသို့ပြန်ပြောပါ– “သားစိတ်ဆိုးနေတာ အဖေ/အမေသိပါတယ်။ သားကို ကလေးတစ်ယောက်လို ဆက်ဆံတယ်လို့ ဘာကြောင့် ခံစားရသလဲဆိုတာ ပြောပါဦး။” ထို့နောက် စကားမဖြတ်ဘဲ ကောင်းစွာ နားထောင်ပါ။

‘ကျွန်ုပ်၏ မြီးကောင်ပေါက်အရွယ် သားသမီးကို စကားပြောဆိုလာရန် အတင်းဖိအားပေးခြင်းဖြင့် ပြောဆိုဆက်သွယ်ရေး လမ်းကြောင်းကို ပိတ်ဆို့စေသလော။’ “ဖြောင့်မတ်ခြင်းအသီးသည် သင့်မြတ်စေသူများအတွက် ငြိမ်သက်သောအခြေအနေတွင် မိမိ၏မျိုးစေ့ကိုကြဲထား၏” ဟုကျမ်းစာက ဆိုသည်။ (ယာကုပ် ၃:၁၈ကဘ) သင်၏အပြောအဆိုနှင့် အပြုအမူအားဖြင့် “ငြိမ်သက်သောအခြေအနေ” ကို ဖန်တီးပေးပါ၊ သို့ဖြင့် သင့်ကလေးသည် စကားပြောဆိုလိုစိတ် ရှိလာပေမည်။ သင်သည် သင့်ကလေးအတွက် ထောက်ခံပြောဆိုပေးသူ ဖြစ်ကြောင်း အမှတ်ရပါ။ ထို့ကြောင့် အကြောင်းအရာတစ်ခုကို ဆွေးနွေးသည့်အခါ တရားရုံးတွင် မျက်မြင်သက်သေတစ်ဦးအား အရှက်တကွဲ အကျိုးနည်းစေသည့် တရားလို၏ရှေ့နေ ပုံစံဖြင့် မပြောဆိုပါနှင့်။ ကိုရီးယားနိုင်ငံမှ အဲန်အမည်ရှိ ဖခင်တစ်ဦး ဤသို့ဆို၏– “ပညာရှိမိဘတစ်ဦးဆိုရင် ‘မင်း ဘယ်တော့မှ အရွယ်ရောက်မှာလဲ၊’ ‘မင်းကို ငါပြောတာ ဘယ်နှစ်ခေါက်ရှိပြီလဲ’ ဆိုပြီး မပြောဘူး။ ကျွန်တော် အဲဒီလို မဆင်မခြင်ပြောဆိုမိတဲ့အခါ သားတွေက ကျွန်တော့်ရဲ့ပြောဆိုပုံကိုသာ မဟုတ်ဘဲ ကျွန်တော့်ရဲ့ ပြောစကားတွေကိုပါ မကြိုက်ကြဘူးဆိုတာ သတိထားမိတယ်။”

ဤအရာကို ကြိုးစားကြည့်ပါ– သင့်ကလေးသည် မေးခွန်းများကို မတုံ့ပြန်လျှင် အခြားချဉ်းကပ်နည်းကို သုံးကြည့်ပါ။ ဥပမာ၊ သင့်သမီးကို ဒီနေ့အခြေအနေ ဘယ်လိုလဲဟုမေးမည့်အစား သင့်အခြေအနေကို ပြောပြပြီး သူ၏တုံ့ပြန်မှုကို အကဲခတ်ပါ။ သို့မဟုတ် ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ သင့်ကလေး၏ ရှုမြင်ချက်ကို သိနိုင်ရန် သွယ်ဝိုက်မေးခွန်းများ မေးပါ။ ယင်းနှင့်ပတ်သက်၍ သူ၏ သူငယ်ချင်းတစ်ဦး မည်သို့ယူဆကြောင်း မေးကြည့်ပါ။ ထို့နောက် ထိုသူငယ်ချင်းကို အဘယ်အကြံဉာဏ် ပေးမည်နည်းဟု မေးကြည့်ပါ။

မြီးကောင်ပေါက်များနှင့် ဆက်သွယ်ပြောဆိုခြင်းသည် မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။ သင်နှင့် သင့်ကလေး၏ ဆယ်သွယ်ရေးလမ်းကြောင်းကို လိုအပ်သလို ပြုပြင်ချိန်ညှိပေးပါ။ ဤကိစ္စတွင် အောင်မြင်နေသော မိဘများနှင့် စကားပြောဆိုပါ။ (သု. ၁၁:၁၄) သင့်သားသမီးနှင့် ပြောဆိုဆက်သွယ်သောအခါ ‘နားကြားခြင်းငှာ လျင်မြန်ပြီး စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးပါ။’ (ယာကုပ် ၁:၁၉) အရေးကြီးဆုံးမှာ သင့်သားသမီးကို “ယေဟောဝါ၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း” ပြုစုပျိုးထောင်ရာတွင် ဘယ်တော့မျှ လက်မလျှော့ပါနှင့်။—ဧဖက် ၆:၄ကဘ

မိမိကိုယ်ကိုမေးပါ . . .

  • ငါ့ရဲ့ကလေး မြီးကောင်ပေါက်အရွယ် ရောက်လာချိန်မှာ ဘာအပြောင်းအလဲတွေကို ငါသတိထားမိသလဲ။

  • ငါ့ရဲ့ပြောဆိုဆက်သွယ်နိုင်စွမ်းကို ဘယ်လိုနည်းတွေနဲ့ တိုးတက်အောင် လုပ်နိုင်သလဲ။