မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်တော့မှ လက်မလျှော့ပါနဲ့

ဘယ်တော့မှ လက်မလျှော့ပါနဲ့

သင်ဟာ ယေဟောဝါသက်သေဖြစ်တာ နှစ်ပေါင်းများစွာရှိနေပြီး သင့်အိမ်ထောင်ဖက်ကိုလည်း ယေဟောဝါကို ဝတ်ပြုသူတစ်ဦး ဖြစ်စေချင်သလား

ဒါမှမဟုတ် သင့်ကျမ်းစာသင်သားက အစပိုင်းမှာ အမှန်တရားကို အရမ်းစိတ်ဝင်စားပုံပေါက်ပြီး နောက်ပိုင်းမှာ အမှန်တရားဘက်မှာရပ်တည်ဖို့ ပျက်ကွက်လို့ သင်စိတ်ဓာတ်ကျသလား

ဗြိတိန်နိုင်ငံက တွေ့ကြုံမှုတချို့က သင် ဘာကြောင့် ဘယ်တော့မှ လက်မလျှော့သင့်သလဲဆိုတာ သိရှိဖို့ ကူညီပေးပါလိမ့်မယ်။ အမှန်တရားကို မတုံ့ပြန်သေးသူတွေကို ကူညီပေးဖို့ ဘယ်လိုနည်းနဲ့ ‘သင့်အစာကို ရေပေါ်ပစ်ချ’ နိုင်သလဲဆိုတာကိုပါ သိရပါလိမ့်မယ်။—ဒေ. ၁၁:၁

ဇွဲရှိဖို့အရေးကြီး

သင့်ဘက်ကလုပ်ရမယ့် အရေးကြီးတဲ့အချက်တစ်ချက်က ဇွဲရှိဖို့ဖြစ်တယ်။ သင်ဟာ အမှန်တရားမှာစွဲမြဲနေပြီး ယေဟောဝါကို ဆက်ဝတ်ပြုနေဖို့လိုတယ်။ (တရား. ၁၀:၂၀) ခေါ်ခီးနာ အဲဒီအတိုင်းလုပ်ခဲ့တယ်။ ၁၉၇၀ ခုနှစ်တုန်းက ယေဟောဝါသက်သေတွေနဲ့ သူမကျမ်းစာစဖတ်တော့ သူ့ခင်ပွန်း ကီးရီးယားကော့စ်က အရမ်းဒေါသထွက်တယ်။ သူမ ကျမ်းစာ ဆက်မဖတ်နိုင်အောင် လုပ်တယ်၊ ယေဟောဝါသက်သေတွေကို အိမ်လာခွင့်မပေးဘူး၊ တွေ့သမျှ အဖွဲ့အစည်းထုတ်စာပေတွေကို လွှင့်ပစ်တယ်။

ခေါ်ခီးနာအသင်းတော်စည်းဝေးတွေကို စတက်တော့ ကီးရီးယားကော့စ်က ပိုစိတ်ဆိုးလာတယ်။ တစ်နေ့မှာတော့ သူ နိုင်ငံတော်ခန်းမကိုသွားပြီး အငြင်းအခုံလုပ်ခဲ့တယ်။ ကီးရီးယားကော့စ်ဟာ အင်္ဂလိပ်စကားထက် ဂရိစကားကို ပိုတတ်တယ်ဆိုတာ သိလို့ ညီအစ်မတစ်ယောက်က တခြားအသင်းတော်က ဂရိစကားပြောညီအစ်ကိုတစ်ယောက်ကို ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်တယ်။ ညီအစ်ကိုရဲ့ ကြင်နာတဲ့အပြုအမူကြောင့် ကီးရီးယားကော့စ် ကောင်းကောင်းတုံ့ပြန်ခဲ့တယ်၊ လအနည်းငယ်လောက်အထိ သူတို့လင်မယားနှစ်ယောက် အတူတူ ကျမ်းစာသင်ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကီးရီးယားကော့စ်က ကျမ်းစာဆက်မသင်တော့ဘူး။

နောက်ထပ် သုံးနှစ်လုံးလုံး ခေါ်ခီးနာဟာ ဆက်ပြီး အတိုက်အခံတွေ ကြုံခဲ့ရတယ်။ အကယ်၍ ခေါ်ခီးနာ နှစ်ခြင်းခံမယ်ဆိုရင် သူအိမ်ပေါ်က ဆင်းမယ်လို့ ကီးရီးယားကော့စ်က ပြောသေးတယ်။ ခေါ်ခီးနာက သူနှစ်ခြင်းခံတဲ့နေ့မှာ သူ့ခင်ပွန်း သူ့ကို ပစ်မသွားဖို့ ယေဟောဝါကို ထက်ထက်သန်သန်ဆုတောင်းခဲ့တယ်။ သက်သေခံတွေက ခေါ်ခီးနာကို စည်းဝေးပွဲသွားဖို့ လာခေါ်တဲ့အခါ ကီးရီးယားကော့စ်က “ခင်ဗျားတို့ရှေ့ကသွား။ ကျွန်တော်တို့ ကိုယ့်ကားနဲ့ပဲ နောက်ကလိုက်ခဲ့မယ်” လို့ပြောတယ်။ ကီးရီးယားကော့စ်ဟာ မနက်ပိုင်းအစီအစဉ်တက်ပြီး သူ့ဇနီး နှစ်ခြင်းခံတာကို ကြည့်နေခဲ့တယ်။

သက်သေခံတွေနဲ့ ဦးဆုံးအကြိမ်တွေ့ဆုံပြီး အနှစ် ၄၀ နီးပါးအကြာမှာတော့ ခေါ်ခီးနာဟာ သူ့ခင်ပွန်းနှစ်ခြင်းခံတာကို မြင်တွေ့ခဲ့ရတယ်

အဲဒီနောက်ပိုင်းမှာ ကီးရီးယားကော့စ်ဟာ အတိုက်အခံ သိပ်မလုပ်တော့ဘဲ တဖြည်းဖြည်းနဲ့ တကယ့်အပြောင်းအလဲကြီးတွေကို ပြုလုပ်လာတယ်။ သက်သေခံတွေနဲ့ ဦးဆုံးအကြိမ်တွေ့ဆုံပြီး အနှစ် ၄၀ နီးပါးအကြာမှာတော့ ခေါ်ခီးနာဟာ သူ့ခင်ပွန်းနှစ်ခြင်းခံတာကို မြင်တွေ့ခဲ့တယ်။ ဘာက ကီးရီးယားကော့စ်ကို ကူညီပေးခဲ့တာလဲ။ “ခေါ်ခီးနာ ယေဟောဝါကို စွဲစွဲမြဲမြဲ ဆက်ပြီး ဝတ်ပြုခဲ့လို့ ကျွန်တော်အရမ်းဝမ်းသာတယ်” လို့ ကီးရီးယားကော့စ်က ပြောခဲ့တယ်။ ခေါ်ခီးနာကလည်း “ကျွန်မရဲ့ခင်ပွန်း ဘယ်လိုပဲ အတိုက်အခံလုပ်လုပ် ယေဟောဝါကို ကျွန်မဆက်ဝတ်ပြုခဲ့တယ်။ အဲဒီအချိန်အတွင်းမှာ ကျွန်မ ယေဟောဝါကို မပြတ်ဆုတောင်းခဲ့တယ်၊ ပြီးတော့ မျှော်လင့်ချက်ကိုလည်း ဘယ်တော့မှ မစွန့်လွှတ်ခဲ့ဘူး” လို့ပြောပြတယ်။

စရိုက်သစ်ရဲ့အကျိုး

သင့်အိမ်ထောင်ဖက်ကို ကူညီပေးနိုင်တဲ့ နောက်အချက်တစ်ချက်က ခရစ်ယာန်အရည်အသွေးတွေ မွေးမြူခြင်းဖြစ်တယ်။ တမန်တော်ပေတရုက ခရစ်ယာန်ဇနီးတွေကို ဒီလိုပြောခဲ့တယ်– “ဇနီးတို့ ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြလော့။ သို့ပြုခြင်းဖြင့် တရားစကားတော်ကို မနာခံသူအချို့ရှိလျှင်ပင် တစ်ခွန်းမျှပြောရန်မလိုဘဲ သင်တို့၏အမူအကျင့်အားဖြင့် သူတို့ကိုရလိမ့်မည်။” (၁ ပေ. ၃:၁) ခရစ္စတင်းဟာ အဲဒီအကြံပြုချက်အတိုင်း နေခဲ့တယ်၊ ဒါပေမဲ့ သူ့ခင်ပွန်းကိုရဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတယ်။ သူသက်သေခံစဖြစ်တဲ့ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်ကဆိုရင် သူ့ခင်ပွန်းဖြစ်သူဂျွန်ဟာ ဘုရားရှိတယ်ဆိုတာကို မယုံဘူး။ ဂျွန်က ဘာသာရေးနဲ့ မပတ်သက်ချင်ခဲ့ဘူး၊ ဒါပေမဲ့ သူ့ဇနီးရဲ့ဘာသာအသစ်က သူမအတွက် အရေးကြီးတယ်ဆိုတာကို ဂျွန်သိလာတယ်။ “သူ့ရဲ့ဘာသာက သူ့ကို ပျော်ရွှင်စေတယ်ဆိုတာကို ကျွန်တော်မြင်ရတယ်။ သူဟာ စိတ်ဓာတ်ခိုင်မာသူ၊ စိတ်ချရသူ ဖြစ်လာတယ်၊ အဲဒါက ခက်ခဲတဲ့အခြေအနေများစွာကို ကျော်ဖြတ်နိုင်ဖို့ ကျွန်တော့်ကိုကူညီပေးခဲ့တယ်” လို့ ဂျွန်ပြောပြတယ်။

ခရစ္စတင်းဟာ သူ့ခင်ပွန်း သူ့ရဲ့ဘာသာကို လက်ခံလာအောင် ဘယ်တော့မှ ဖိအားမပေးခဲ့ဘူး။ “သူ့ဘာသာအကြောင်း ကျွန်တော့်ကို မပြောတာ အကောင်းဆုံးပဲဆိုတာ အစကတည်းက သူသိတယ်။ ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ လေ့လာနိုင်ဖို့ သူစိတ်ရှည်ရှည်နဲ့စောင့်ခဲ့တယ်” လို့ ခင်ပွန်းဖြစ်သူ ပြောပြတယ်။ ကင်းမျှော်စင်နဲ့ နိုးလော့!မှာ ဂျွန်စိတ်ဝင်စားတဲ့ သိပ္ပံနဲ့ သဘာဝအကြောင်း ဆောင်းပါးတွေပါတယ်ဆိုရင် ခရစ္စတင်းက အဲဒါတွေကိုပြပြီး “ဒါကို ရှင်စိတ်ဝင်စားမယ်ထင်တယ်” လို့ပြောတတ်တယ်။

နောက်တော့ ဂျွန် အငြိမ်းစားယူလိုက်ပြီး ဥယျာဉ်ခြံလုပ်ငန်းလုပ်တယ်။ ဂျွန်ဟာ ဘဝနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့မေးခွန်းတွေကို စဉ်းစားဖို့ အချိန်ပိုရလာတဲ့အတွက်ကြောင့် ‘လူတွေဟာ မတော်တဆဖြစ်လာတာလား ဒါမှမဟုတ် ရည်ရွယ်ချက်တစ်ခုအတွက် ဖန်ဆင်းခံရတာလား’ လို့ စတင်စဉ်းစားလာတယ်။ တစ်နေ့မှာ ဂျွန်နဲ့ စကားစမြည်ပြောတဲ့ညီအစ်ကိုက ဂျွန်ကို “ကျမ်းစာလေ့လာကြည့်မယ်ဆိုရင် ဘယ်လိုလဲ” လို့ မေးလိုက်တယ်။ ဂျွန်က “အခု ကျွန်တော် ဘုရားသခင်ကို ယုံကြည်လာပြီဖြစ်လို့ သူ့ရဲ့ကမ်းလှမ်းမှုကို ကျွန်တော်လက်ခံလိုက်တယ်” လို့ပြောတယ်။

ခရစ္စတင်းတစ်ယောက် မျှော်လင့်ချက်ကို မစွန့်လွှတ်ဖို့ ဘယ်လောက်အရေးကြီးလိုက်သလဲ။ သူမ အနှစ် ၂၀ ကြာအောင် ဆုတောင်းပြီးတဲ့နောက်မှာ ဂျွန်တစ်ယောက် အမှန်တရားကို လက်ခံပြီး နှစ်ခြင်းခံခဲ့တယ်။ အခုဆိုရင် သူတို့နှစ်ယောက်ဟာ ယေဟောဝါကို အတူတကွ ထက်ထက်သန်သန် အမှုဆောင်နေပြီ။ “ကျွန်တော့်ကို အနိုင်ယူခဲ့တဲ့အချက်နှစ်ချက်ရှိတယ်။ အဲဒါက သက်သေခံတွေရဲ့ ကြင်နာမှုနဲ့ ရင်းနှီးဖော်ရွေမှုဖြစ်တယ်။ သင်က ယေဟောဝါသက်သေတစ်ယောက်ကို လက်ထပ်ထားတယ်ဆိုရင် သစ္စာရှိပြီး အားကိုးရတဲ့၊ တစ်ကိုယ်ကောင်းမဆန်တဲ့ အဖော်အဖက်ကို သင် ရရှိထားတာပဲ” လို့ ဂျွန်က ပြောတယ်။ မှန်ပါတယ်၊ ခရစ္စတင်းဟာ ၁ ပေတရု ၃:၁ ကိုလက်တွေ့ကျင့်သုံးခဲ့တယ်၊ တကယ်လည်း အကျိုးခံစားခဲ့ရတယ်။

နှစ်တွေကြာပြီးနောက် အပင်ပေါက်

ကျမ်းစာသင်သားတစ်ယောက်ဟာ အစပိုင်းမှာ စိတ်ဝင်စားပြီး နောက်ပိုင်းမှာ အကြောင်းတစ်ခုခုကြောင့် စိတ်မဝင်စားတော့ဘူးဆိုရင်ကော။ “နံနက်ခင်းမှာ မျိုးစေ့ကြဲပါ။ ညနေစောင်းအထိ သင့်လက်ကို အနားမပေးနဲ့။ ဘာကြောင့်လဲဆိုတော့ နံနက်ခင်းမှာကြဲတဲ့မျိုးစေ့က အပင်ပေါက်မလား၊ ညနေစောင်းမှာကြဲတဲ့မျိုးစေ့က အပင်ပေါက်မလား ဒါမှမဟုတ် နှစ်ခုစလုံးပေါက်လာမလားဆိုတာကို သင်မသိလို့ပဲ” လို့ ဘုရင် ရှောလမုန်က ရေးခဲ့တယ်။ (ဒေ. ၁၁:၆ကဘ) တစ်ခါတလေ အမှန်တရားမျိုးစေ့ အညှောက်ပေါက်ဖို့ နှစ်ပေါင်းများစွာ အချိန်ပေးရတယ်။ လူတစ်ယောက်ဟာ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ အရေးကြီးတယ်ဆိုတာ တဖြည်းဖြည်း သဘောပေါက်လာပါလိမ့်မယ်။ (ယာ. ၄:၈) တစ်နေ့နေ့မှာတော့ သင် တကယ် အံ့သြဝမ်းသာရပါလိမ့်မယ်။

အိန္ဒိယကနေ အင်္ဂလန်ကို ပြောင်းရွှေ့ခဲ့တဲ့ အဲလစ်ကို စဉ်းစားကြည့်ပါ။ ၁၉၇၄ ခုနှစ်မှာ သူကျမ်းစာ စလေ့လာခဲ့တယ်။ သူက ဟင်ဒီစကားပြောပေမဲ့ အင်္ဂလိပ်စကား တိုးတက်ချင်တယ်။ အဲလစ်ဟာ ကျမ်းစာကို နှစ်နဲ့ချီသင်ခဲ့ပြီး အင်္ဂလိပ်စကားပြော အသင်းတော်မှာ စည်းဝေးတချို့လည်း တက်ခဲ့တယ်။ သူလေ့လာနေတာက အမှန်တရားပဲဆိုတာ သူသိပေမဲ့ အဲဒါကို အလေးအနက်မထားခဲ့ဘူး။ ဒါ့အပြင် သူဟာ ငွေကိုပဲစိတ်ဝင်စားပြီး ပါတီတက်ရတာကိုလည်း နှစ်သက်တယ်။ နောက်တော့ အဲလစ် ကျမ်းစာ ဆက်မလေ့လာတော့ဘူး။

အနှစ် ၃၀ နီးပါးကြာပြီးနောက်မှာ အဲလစ်ကို ကျမ်းစာသင်ပေးခဲ့တဲ့ စတယ်လာဟာ အဲလစ်ဆီက စာတစ်စောင်ရခဲ့တယ်။ “၁၉၇၄ ခုနှစ်တုန်းက ရှင်ကျမ်းစာသင်ပေးခဲ့တဲ့သူဟာ သိပ်မကြာသေးခင်က ခရိုင်စည်းဝေးကြီးတစ်ခုမှာ နှစ်ခြင်းခံလိုက်တယ်ဆိုတာကို ရှင်သိလိုက်ရလို့ အရမ်းဝမ်းသာသွားမှာ သေချာတယ်။ ကျွန်မဘဝမှာ ရှင်ဟာ တကယ်အရေးပါတဲ့သူပါ။ ရှင်မျိုးစေ့ကြဲခဲ့တဲ့အချိန်တုန်းက ဘုရားသခင်ကို ဆက်ကပ်အပ်နှံဖို့ ကျွန်မအဆင်သင့်မဖြစ်ခဲ့ပေမဲ့ အဲဒီအမှန်တရားမျိုးစေ့ကို ကျွန်မရဲ့စိတ်နှလုံးထဲမှာ သိမ်းထားခဲ့တယ်” လို့ စာထဲမှာရေးထားတယ်။

စတယ်လာဆီ အဲလစ် ဒီလိုရေးခဲ့တယ်– “၁၉၇၄ ခုနှစ်တုန်းက ရှင်ကျမ်းစာသင်ပေးခဲ့တဲ့သူဟာ သိပ်မကြာသေးခင်က ခရိုင်စည်းဝေးကြီးတစ်ခုမှာ နှစ်ခြင်းခံလိုက်တယ်ဆိုတာကို ရှင်သိလိုက်ရလို့ အရမ်း ဝမ်းသာသွားမှာ သေချာတယ်”

ဘာဖြစ်ခဲ့လို့လဲ။ ၁၉၉၇ ခုနှစ်မှာ ခင်ပွန်းဖြစ်သူဆုံးပါးသွားလို့ သူအရမ်းစိတ်ဓာတ်ကျခဲ့တယ်လို့ အဲလစ်က ပြောပြတယ်။ သူ ဘုရားသခင်ထံ ဆုတောင်းခဲ့တယ်။ ဆယ်မိနစ်အတွင်းမှာပဲ ပန်ချာပီစကားပြော သက်သေခံနှစ်ယောက် သူ့အိမ်ရောက်လာပြီး ချစ်ရသော သေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက် ရှိသနည်းဆိုတဲ့ ဝေစာ သူ့ကိုဝေငှခဲ့တယ်။ ဒါ သူ့ဆုတောင်းချက်ရဲ့အဖြေပဲလို့ အဲလစ် ယုံကြည်ပြီး ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ကို ဘယ်မှာ သွားရှာမလဲ။ စတယ်လာပေးထားတဲ့ ပန်ချာပီအသင်းတော်လိပ်စာပါတဲ့ သူ့ရဲ့ဒိုင်ယာရီစာအုပ်အဟောင်းကို အမှတ်မထင် ပြန်တွေ့ခဲ့တယ်။ သူ အဲဒီနိုင်ငံတော်ခန်းမကိုသွားခဲ့ပြီး ပန်ချာပီညီအစ်ကိုညီအစ်မတွေက သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်။ “အဲဒီမေတ္တာကို ကျွန်မခံစားရပြီးနောက်မှာ စိတ်သက်သာရာရသွားတယ်” လို့ အဲလစ်ပြောပြတယ်။

အသင်းတော်အစည်းအဝေးတွေကို သူပုံမှန်စတက်ပြီး ကျမ်းစာပြန်လေ့လာခဲ့တယ်၊ ပန်ချာပီစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်၊ ဖတ်တတ်ဖို့ သင်ယူခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာ သူနှစ်ခြင်းခံခဲ့တယ်။ စတယ်လာကို ရေးတဲ့စာမှာ ဒီလို နိဂုံးချုပ်ထားတယ်– “လွန်ခဲ့တဲ့ ၂၉ နှစ်တုန်းက ရှင်မျိုးစေ့ကြဲခဲ့တဲ့အတွက်၊ ကျွန်မလိုက်လျှောက်ဖို့ ပုံသက်သေကောင်းပြခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။”

“လွန်ခဲ့တဲ့ ၂၉ နှစ်တုန်းက ရှင်မျိုးစေ့ကြဲခဲ့တဲ့အတွက်၊ ကျွန်မလိုက်လျှောက်ဖို့ ပုံသက်သေကောင်းပြခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။”—အဲလစ်

ဒီတွေ့ကြုံမှုတွေကနေ သင် ဘာသင်ယူနိုင်သလဲ။ လူတစ်ယောက် အမှန်တရားရဖို့ဆိုတာ သင်ထင်ထားတာထက် ပိုကြာနိုင်တယ်၊ ဒါပေမဲ့ လူတစ်ယောက်က ဘုရားသခင်ကို သိကျွမ်းချင်တယ်၊ စိတ်နှလုံးရိုးဖြောင့်တယ်၊ နှိမ့်ချမှုရှိတယ်ဆိုရင် သူ့နှလုံးထဲမှာ အမှန်တရားမျိုးစေ့ကြီးထွားလာဖို့ ယေဟောဝါ ကူညီပေးပါလိမ့်မယ်။ ယေရှုရဲ့ဥပမာထဲက အချက်ကို ပြန်သတိရပါ– “[မျိုးစေ့ကြဲသူသည်] မည်သို့ဖြစ်သည်ကို မသိဘဲ မျိုးစေ့သည် အပင်ပေါက်၍ ကြီးပွားလေ၏။ မြေကြီးသည် တဖြည်းဖြည်း အသီးသီးစေ၏။ ဦးစွာ အညှောက်ပေါက်၍ အနှံထွက်လာပြီး နောက်ဆုံးတွင် ကောက်နှံကို အောင်စေတတ်၏။” (မာ. ၄:၂၇၊ ၂၈) ဒီကြီးပွားမှုက သူ့အလိုအလျောက် တဖြည်းဖြည်း ဖြစ်လာတယ်။ တကယ်တော့ ဘယ်လိုကြီးပွားလာတယ်ဆိုတာကို နိုင်ငံတော်သတင်းကြေညာသူတိုင်းက မသိဘူး။ ဒါကြောင့် များများကြဲပါ။ များများရိတ်ရပါလိမ့်မယ်။

ဆုတောင်းဖို့အရေးကြီးတယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ ခေါ်ခီးနာနဲ့ ခရစ္စတင်းဟာ ယေဟောဝါထံ မပြတ်ဆုတောင်းခဲ့တယ်။ သင်ဟာ “ဆုတောင်းခြင်း၌စွဲမြဲ” ပြီး သင့်မျှော်လင့်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်ဘူးဆိုရင် “ရက်အတော်ကြာ” တဲ့အခါ သင့်အစာကို ရေပေါ်မှာ ပြန်တွေ့ပါလိမ့်မယ်။—ရော. ၁၂:၁၂; ဒေ. ၁၁:၁ကဘ။