မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းစွာစီစဉ်ခြင်းက အကျိုးဖြစ်ထွန်း

ကောင်းစွာစီစဉ်ခြင်းက အကျိုးဖြစ်ထွန်း

ညီအစ်မငယ် မာရီယာ အစ်ဆာဘယ်ဟာ တောင်အမေရိကမှာရှိတဲ့ ချီလီနိုင်ငံရဲ့ ဆန် ဗာနာဒိုမြို့မှာနေပြီး ဇွဲထက်သန်တဲ့ ကြေညာသူဖြစ်တယ်။ သူနဲ့ သူ့မိသားစုက မာပူချီတိုင်းရင်းသားတွေဖြစ်တယ်။ မာပူဒွန်ဂွန်လို့လည်းခေါ်တဲ့ မာပူချီဘာသာစကားပြော အသင်းတော်အသစ်တည်ထောင်ဖို့ သူတို့တစ်မိသားစုလုံး အားတက်သရာ ကူညီပေးခဲ့ကြတယ်။

ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲကို မာပူဒွန်ဂွန်ဘာသာစကားနဲ့ ကျင်းပမယ်၊ ဒါအပြင့် အဲဒီဘာသာစကားနဲ့ အောက်မေ့ရာပွဲဖိတ်စာ ၂,၀၀၀ ပုံနှိပ်ထားတာ ဝေငှဖို့ရပြီလို့ ကြေညာတဲ့အခါ မာရီယာ အစ်ဆာဘယ်အတွက် စဉ်းစားစရာပေါ်လာတယ်။ အဲဒါတွေကို ဝေငှရာမှာ သူဘယ်လို ပါဝင်ကူညီနိုင်သလဲ။ အတန်းဖော်တွေ၊ ဆရာ၊ ဆရာမတွေကို ဟောပြောသက်သေခံပြီး အောင်မြင်ခဲ့တဲ့ သက်သေခံလူငယ်လေးတွေရဲ့ တွေ့ ကြုံမှုတွေကို သူပြန်သတိရတယ်။ သူ့မိဘတွေကို အဲဒီအကြောင်းပြောပြတယ်၊ အဲဒီနောက် မာရီယာက ကျောင်းမှာ ဖိတ်စာတွေဝေငှမယ့်အစီအစဉ်ကို လုပ်ကြည့်ဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြတယ်။ မာရီယာ ဘယ်လို စီစဉ်ခဲ့သလဲ။

ဦဆုံး မာရီယာ အစ်ဆာဘယ်ဟာ ကျောင်းဝင်ပေါက်မှာ ဖိတ်စာတစ်စောင် ကပ်ဖို့အတွက် ကျောင်းတာဝန်ခံတွေဆီမှာ ခွင့်ပြုချက်တောင်းခဲ့တယ်။ သူတို့က မာရီယာရဲ့တောင်းဆိုချက်ကို ခွင့်ပြုပြီး သူ့ရဲ့အစပြုလုပ်ဆောင်မှုကို ချီးမွမ်းခဲ့တယ်။ တစ်နေ့ နာမည်စာရင်းခေါ်ဖို့ တန်းစီနေချိန်မှာ ကျောင်းအုပ်ကြီးက အောက်မေ့ရာပွဲဖိတ်စာအကြောင်းကို အသံချဲ့စက်နဲ့တောင် ကြေညာပေးခဲ့တယ်။

အဲဒီနောက် မာရီယာ အစ်ဆာဘယ်က စာသင်ခန်းအားလုံးကို သွားခွင့်ပြုဖို့ ခွင့်တောင်းခဲ့တယ်။ ဆရာတွေဆီကနေ ခွင့်ပြုချက်ရပြီးတဲ့နောက် စာသင်ခန်းတိုင်းကိုသွားပြီး အဲဒီမှာ မာပူချီတိုင်းရင်းသားကျောင်းသား ရှိ၊ မရှိမေးခဲ့တယ်။ “တစ်ကျောင်းလုံးမှာ မာပူချီလူမျိုး ၁၀ ယောက်၊ ၁၅ ယောက်လောက်ပဲရှိမယ်လို့ ကျွန်မထင်တာ။ ဒါပေမဲ့ ကျွန်မထင်တာထက်ပိုများတယ်၊ ဖိတ်စာ ၁၅၀ တောင်ဝေငှခဲ့ရတယ်” လို့သူပြောပြတယ်။

“လူကြီးတစ်ယောက်ယောက်နဲ့ တွေ့ရမယ်လို့ သူထင်နေတာ”

အမျိုးသမီးတစ်ယောက်က ကျောင်းဝင်ပေါက်မှာကပ်ထားတဲ့ ဖိတ်စာကိုတွေ့တော့ ဒါနဲ့ပတ်သက်ပြီး ဘယ်သူ့ဆီမှာ စုံစမ်းရမလဲလို့ မေးတယ်။ ဆယ်နှစ်အရွယ် မိန်းကလေးတစ်ယောက်ဆီ လမ်းညွှန်လိုက်လို့ အဲဒီအမျိုးသမီး ဘယ်လောက်အံ့သြသွားမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ “လူကြီးတစ်ယောက်ယောက်နဲ့ တွေ့ရမယ်လို့ သူထင်နေတာ” ဆိုပြီး မာရီယာ အစ်ဆာဘယ်က ခပ်ပြုံးပြုံးလေးနဲ့ ပြန်ပြောပြတယ်။ မာရီယာ အစ်ဆာဘယ်က အဲဒီအမျိုးသမီးကို အကြောင်းအရာအတိုချုပ်ရှင်းပြပြီး ဖိတ်စာတစ်စောင်ပေးခဲ့တယ်၊ အဲဒီအပြင် သူနဲ့သူ့မိဘတွေ အဲဒီအမျိုးသမီးဆီကို ပြန်လည်ပတ်ပြီး ဘုရားသခင့်နိုင်ငံတော်အကြောင်း ပိုရှင်းပြလို့ရအောင် လိပ်စာတောင်းခဲ့တယ်။ အဲဒီအမျိုးသမီးနဲ့အတူ တခြားစိတ်ဝင်စားသူ မာပူချီလူမျိုး ၂၆ ယောက် အောက်မေ့ရာပွဲတက်ရောက်တာကို ကြည့်ပြီး မာပူဒွန်ဂွန် ဘာသာစကားပြောရပ်ကွက်မှာ အမှုဆောင်နေကြတဲ့ ကြေညာသူ အယောက် ၂၀ ဟာ ဘယ်လောက်တောင် ဝမ်းသာလိုက်ကြမလဲ။ အခုဆိုရင် အဲဒီအုပ်စုဟာ တိုးတက်တဲ့အသင်းတော်ဖြစ်နေပြီ။

သင့်အသက် ဘယ်လောက်ပဲဖြစ်ပါစေ အတန်းဖော်တွေ၊ အလုပ်ဖော်တွေကို အောက်မေ့ရာပွဲ၊ လူထုဟောပြောချက်နဲ့ ခရိုင်စည်းဝေးကြီးတွေ တက်ရောက်ဖို့ အဲဒီလို အစပြုဖိတ်ခေါ်နိုင်မလား။ အောင်မြင်တဲ့ အစီအစဉ်တစ်ခုကို ဘယ်လိုလုပ်ရမလဲဆိုတာ အကြံဉာဏ်ရဖို့ ကျွန်ုပ်တို့ရဲ့ စာပေတွေမှာပါတဲ့ တွေ့ ကြုံမှုတွေမှာ ရှာကြည့်ပါ။ ကိုယ်တော့်အကြောင်း သတ္တိရှိရှိ ပြောဆိုနိုင်ဖို့ သန့်ရှင်းသောစွမ်းအားတော်ပေးပါလို့လည်း ယေဟောဝါထံ ဆုတောင်းနိုင်ပါတယ်။ (လု. ၁၁:၁၃) အဲဒီလိုလုပ်မယ်ဆိုရင် သင်ကောင်းစွာစီစဉ်ပြီး ကြိုးစားအားထုတ်တဲ့အတွက် ရလဒ်ကောင်းတွေရတာကို တအံ့တသြတွေ့ရမှာဖြစ်ပြီး ခွန်အားလည်းရမှာဖြစ်တယ်။