မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒါက သူ့အလိုလိုဖြစ်လာနိုင်ပါ့မလား

အနက်ရောင် မီးပိုးတောင်မာရဲ့ အာရုံခံကိရိယာ

အနက်ရောင် မီးပိုးတောင်မာရဲ့ အာရုံခံကိရိယာ

တောမီးလောင်တဲ့အခါ တိရစ္ဆာန်အများစုက ထွက်ပြေးကြပေမဲ့ မီးပိုးတောင်မာတွေကတော့ အဲဒီနေရာကို ရောက်လာကြတယ်။ လောလောလတ်လတ် မီးလောင်ခံထားရတဲ့ သစ်ပင်တွေဟာ ဒီအင်းဆက်ပိုးလေးတွေအတွက် ဥ,ဥဖို့ အကောင်းဆုံးနေရာ ဖြစ်လို့ပါ။ ဒါ့အပြင် မီးက သူတို့ကိုရန်မူတဲ့ သားကောင်တွေကို မောင်းထုတ်လိုက်ပြီ ဖြစ်တဲ့အတွက် အန္တရာယ်မရှိဘဲ အစာရှာ၊ မိတ်လိုက်ပြီး ဥ,ဥနိုင်စေတယ်။ ဒါပေမဲ့ ဒီအနက်ရောင် မီးပိုးတောင်မာတွေဟာ တောမီးလောင်တဲ့နေရာကို ဘယ်လို ရှာတွေ့ကြတာလဲ။

အနီအောက်ရောင်ခြည်ကို အာရုံခံနိုင်တဲ့ ပိုးတောင်မာရဲ့ အာရုံခံအင်္ဂါ

သုံးသပ်ကြည့်ပါ– သူတို့ရဲ့ အလယ်ခြေထောက်နားမှာ တောမီးကနေ ထုတ်လွှတ်တဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အနီအောက်ရောင်ခြည်ကို အာရုံခံနိုင်တဲ့အင်္ဂါ ရှိတယ်။ တောမီးကလာတဲ့ အနီအောက်ရောင်ခြည်ဟာ အဲဒီအာရုံခံအင်္ဂါမှာ အပူဓာတ်ဖြစ်ပေါ်စေပြီး ဒီအကောင်ငယ်လေးတွေကို မီးတောက်ရှိတဲ့ဘက် လမ်းညွှန်ပေးတယ်။

ဒီအကောင်လေးတွေမှာ နောက်ထပ် အာရုံခံကိရိယာတွေ ရှိသေးတယ်။ သူတို့ကြိုက်တဲ့အပင် မီးလောင်တဲ့အခါ အဲဒီကထွက်လာပြီး လေထဲလွင့်လာတဲ့ ဓာတုဓာတ်ပစ္စည်း ပမာဏအနည်းငယ်ကို သူတို့ရဲ့ ဦးမှင်တွေက အာရုံခံနိုင်တယ်။ တချို့သုတေသီတွေရဲ့ အဆိုအရ အဲဒီဦးမှင်တွေက မီးခိုးထွက်နေတဲ့ သစ်ပင်တစ်ပင်ကို မိုင်ဝက်အကွာကနေ ထောက်လှမ်းသိရှိနိုင်တယ်။ သူတို့ရဲ့ အာရုံခံနိုင်စွမ်းတွေကို ပေါင်းစပ်အသုံးပြုပြီး မိုင် ၃၀ အကွာက တောမီးကို အာရုံခံနိုင်စွမ်းရှိတယ်။

သုတေသီတွေက အနီအောက်ရောင်ခြည်နဲ့ မီးကို အာရုံခံနိုင်တဲ့ပစ္စည်းတွေကို ပိုအဆင့်မြင့်မြင့် ထုတ်လုပ်ဖို့ အနက်ရောင် မီးပိုးတောင်မာရဲ့ အာရုံခံအင်္ဂါတွေနဲ့ ဦးမှင်ကိုကြည့်ပြီး လုပ်ဆောင်နေကြတယ်။ လောလောဆယ် အသုံးပြုနေတဲ့ အဆင့်မြင့် အနီအောက်ရောင်ခြည် အာရုံခံကိရိယာတွေက အအေးခန်းမှာပဲ သုံးနိုင်တယ်။ ဒါကြောင့် အခန်းအပူချိန်မှာ သုံးနိုင်တဲ့ အာရုံခံကိရိယာ ထုတ်လုပ်ဖို့ ဒီအကောင်လေးက အကူအညီပေးနိုင်တယ်။ မီးလောင်တာ ဟုတ်မဟုတ် ပိုပြီးခွဲခြားနိုင်တဲ့ ကိရိယာတွေ၊ တောမီးလောင်လို့ ထွက်တဲ့ ဓာတုဓာတ်ပစ္စည်းလား၊ တခြား ဓာတုဓာတ်ပစ္စည်းလားဆိုတာကို သိစေနိုင်တဲ့ ကိရိယာတွေကို ထုတ်လုပ်ဖို့ ပိုးတောင်မာရဲ့ ဦးမှင်တွေက အင်ဂျင်နီယာတွေကို စိတ်ကူးဉာဏ် ရစေတယ်။

အနက်ရောင် မီးပိုးတောင်မာလေး ဥ,ဥဖို့ နေရာလိုက်ရှာတဲ့ ထူးခြားတဲ့ နည်းလမ်းကို သုတေသီတွေ အံ့သြနေကြပါတယ်။ “ဒီလိုနည်းနဲ့ ဥ,ဥနိုင်စွမ်း သူ့ဆီမှာ ဘယ်လိုရှိလာသလဲ” ဆိုပြီး အမေရိကန်နိုင်ငံ ကောနီလ်တက္ကသိုလ်က ပိုးတောင်မာလေ့လာတဲ့ ပညာရှင် အီး. ရစ်ချက် ဟိုဘီခီ ကမေးတယ်။ သူ ဒီလိုလည်း ပြောသေးတယ်– “အံ့ဩစရာကောင်းပြီး ရှုပ်ထွေးတဲ့ အာရုံခံကိရိယာတွေရှိတဲ့ အင်းဆက်ပိုးလေးတွေအကြောင်း ကျွန်တော်တို့ သိထားတဲ့ အသိပညာက ဘယ်လောက်နည်းသလဲဆိုတာ စဉ်းစားသာကြည့်ပါတော့။”

သင် ဘယ်လိုထင်သလဲ။ အနက်ရောင် မီးပိုးတောင်မာရဲ့ တောမီးလောင်တာကို သိနိုင်စွမ်းက သူ့အလိုလို ဖြစ်လာနိုင်မလား။ ဒါမှမဟုတ် စနစ်တကျ ပုံစံရေးဆွဲပြီး ပြုလုပ်ခံထားရတာလား။