မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ​ကို ယုံကြည်​စိတ်ချ​ရသည့် အကြောင်းရင်း​များ

၄။ သိပ္ပံ​ဆိုင်ရာ တိကျ​မှန်ကန်မှု

၄။ သိပ္ပံ​ဆိုင်ရာ တိကျ​မှန်ကန်မှု

မျက်မှောက်ခေတ် သိပ္ပံ​ပညာ​သည် များစွာ​တိုးတက်လာ​သဖြင့် သီအိုရီ​အဟောင်း​များနေ​ရာ​တွင် အသစ်များ​က အစားဝင်​ရောက်လာ​ခဲ့​၏။ ယခင်​က အမှန်​ဟု​လက်ခံခဲ့​ကြသော​အရာ​ကို ယခု ဒဏ္ဍာရီ​အဖြစ် ရှုမြင်ကြ​ပေမည်။ သိပ္ပံ​ပြဋ္ဌာန်း​စာအုပ်​များသည် ပြန်လည်​ပြင်ဆင်​ဖို့ လိုအပ်​လေ့​ရှိ၏။

သမ္မာကျမ်းစာ​သည် သိပ္ပံ​ပြဋ္ဌာန်း​စာအုပ်​တစ်အုပ်​မဟုတ်ပါ။ သို့သော် သိပ္ပံ​ဆိုင်ရာ​ကိစ္စရပ်​များနှင့်​ပတ်သက်​လာ​လျှင် သမ္မာကျမ်းစာ​တွင် သိပ္ပံ​ပညာ​နှင့်​ကိုက်ညီ​သည့်​အရာများ​သာ ပါရှိ​ပြီး မကိုက်ညီ​သည့်​အရာများ​မပါ​ရှိသည်​မှာ မှတ်သားဖွယ်​ကောင်း​လှ​သည်။

သိပ္ပံ​ပညာ​နှင့်​မကိုက်ညီ​သော ရှုမြင်ချက်များ​မပါ​ရှိ။

ရှေး​အချိန်​က လူတို့သည် လွဲမှား​သော​ယုံကြည်ချက်များ​ကို လက်ခံခဲ့​ကြ​၏။ ကမ္ဘာ​မြေကြီး​သည် ပြား​၏၊ ကိုင်တွယ်​၍​ရသော ဒြပ်​ဝတ္ထု​များ​က ကမ္ဘာ​ကို ထောက်မ​ထား​၏​ဟူ၍ ရှုမြင်ခဲ့​ကြသည်။ ရောဂါ​ကူးစက်​မှု​နှင့် ကာကွယ်​မှု​အကြောင်း သိပ္ပံ​ပညာ​မသိ​ရှိ​မီ ကြာမြင့်စွာ​ကတည်းက ဆရာဝန်​များသည် ထိရောက်​မှုမရှိ​သည့်​အပြင် အချို့​ကိစ္စ​များ​တွင် သေစေနိုင်​သော ဆေး​ကုသ​နည်း​များ​ကို​ပင် အသုံးပြု​ခဲ့​ကြ​၏။ သို့သော် အခန်းပေါင်း ၁,၁၀၀ ကျော်​ရှိသည့် သမ္မာကျမ်းစာ​တွင် သိပ္ပံ​ပညာ​နှင့်​မကိုက်ညီ​သည့်​ရှုမြင်ချက် သို့​မဟုတ် အန္တရာယ်​ရှိသော​ကုသ​နည်း တစ်စုံတစ်ရာ ကို တစ်ခါမျှ မထောက်ခံ​ထား​ချေ။

သိပ္ပံ​ပညာ​နှင့်​ညီညွတ်သော ဖော်ပြချက်များ။

လွန်ခဲ့သော​နှစ်ပေါင်း ၃,၅၀၀ ခန့်​က သမ္မာကျမ်းစာ​တွင် ကမ္ဘာ​မြေကြီး​သည် “အခု​အခံ​မရှိ” တွဲ​လွဲ​ဖြစ်နေ​သည်​ဟု ဖော်ပြ​ထား​၏။ (ယောဘ ၂၆:၇) ဘီစီ ရှစ်ရာစု​တွင် ဟေရှာယ​သည် “မြေကြီး​စက် [သို့​မဟုတ် စက်လုံး]” ဟု ရှင်းရှင်းလင်းလင်း ဖော်ပြ​ခဲ့​၏။ (ဟေရှာယ ၄၀:၂၂) လုံးဝန်း​သော​ကမ္ဘာ​မြေကြီး​သည် မြင်နိုင်​သော​အရာ​တစ်ခုခု​၏ ထောက်မမှု​မပါဘဲ လွတ်လပ်​လ​ဟာ​တွင် တည်ရှိ​နေခြင်း​က ခေတ်​သစ်​သိပ္ပံ​ပညာ​၏​ဖော်ပြချက်​နှင့် ကိုက်ညီ​နေရာ ထူးခြား​လှ​ပါ​သည်။

ဘီစီ ၁၅၀၀ ခန့်​တွင်​ရေးသားခဲ့​သည့် မောရှေ​ပညတ် (သမ္မာကျမ်းစာ​၏ ပထမ​ဆုံး​ကျမ်း​ငါး​စောင်​တွင် တွေ့ရှိ​ရ) တွင် လူနာ​ကို​သီးခြား​ထားခြင်း၊ အသေကောင်​များ​ကို ကိုင်တွယ်​ခြင်း၊ အညစ်အကြေး​စွန့်​ခြင်း​တို့​နှင့်​စပ်​လျ​ဉ်း​သော အမှားကင်း​သည့်​ပညတ်​များ​ပါရှိ​သည်။—ဝတ်ပြုရာ ၁၃:၁-၅; တောလည်ရာ ၁၉:၁-၁၃; တရားဟောရာ ၂၃:၁၃၊ ၁၄

အလွန်​အားကောင်း​သော အဝေးကြည့်​မှန်ပြောင်း​များ​ဖြင့် ကောင်းကင်​ကို လေ့လာ​စူးစမ်း​ကြည့်​ရာ စကြဝဠာ​သည် ရုတ်တရက် ဖြစ်ပေါ်​လာ​ကြောင်း သိပ္ပံ​ပညာရှင်​များ​က ကောက်ချက်​ချ​ခဲ့​ကြသည်။ ယင်း​ကောက်ချက်​ကို သိပ္ပံ​ပညာရှင်​အားလုံး​က လက်မခံကြ​ချေ။ ပါမောက္ခ​တစ်ဦး​က ဤသို့​မှတ်ချက်ချ​ခဲ့​၏– “စကြဝဠာ​သည် မူလ​အကြောင်းတရား​ရှိ​ရန် လိုအပ်​ပုံ​ရ၏; အဘယ်ကြောင့်​ဆို​သော် လုံလောက်​သော​အကြောင်းတရား​မရှိဘဲ​နှင့် ဤမျှ​အကျိုး​သက်ရောက်မှု ရှိ​နိုင်​ပါ​မည်​လော။” သို့သော် အဝေးကြည့်​မှန်ပြောင်း​မပေါ်မီ ကြာမြင့်စွာ​ကတည်းက သမ္မာကျမ်းစာ​၏ ပထမ​ဆုံး​အခန်းငယ်​တွင် ဤသို့ ရှင်းရှင်းလင်းလင်း ဖော်ပြ​ထား​သည်– “အစအဦး​၌ ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီးကို ဖန်ဆင်း​တော်​မူ​၏။”—ကမ္ဘာဦး ၁:၁

ခေတ်​ရှေ့ပြေး​သည့် သမ္မာကျမ်းစာ​တွင် ကမ္ဘာ​မြေကြီး​သည် လုံးဝန်း​ပြီး “အခု​အခံ​မရှိ” တွဲ​လွဲ​နေကြောင်း မှန်ကန်​စွာ​ဖော်ပြ​ထား

သမ္မာကျမ်းစာ​သည် ရှေးကျ​သော​စာအုပ်​တစ်အုပ်​ဖြစ်​ပြီး အကြောင်းအရာ​များစွာ ဖော်ပြ​ထား​သော်လည်း သိပ္ပံ​ပညာ​နှင့်​မကိုက်ညီ​သည့်​အချက်များ မပါ​ရှိ​ချေ။ ယင်း​သို့​သော​စာအုပ်​ကို ကျွန်ုပ်​တို့ ဆင်ခြင်​သုံးသပ်ထိုက်​သည်မဟုတ်​လော။ *

^ အပိုဒ်၊ 9 သမ္မာကျမ်းစာ​၏ သိပ္ပံ​ဆိုင်ရာ တိကျ​မှန်ကန်မှု​နှင့်​ပတ်သက်သော ထပ်ဆင့်​ဥပမာ​များ​ကို ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် လူ​ခပ်သိမ်း​အတွက် စာအုပ်​တစ်အုပ် ဘရိုရှာ​၏ စာမျက်နှာ ၁၈-၂၁ တွင်​ရှု။