မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ ပြောဆို​ရာ

သမ္မာကျမ်းစာ ပြောဆို​ရာ

“ကောင်းကင်​နဲ့ မြေကြီးကို ယေဟောဝါဘုရား ဖန်ဆင်း​တဲ့​နေ့မှာ ကောင်းကင်​နဲ့ မြေကြီး ဖြစ်ပေါ်​လာပုံ သမိုင်းကြောင်း။” (ကမ္ဘာဦး ၂:၄) ကမ္ဘာ​ဂြိုဟ် ဖြစ်ပေါ်​လာပုံ​ကို သမ္မာကျမ်းစာ​က အထက်ပါ​အတိုင်း ရှင်းပြ​ထား​တယ်။ သမ္မာကျမ်းစာ​အဆို​နဲ့ သိပ္ပံ​ပညာ တွေ့ရှိချက်​တွေ ကိုက်ညီ​သလား။ ဥပမာ တချို့​ကို သုံးသပ်ကြည့်​ပါ။​

အစအဦး– ကောင်းကင်​နဲ့ မြေကြီးကို ဖန်ဆင်း

စကြဝဠာ​ဟာ အစဉ်အဆက် တည်ရှိ​ခဲ့​သလား

ကမ္ဘာဦး ၁:၁ မှာ “အစအဦးမှာ ဘုရားသခင်​က ကောင်းကင်​နဲ့ မြေကြီးကို ဖန်ဆင်း​တယ်” လို့​ ဆိုတယ်။

၁၉၅၀ ပြည့်နှစ် မတိုင်ခင်​အထိ နာမည်ကြီး သိပ္ပံပညာရှင်​တွေ​က စကြဝဠာ​ဟာ အစဉ်အဆက် တည်ရှိ​ခဲ့တယ်​လို့ ယုံကြည်​ကြတယ်။ ဒါပေမဲ့ လတ်တလော ရှာဖွေ​တွေ့ရှိချက်​တွေ​အရ စကြဝဠာ​မှာ အစ​ရှိတယ်လို့ သိပ္ပံ​ပညာရှင် အများစု အသိအမှတ် ပြု​လာကြပြီ။

အစတုန်း​က ကမ္ဘာ​မြေကြီး​ဟာ ဘာနဲ့​ တူ​သလဲ

ကမ္ဘာဦး ၁:၂၊ ၉ မှာ မြေကြီး​ဟာ ရေပြင် ဖုံးလွှမ်း​နေပြီး “ပုံစံ မ​ပီပြင်​သေး​ဘူး။ လဟာပြင်​ကြီး ဖြစ်​နေတယ်” လို့ ဖော်ပြ​ထား​တယ်။

အဲဒီ​ဖော်ပြချက်​ကို လတ်တလော သိပ္ပံ​တွေ့ရှိချက်​တွေ​က ထောက်ခံတယ်။ ဇီဝ​ဗေဒ​ ပညာရှင် ပက်ထရစ်​ရှီး​က ကမ္ဘာ​ဂြိုဟ်​နဲ့​ပတ်သက်ပြီး ဒီလို​ဆိုတယ်– “အောက်ဆီဂျင် လုံးဝ​ မရှိ၊ ရှူ​လို့​ မရတဲ့ လေထု​နဲ့ အစ​ပြုပြီး . . . သိပ္ပံ​ရုပ်ရှင်​ထဲ​က မြင်ကွင်း​တစ်ခု​နဲ့ တူ​နေတယ်။” မဂ္ဂဇင်း​တစ်စောင် (Astronomy) က ဒီလိုဆိုတယ်– “ရှာဖွေ​တွေ့ရှိချက် အသစ်​အရ ရှေးဟောင်း​ကမ္ဘာ​ဟာ ကုန်းမြေ မမြင်​ရသလောက် ရေပြင်​နဲ့ ဖုံးလွှမ်း​နေတယ်။”

အချိန်​ကြာ​လာတာ​နဲ့​အမျှ လေထု ဘယ်လို ပြောင်းလဲ​သွား​သလဲ

ကမ္ဘာဦး ၁:၃-၅ အရ အစပိုင်း​မှာ လေထု​က သိပ်​သည်း​နေလို့ မြေကြီးပေါ် အလင်း မှိန်ပျပျ​ပဲ ရှိတယ်။ နောက်ပိုင်း​မှာ ကမ္ဘာ​ကနေ နေ​နဲ့ လ​ကို ရှင်းရှင်းလင်းလင်း မြင်တွေ့​ရတယ်။—ကမ္ဘာဦး ၁:၁၄-၁၈

ကမ္ဘာ​ပေါ်​က သက်ရှိ​တွေ​ကို တစ်ရက်​မှာ ၂၄ နာရီ​စီ ရှိတဲ့ ခြောက်​ရက်​အတွင်း ဖန်ဆင်း​ခဲ့တယ်​လို့ ကျမ်းစာ မဆို

အစပိုင်း​မှာ လေထု​ကြောင့် ကမ္ဘာ​ပေါ်မှာ အလင်း မှိန်ပျပျ​ပဲ ရှိတယ်လို့ စ​မ​စ်​ဆို​နီ​ယံ သဘာဝ​ ပတ်ဝန်းကျင် လေ့လာရေး​ ဌာန​က ဆိုတယ်။ “မီ​သိန်း​ဓာတ်ငွေ့​တွေ​က ကမ္ဘာ​မြေကြီးကို ဖုံးလွှမ်း​ထား​တယ်။” နောက်ပိုင်း “မီ​သိန်း​ဓာတ်ငွေ့​တွေ ပြယ်သွားပြီး ကောင်းကင်​က အပြာရောင် သန်း​လာတယ်” လို့ ဆိုတယ်။

ကမ္ဘာ​ပေါ်မှာ သက်ရှိ​တွေ ဘယ်လို အစဉ်လိုက် ဖြစ်ပေါ်​လာသလဲ

ကမ္ဘာဦး ၁:၂၀-၂၇ မှာ ငါး​တွေ၊ ငှက်​တွေ၊ ကုန်း​သတ္တဝါ​တွေ​ကို ဖန်ဆင်း​တယ်၊ နောက်ဆုံး​မှ လူကို ဖန်ဆင်း​တယ်လို့ ဆိုတယ်။ ပထမဦးဆုံး နို့တိုက်​သတ္တဝါ​တွေ မရှိ​ခင် ငါး​တွေ ဖြစ်ပေါ်​လာတယ်၊ အတော်ကြာ​ပြီး​မှ လူ​ဖြစ်လာ​တယ်လို့ သိပ္ပံ​ပညာရှင်​တွေ ဆို​ကြတယ်။​

သက်ရှိ​တွေ​ဟာ အချိန်​ကြာ​လာတာ​နဲ့​အမျှ မပြောင်းလဲ​နိုင်ဘူး​လို့ သမ္မာကျမ်းစာ မဆို

သမ္မာကျမ်းစာ မပြောတဲ့​အရာ

သမ္မာကျမ်းစာ​ဟာ သိပ္ပံ​ပညာ နောက်ဆုံး တွေ့ရှိချက်​တွေနဲ့ မကိုက်ညီ​ဘူးလို့ လူတချို့ ပြော​ကြတယ်။ အဲဒါက သမ္မာကျမ်းစာ အဆိုကို နားလည်မှု လွဲ​နေတာပါ။

စကြဝဠာ ဒါမှ​မဟုတ် ကမ္ဘာ​မြေကြီး​ရဲ့ သက်တမ်းဟာ အနှစ် ၆,၀၀၀ ပဲ​ ရှိသေးတယ်လို့ သမ္မာကျမ်းစာ မဆိုဘူး။ “အစအဦးမှာ” စကြဝဠာ​နဲ့ မြေကြီးကို ဖန်ဆင်း​တယ်လို့​ပဲ ဆို​ထား​တယ်။ (ကမ္ဘာဦး ၁:၁) အစအဦး​က အချိန် ဘယ်လောက်​ ကြာ​တယ်​ဆိုတာ ကျမ်းစာ မဖော်ပြဘူး။

ကမ္ဘာ​ပေါ်​က သက်ရှိ​တွေ​ကို တစ်ရက်​မှာ ၂၄ နာရီစီ​ ရှိတဲ့ ခြောက်​ရက်​အတွင်း ဖန်ဆင်း​ခဲ့တယ်​လို့ သမ္မာကျမ်းစာ မဆို​ဘူး။ သမ္မာကျမ်းစာ​မှာ သုံး​ထား​တဲ့ “နေ့” ရက်​ဆိုတာ အချိန်ကာလ​တစ်ခု​ကို ရည်ညွှန်း​တာ​ ဖြစ်တယ်။ ဥပမာ၊ ကမ္ဘာဂြိုဟ်နဲ့ ကမ္ဘာပေါ်က သက်ရှိတွေကို ဖန်ဆင်းတဲ့ ဖန်ဆင်း​ခြင်း ခြောက်ရက်ကို “ကောင်းကင်​နဲ့ မြေကြီးကို ယေဟောဝါ * ဘုရား ဖန်ဆင်း​တဲ့​ နေ့” ဆိုပြီး ကမ္ဘာဦးကျမ်း အခန်းကြီး ၁ မှာ ဖော်ပြ​ထား​တယ်။ (ကမ္ဘာဦး ၂:၄) ဘုရားသခင်​က ဖန်ဆင်း​ရာ​နေ့ ခြောက်​ရက်​အတွင်းမှာ သက်ရှိ​တွေ​ နေဖို့ ကမ္ဘာ​ကို ပြင်ဆင်​တယ်၊ သက်ရှိ​တွေ​ကို ဖန်ဆင်း​တယ်။ အဲဒီ​နေ့ တစ် “နေ့” စီ​ဟာ အချိန်​အတော်ကြာ​တဲ့ ကာလရှည်​တစ်ခု ဖြစ်တယ်။

သက်ရှိ​တွေ​ဟာ အချိန်​ကြာ​လာတာ​နဲ့​အမျှ မပြောင်းလဲ​နိုင်ဘူး​လို့ သမ္မာကျမ်းစာ မဆို​ဘူး။ ကမ္ဘာဦး​ကျမ်း​မှာ တိရစ္ဆာန်​တွေ​ကို “အမျိုး​အလိုက်” ဖန်ဆင်း​တယ်လို့ ဖော်ပြ​ထား​တယ်။ (ကမ္ဘာဦး ၁:၂၄၊ ၂၅) “အမျိုး​အလိုက်” ဆို​တဲ့ ကျမ်းစာ အသုံးအနှုန်းဟာ သိပ္ပံ​ ဝေါဟာရ မဟုတ်ပါဘူး။ သက်ရှိ​အမျိုးမျိုးကို ဆိုလို​ပုံ​ရတယ်။ ဒါကြောင့် “အမျိုး” တစ်မျိုး​ထဲမှာ မျိုး​ကွဲ​တွေ၊ မျိုးစိတ်တွေ ပါဝင်​နိုင်တယ်။ အချိန်​ကြာ​လာတဲ့အခါ ဒေသ​တစ်ခု​မှာ တွေ့ရတဲ့ “အမျိုး” တစ်မျိုး​ထဲ​ကနေ မျိုး​ကွဲ​တွေ၊ မျိုးစိတ်တွေ ထပ်​ပေါ်လာ​နိုင်တယ်။

သင် ဘယ်လို​ ထင်​သလဲ

အထက်မှာ ဖော်ပြ​ထား​တဲ့​အတိုင်း သမ္မာကျမ်းစာ​မှာ စကြဝဠာ အစပြု​ပုံ၊ ကမ္ဘာ​မြေကြီး​ရဲ့ မူလ​အခြေအနေ၊ သက်ရှိ​တွေ ဖြစ်ပေါ်​လာပုံ​နဲ့​ပတ်သက်ပြီး ရိုးရိုးရှင်းရှင်း၊ တိတိကျကျ ဖော်ပြ​ထား​တယ်။ ဒါဆိုရင် ဒီ​အရာ​တွေ အားလုံး​ကို ဖန်ဆင်း​တဲ့​ အရှင်​အကြောင်း သမ္မာကျမ်းစာ​မှာ တိတိကျကျ ဖော်ပြ​ထား​မယ် မဟုတ်လား။ ဒါ​ကြောင့် “သက်ရှိ​တွေ​ရဲ့ မူလအစ​ဟာ သဘာဝလွန်​ ဖြစ်ရပ်​ဆိုပြီး ယူမှတ်တာ​က ခေတ်​သစ် သိပ္ပံ​ပညာ ရှာဖွေ​တွေ့ရှိချက်​တွေ​နဲ့ မ​ကွဲလွဲ​ဘူး” လို့ ဗြိတိန်နီကာ စွယ်စုံ​ကျမ်း​က ဆိုတယ်။ *

^ အပိုဒ်၊ 17 ယေဟောဝါ​ဆိုတာ သမ္မာကျမ်းစာ​မှာ ဖော်ပြ​ထား​တဲ့ ဘုရားသခင့်​နာမည် ဖြစ်တယ်။

^ အပိုဒ်၊ 20 သက်ရှိ​တွေ​ဟာ ဖန်ဆင်း​ခံရတယ်​ဆို​တဲ့ အယူအဆကို ဗြိတိန်နီကာ စွယ်စုံ​ကျမ်း​က ထောက်ခံ​နေတာ မဟုတ်ပါဘူး။