မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နိနဝေ​မြို့မှာ ခမ်းနား​ကြီးကျယ်​တဲ့ အဆောက်အအုံ​တွေ ရှိ

သင် သိပါသလား

သင် သိပါသလား

ယောန​ခေတ်​ပြီး​နောက် နိနဝေ​မြို့ကြီး ဘာ​ဖြစ်သွား​သလဲ

ဘီစီ ခု​နစ် ရာစု​လောက်​မှာ အဆီးရီးယား​ဟာ ကမ္ဘာ့​အကြီးဆုံး အင်ပါယာ ဖြစ်​လာတယ်။ “အနောက်ဘက် ဆိုက်​ပ​ရပ်ကနေ အရှေ့ဘက် အီရန်​အထိ ကျယ်ပြန့်​တယ်။ အီဂျစ်​ပြည်​ကိုတောင် အချိန်​အတိုင်းအတာ တစ်ခု​ထိ အုပ်ချုပ်​ခဲ့တယ်” လို့ ဗြိတိသျှ ပြတိုက် ဝက်ဘ်ဆိုက်​တစ်ခု​မှာ ဖော်ပြ​ထား​တယ်။ မြို့တော် နိနဝေ​ဟာ ကမ္ဘာ့​အကြီးဆုံး​မြို့ ဖြစ်​ခဲ့​တ​ယ်။ ခမ်းနား​ကြီးကျယ်​တဲ့ အဆောက်အအုံ​တွေ၊ ပန်းခြံ​တွေ၊ နန်းတော်​တွေ၊ စာကြည့်တိုက်​တွေ ရှိတယ်။ ရှေး​နိနဝေ​မြို့ နံရံ​ပေါ် ရေးထွင်း​ထား​တဲ့ စာ​တွေ​မှာ ဘုရင် အာရှုဗာနိပါလ်​ဟာ တခြား အဆီးရီးယား ဘုရင်​တွေ​လို​ပဲ ကိုယ့်ကိုယ်ကိုယ် “တစ်လောက​လုံး​ရဲ့ ရှင်ဘုရင်” လို့ ခေါ်ထား​တယ်။ အဆီးရီးယား​နဲ့ နိနဝေ​ဟာ မ​ရှုံးနိမ့်​နိုင်​တဲ့ အခြေအနေ ရှိခဲ့​ပုံ​ပဲ။

တန်ခိုး​အာဏာ ကြီးမား​တဲ့ အဆီးရီးယား ကမ္ဘာ့​အင်ပါယာ​ဟာ တစ်ချိန်က ကမ္ဘာ​ပေါ်မှာ သျှမ်းသျှမ်း​တောက် အင်ပါယာ ဖြစ်​ခဲ့

အဆီးရီးယား​တွေ တန်ခိုး​အာဏာ အကြီးမားဆုံး ဖြစ်​ချိန်မှာ ယေဟောဝါရဲ့ ပရောဖက် ဇေဖနိ​က ‘အဆီးရီးယား​ကို [ယေဟောဝါ] ဖျက်ဆီး​မယ်။ နိနဝေ​မြို့ကို ဖျက်ဆီး​မှာ​ ဖြစ်လို့ ကန္တာရ​လို ခြောက်သွေ့​သွားမယ်’ လို့ ကြို​ဟောတယ်။ ယေဟောဝါရဲ့ ပရောဖက် နာဟုံ​လည်း ‘ငွေ​ကို လုယက်​ကြ။ ရွှေ​ကိုလည်း လုယက်ကြ။ . . . မြို့က ဟာလာဟင်းလင်း ဖြစ်သွား​ပြီ။ လူ​သူ​ကင်းမဲ့​ပြီး ပျက်စီး​သွားပြီ။ . . . မြင်​သူ​တိုင်း​က မင်း​ဆီကနေ ထွက်ပြေး​ပြီး “နိနဝေ​မြို့ ပျက်စီး​သွားပြီ” လို့ ပြော​လိမ့်မယ်’ ဆိုပြီး ကြို​ဟောတယ်။ (ဇေ. ၂:၁၃။ နာ. ၂:၉၊ ၁၀။ ၃:၇) အဲဒီ​ကြို​ဟောချက်​တွေ​ကို ကြား​တဲ့​အခါ ‘ဘယ်လို ဖြစ်​နိုင်​မှာ​လဲ။ ဒီလောက် တန်ခိုး​အာဏာ​ကြီး​တဲ့ အဆီးရီးယား​ကို ဘယ်သူ အောင်နိုင်​မှာ​လဲ’ လို့ လူတွေ စဉ်းစားမိ​မှာပဲ။

နိနဝေ​မြို့ လူ​သူ​ကင်းမဲ့ ပျက်စီး​သွား

ဒါပေမဲ့ မဖြစ်​နိုင်တာ ဖြစ်​ခဲ့တယ်။ ဘီစီ ခု​နစ် ရာစု ကုန်ခါနီးမှာ အဆီးရီးယား​ကို ဗာဗုလုန်​နဲ့ မီးဒီးယား​တွေ အောင်နိုင်​ခဲ့တယ်။ နောက်ဆုံး၊ နိနဝေ​မြို့ လူ​သူ​ဆိတ်​သုဉ်း ပျက်စီး​သွားတယ်။ “ကျမ်းစာ​ထဲမှာ ပါ​လို့​သာ နိနဝေ​မြို့​အကြောင်း လူတွေ သိ​ကြ​တာ” လို့ နယူးယောက် အနုပညာ ပြတိုက် ထုတ်ဝေတဲ့ စာပေ​တစ်ခု​မှာ ဖော်ပြ​ထား​တယ်။ ၁၈၀၀ ပြည့်လွန်​နှစ်တွေ အစောပိုင်းမှာ “အဆီးရီးယား​ရဲ့ မြို့တော်ကြီး တကယ် တည်ရှိ​ခဲ့​သလား​ဆိုတာ ဘယ်သူမှ မသိကြ​တော့​ဘူး” လို့ ကျမ်းစာ ရှေးဟောင်း​ သုတေသန အဖွဲ့အစည်း​က ပြော​တယ်။ ၁၈၄၅ မှာ​တော့ နိနဝေ​မြို့ အပျက်အယွင်း​တွေ​ကို ရှေးဟောင်း​ သုတေသန ပညာရှင် အော်စတင် ဟန်နရီ လေး​ယာ့ဒ် စတင် တူးဖော်​တွေ့ရှိ​တယ်။ ရှာဖွေ​တွေ့ရှိ​မှု​တွေ​က နိနဝေ​မြို့ဟာ တစ်ချိန်က ကြီးကျယ်​ခမ်းနား​တဲ့ မြို့​ ဖြစ်​မှန်း သက်သေထူ​တယ်။

နိနဝေ​မြို့​နဲ့​ပတ်သက်​တဲ့ ကြို​ဟောချက်​တွေ အတိအကျ ပြည့်စုံ​တာ​က ဒီနေ့​ခေတ် နိုင်ငံရေး ဆုံးခန်း​နဲ့​ပတ်သက်​တဲ့ ကျမ်းစာ​ကြို​ဟောချက်​တွေ ပြည့်စုံ​မယ်​ဆိုတဲ့ ယုံကြည်​စိတ်ချမှု ခိုင်မာ​စေတယ်။—ဒံ. ၂:၄၄။ ဗျာ. ၁၉:၁၅၊ ၁၉-၂၁