မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သတိနဲ့ စောင့်နေကြပါ

လူမှုရေးသိတတ်တဲ့ သဘောထား ဘာဖြစ်သွားပြီလဲ—ကျမ်းစာအဆိုက ဘာလဲ

လူမှုရေးသိတတ်တဲ့ သဘောထား ဘာဖြစ်သွားပြီလဲ—ကျမ်းစာအဆိုက ဘာလဲ

 လူမှုရေးကျင့်ဝတ် လိုက်နာသူတွေ နည်းပါးလာတယ်။ ဆရာဝန်တွေကို မိုက်မိုက်ရိုင်းရိုင်း ပြန်ပြောတဲ့ လူနာတွေ၊ စားသောက်ဆိုင် ဝန်ထမ်းတွေကို မလေးမစားဆက်ဆံတဲ့ စားသုံးသူတွေ၊ လေယာဉ်မောင်/မယ် တွေကိုစော်ကား၊ ရမ်းကားတဲ့ ခရီးသည်တွေ၊ ဆရာ/မ တွေကို လှောင်ပြောင်၊ ခြိမ်းခြောက်၊ ကိုယ်ထိလက်ရောက် စော်ကားတတ်တဲ့ ကျောင်းသားတွေရှိတယ်။ ဒါ့အပြင် နိုင်ငံရေးသမားအများစုက ဂုဏ်သိက္ခာကို အလေးပေးကြပေမဲ့ တချို့ကတော့ နောက်ကွယ်မှာ သိက္ခာမဲ့တဲ့ လုပ်ရပ်တွေ လုပ်နေကြတယ်။

 ယဉ်ကျေးရည်မွန်စွာ ပြုမူနေထိုင်နိုင်ပုံနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်ကောင်းတွေကို သမ္မာကျမ်းစာမှာ တွေ့နိုင်တယ်။ ဒီနေ့လူတွေ လူမှုရေးခေါင်းပါးလာရတဲ့ အကြောင်းအရင်းကိုလည်း ကျမ်းစာမှာ ဖော်ပြထားတယ်။

လူမှုရေးသိတတ်တဲ့ သဘောထား ဘာဖြစ်သွားပြီလဲ

 ကိုယ်ကျင့်တရား ကောင်းမွန်တဲ့၊ ယဉ်ကျေးတဲ့၊ နှစ်သက်ဖွယ်ကောင်းတဲ့ အပြုအမူတွေကို ကမ္ဘာတစ်ဝန်းမှာ မတွေ့ရတော့သလောက်ပဲ။

  •    မကြာသေးခင်က အမေရိကန်နိုင်ငံမှာ ကောက်ယူခဲ့တဲ့ လူထုသဘောထား စစ်တမ်းအရ အမေရိကန်မှာရှိတဲ့ လူတွေရဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေက လွန်ခဲ့တဲ့ ၂၂ နှစ်အတွင်း အနိမ့်ကျဆုံး အခြေအနေရောက်နေတယ်လို့ သိရတယ်။

  •    နိုင်ငံပေါင်း ၂၈ နိုင်ငံက လူပေါင်း ၃၂,၀၀၀ ကျော်ကို စစ်တမ်းကောက်ကြည့်တဲ့အခါ ၆၅ ရာခိုင်နှုန်းက ဒီနေ့ခေတ်လောက် လူမှုရေးခေါင်းပါးတဲ့အချိန် မရှိဖူးဘူးလို့ ဖြေကြတယ်။

 ဒီလို အပြုအမူတွေ ကျွန်တော်တို့ မြင်ရမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။

  •    “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ . . . ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ” တွေ ဖြစ်ကြလိမ့်မယ်။—၂ တိမောသေ ၃:၁-၃၊ ယုဒသန်ကျမ်း။

 ဒီကြိုဟောချက်တွေ ဘယ်လိုပြည့်စုံနေလဲ ထပ်သိနိုင်ဖို့ “အခုခေတ် လူတွေရဲ့ သဘောထားနဲ့ လုပ်ရပ်တွေအကြောင်း ကျမ်းစာ ကြိုဟောထားသလား” ဆောင်းပါးကို ဖတ်ပါ။

လူမှုရေးသိတတ်တဲ့ သဘောထားနဲ့ပတ်သက်တဲ့ ယုံကြည်စိတ်ချရတဲ့ လမ်းညွှန်

 လူမှုရေး ခေါင်းပါးလာတဲ့ခေတ်မှာတောင် သန်းနဲ့ချီတဲ့သူတွေဟာ သမ္မာကျမ်းစာပါ လမ်းညွှန်မှုတွေကြောင့် ကောင်းမွန်စွာ ပြုမှုနေထိုင်နေကြတယ်။ ကျမ်းစာထဲက ကိုယ်ကျင့်တရား အကြံဉာဏ်တွေကို “အခုရော၊ နောင်ရော အမြဲစိတ်ချနိုင်တယ်။” (ဆာလံ ၁၁၁:၈) ဥပမာတချို့ကို ကြည့်ရအောင်။

  •    ကျမ်းစာအဆို။ “ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။”—မဿဲ ၇:၁၂

     အဓိပ္ပာယ်။ ကြင်ကြင်နာနာ၊ လေးလေးစားစား ဆက်ဆံခံရတာ ကျွန်တော်တို့ကြိုက်နှစ်သက်သလို၊ ကိုယ်တိုင်ကလည်း တခြားသူတွေကို အဲဒီအတိုင်း ဆက်ဆံသင့်တယ်။

  •    ကျမ်းစာအဆို။ “ခင်ဗျားတို့ဟာ ကိုယ်အင်္ဂါချင်းတွေပဲ။ ဒါကြောင့် လိမ်လည်ပြောဆိုတာကို ဖယ်ရှားပြီး အချင်းချင်း မှန်တဲ့စကားကိုပဲ ပြောကြပါ။”—ဧဖက် ၄:၂၅

     အဓိပ္ပာယ်။ ကျွန်တော်တို့ရဲ့ အပြောအဆို၊ အပြုအမူတိုင်းမှာ ရိုးသားမှုတင်ပြသင့်တယ်။

 ဒီအကြောင်းထပ်သိချင်ရင်