မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှေးခေတ် တံဆိပ်တုံးဆိုတာ ဘာလဲ

ရှေးခေတ် တံဆိပ်တုံးဆိုတာ ဘာလဲ

 တံဆိပ်တုံးဆိုတာ ပျော့ပျောင်းတဲ့ ရွှံ့စေး၊ ဖယောင်းပေါ်မှာ တံဆိပ်နှိပ်ဖို့ ထွင်းထားတဲ့ ပစ္စည်းအသေးလေး ဖြစ်တယ်။ ကတော့ပုံ၊ လေးထောင့်ပုံ၊ ဒလိမ့်တုံးပုံ၊ တိရစ္ဆာန်ခေါင်းပုံတို့ အပါအဝင် တံဆိပ်တုံးပုံစံ အမျိုးမျိုး ရှိတယ်။ တံဆိပ်တုံး နှိပ်လိုက်တာက ပိုင်ရှင်ရှိကြောင်း၊ စာရွက်စာတမ်း တရားဝင်ဖြစ်ကြောင်း သက်သေပြတာ ဖြစ်တယ်။ တံခါးပေါက်တွေ၊ အုတ်ဂူအဝတွေမှာ ခွင့်ပြုချက် မရှိဘဲ ဝင်ထွက်ခြင်း မရှိအောင်၊ အိတ်တွေ မဖွင့်အောင် တံဆိပ် နှိပ်ပြီး ချိပ်ပိတ်ထားကြတယ်။

ပါးရှားဘုရင် ဒါရိမင်း ၁ အမဲလိုက်နေတဲ့ ဒလိမ့်တုံးပုံတံဆိပ်တုံးနဲ့ တံဆိပ်နှိပ်ထားတဲ့ ရွှံ့စေးတုံး

 တံဆိပ်တုံးတွေကို အရိုး၊ ထုံးကျောက်၊ သတ္တု၊ အလှဆင်ကျောက်၊ သစ်သား စတဲ့ ပစ္စည်းအမျိုးမျိုးနဲ့ ပုံဖော်ပြုလုပ်ကြတယ်။ ပိုင်ရှင်နာမည်နဲ့ ဖခင်နာမည်ကို တံဆိပ်တုံးတွေမှာ ထွင်းထားတတ်တယ်။ တံဆိပ်တုံးတချို့မှာ ပိုင်ရှင်ရဲ့ ဘွဲ့ရာထူးကိုလည်း ဖော်ပြထားတယ်။

 စာရွက်စာတမ်း အစစ်အမှန်ဖြစ်ကြောင်း သက်သေပြဖို့ တံဆိပ်တုံးပိုင်ရှင်က စာရွက်စာတမ်းနဲ့ တွဲချည်ထားတဲ့ ရွှံ့စေး၊ ဖယောင်း ဒါမှမဟုတ် ပျော့ပျောင်းတဲ့ အရာတွေပေါ်မှာ မိမိရဲ့ တံဆိပ်တုံး ခတ်နှိပ်တတ်တယ်။ (ယောဘ ၃၈:၁၄) ခြောက်ပြီး မာတောင့်သွားရင် စာရွက်စာတမ်းတွေကို တော်ရုံနဲ့ ဖျက်ဆီးလို့ မရတော့ဘူး။

အခွင့်အာဏာကို အပ်နှင်းဖို့ တံဆိပ်တုံးတွေကို အသုံးပြုကြ

 ပိုင်ရှင်က တခြားတစ်ယောက်ကို မိမိရဲ့တံဆိပ်တုံး ပေးပြီး အခွင့်အာဏာ လွှဲအပ်နိုင်တယ်။ ဥပမာအနေနဲ့ ရှေးခေတ် အီဂျစ်ဘုရင် ဖာရောမင်းနဲ့ ဟီဘရူးလူမျိုး ယာကုပ်သား ယောသပ်တို့အကြောင်း သုံးသပ်ကြည့်နိုင်တယ်။ ယောသပ်ဟာ အီဂျစ်ပြည်မှာ ကျွန် ဖြစ်ခဲ့တယ်။ နောက်ပိုင်း မတရား ထောင်ချခံရတယ်။ တစ်နေ့မှာ ဖာရောဘုရင်က ယောသပ်ကို ထောင်ကနေ ထုတ်ပြီး ဝန်ကြီးချုပ်ရာထူးကို အပ်နှင်းလိုက်တယ်။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်- “အဲဒီနောက် ဖာရောမင်းက သူ့တံဆိပ်လက်စွပ်ကို ချွတ်ပြီး ယောသပ်ကို စွပ်ပေးတယ်။” (ကမ္ဘာဦး ၄၁:၄၂) တရားဝင် တံဆိပ်လက်စွပ် ဖြစ်တာကြောင့် ယောသပ်ဟာ အရေးကြီးတာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အာဏာ ရရှိသွားပြီ။

 ရှေးခေတ် အစ္စရေးပြည်ရဲ့ မိဖုရား ယေဇဗေလက နာဗုတ်ဆိုတဲ့လူတစ်ယောက်ကို သတ်ဖို့ ကြံစည်တဲ့အခါ ခင်ပွန်းဖြစ်သူ ဘုရင်ရဲ့ တံဆိပ်ကို အသုံးပြုခဲ့တယ်။ ဘုရင်အာဟပ်ရဲ့ နာမည်နဲ့ မြို့အကြီးအကဲတချို့ဆီ ယေဇဗေလ စာရေးတယ်။ အပြစ်မဲ့တဲ့ နာဗုတ်ကို ဘုရားသခင်ကို ကျိန်ဆဲမှုနဲ့ စွပ်စွဲပြီး ကွပ်မျက်ခိုင်းလိုက်တယ်။ စာတွေမှာ ဘုရင့်တံဆိပ်တုံး နှိပ်ထားတာကြောင့် သူ့ရဲ့ယုတ်မာတဲ့အကြံအစည် အောင်မြင်သွားတယ်။—၁ ဘုရင်များ ၂၁:၅-၁၄

 ပါးရှားဘုရင် အာရွှေရုက အမိန့်တော်စာ မှန်ကန်ကြောင်း မိမိလက်စွပ်နဲ့ တံဆိပ်နှိပ်ပေးလိုက်တယ်။—ဧသတာ ၃:၁၀၊ ၁၂

 အစ္စရေး မှူးမတ်တွေ၊ လေဝိအမျိုးသားတွေ၊ ပုရောဟိတ်တွေက ကတိခံဝန်ချက်ကို မိမိတို့ရဲ့ တံဆိပ်တုံးတွေနဲ့ နှိပ်ပြီး လက်ခံအတည်ပြုကြောင်း ဖော်ပြကြတယ်လို့ ကျမ်းရေးသူ နေဟမိ ရေးသားထားတယ်။—နေဟမိ ၁:၁။ ၉:၃၈

 တံဆိပ်တုံးတွေကို အသုံးပြုပြီး အဝင်အထွက် စောင့်ကြပ်ခိုင်းတဲ့ ဖြစ်ရပ်နှစ်ခုကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ပရောဖက် ဒံယေလကို ခြင်္သေ့တွင်းထဲ ပစ်ချပြီးနောက် “တွင်းဝကို ကျောက်တုံးနဲ့ ပိတ်လိုက်တယ်။” မီးဒီးယားနဲ့ ပါးရှား ရှင်ဘုရင် ဒါရိမင်းက ‘ဒံယေလနဲ့ပတ်သက်ပြီး ဘာအပြောင်းအလဲမှ မလုပ်နိုင်ဖို့ အဲဒီကျောက်တုံးပေါ်မှာ သူ့ရဲ့တံဆိပ်လက်စွပ်၊ မှူးမတ်တွေရဲ့ တံဆိပ်လက်စွပ်နဲ့ တံဆိပ်ခတ်လိုက်တယ်။’—ဒံယေလ ၆:၁၇

 ယေရှုခရစ်ရဲ့ ရုပ်အလောင်းကို သင်္ချိုင်းဂူမှာ ထည့်ပြီးနောက်မှာ ဂူဝဆီ ကျောက်တုံးကြီး လှိမ့်လာပြီး တံဆိပ်နှိပ် ချိပ်ပိတ်လိုက်ကြတယ်။ (မဿဲ ၂၇:၆၆) ရောမအစိုးရက တရားဝင်တံဆိပ် နှိပ်ခိုင်းတာဆိုရင် “ဂူအဝမှာ ပိတ်ထားတဲ့ ကျောက်တုံးကြီးကြား ဟနေတဲ့နေရာမှာ ရွှံ့စေး၊ ဖယောင်းနဲ့ ချိပ်ပိတ်လိုက်တာ ဖြစ်နိုင်တယ်” လို့ ဒေးဗစ် တာနာက မဿဲအနက်ဖွင့်ကျမ်းမှာ ဖော်ပြတယ်။

 ရှေးခေတ် တံဆိပ်တုံးတွေကြောင့် အတိတ်ရာဇဝင်အကြောင်း သိရှိနိုင်တဲ့အတွက် ရှေးဟောင်း သုတေသနပညာရှင်တွေနဲ့ သမိုင်းပညာရှင်တွေက အဲဒီတံဆိပ်တုံးတွေကို အလွန်စိတ်ဝင်စားနေကြတယ်။ ဒါကြောင့် တံဆိပ်တုံးတွေကို လေ့လာမှုဟာ အရေးပါတဲ့ ပညာရပ်တစ်ခု ဖြစ်လာပါပြီ။